(က)-သတ္တုတွင်းဝန်ကြီးဌာနသည် ရွှေတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်သောကုမ္ပဏီများနှင့်ပတ်သက်၍ အကြွေး သစ်များပေးသွင်းရန် ကုမ္ပဏီများထပ်မံတိုး လာခြင်းရှိ၊မရှိ/ကြွေးကျန်ကုမ္ပဏီများအပေါ်အရေး ယူ ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို သိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွ

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၄)ရက်မြောက်နေ့ (၁၀.၃.၂၀၁၅)

ဦးကျော်ခိုင်ဝင်း (မယ်စဲ့)သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ရွှေတူးဖော်ခြင်းလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများမှ ၂၈-၁-၂၀၁၅ ရက်နေ့အထိ ရရန်ရွှေစင် ကြွေးကျန် ၈၆၆၇၇.၆၄ ကျပ်သန်း ကျန်ရှိပြီး ၁၅-၇-၂၀၁၄ ရက်နေ့ စာရင်းစစ် တွေ့ရှိချက်အရ ၉၆၁၃၆.၉၆ ကျပ်သန်းဖြစ်သဖြင့် ၉၄၅၉.၃၂ ကျပ်သန်း (၈၆၆.၇၇ ပိဿာ ) သာ တိုးတက်ကောက်ခံရရှိသည်အတွက် နိုင်ငံတော်အတွက် အလွန်နစ်နာလျက်ရှိသည့်အတွက် မိမိအနေဖြင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ (က) ၁၅-၇-၂၀၁၄ ရက်နေ့နောက်ပိုင်းတွင် ကြွေးသစ်များပေးသွင်းရန် ကုမ္ပဏီများ ထပ်မံတိုးလာခြင်းရှိ/မရှိ၊ (ခ) ၁၅-၇-၂၀၁၄ ရက်နေ့မှ ယနေ့အထိ ကြွေးကျန်ကုမ္ပဏီများအပေါ် အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေ၊ (ဂ) အကြွေးမပေးနိုင်သောကုမ္ပဏီတချို့ ဖျက်သိမ်းခြင်း၊ အမည်သစ်များဖြင့် ပြန်လည် လျှောက်ထား တူးဖော်ခြင်း စသည့်အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်
အဖြေ

သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်ကိုယ်စားလှယ်တော်ကြီး၏ ပထမမေးခွန်းနှင့် ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းအနေဖြင့် ရွှေအသေးစားတူးဖော်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျှောက် ထားသော ကုမ္ပဏီများကို လုပ်ကွက်တစ်ကွက်ကို ခွင့်ပြုသက်တမ်း တစ်နှစ်နှင့် သတ်မှတ် ရွှေစင် ၂၄ ကျပ်သား ကြိုတင်ပေးသွင်းစေသောစနစ်ကို စာချုပ်ချုပ်ဆိုလုပ်ကိုင် ခွင့်ပြုခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်ကာလ အတွက် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပြီး ၁၀-၂-၂၀၁၅ ရက်စွဲပါ စစ်ဆေးချက်အစီရင်ခံစာအရ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရွှေပေးသွင်းရန်ကုမ္ပဏီများ ထပ်မံတိုးလာခြင်းမရှိကြောင်း မရှိသည့်အတွက် ၁၅-၇-၂၀၁၄ ရက်နေ့ နောက်ပိုင်းတွင် အကြွေးသစ်များပေးသွင်းရန် ကုမ္ပဏီများ ထပ်မံတိုးလာခြင်းမရှိပါကြောင်း။

ကိုယ်စားလှယ်တော်ကြီး၏ ဒုတိယမေးခွန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀-၈-၂၀၁၃ ရက်နေ့အထိ စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ ပေးသွင်းရန် ရွှေကြွေးကျန် စုစုပေါင်း ၁၀၇၂၁၀.၉၀ ကျပ်သား ရှိခဲ့သော်လည်း ၂၃-၂-၂၀၁၅ ရက်နေ့တွင် ရွှေကြွေးကျန်စုစုပေါင်း ၈၅၆၂၅.၄၈ ကျပ်သားသာ ကျန်ရှိသည့်အတွက်အတွက်ကြောင့် အဆိုပါကာလအတွင်း ၂၁၅၈၅.၄၂ ကျပ်သား ကောက်ခံရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊         ပေးသွင်းရန်ကျန်ရှိသော ရွှေစင် ၈၅၆၂၅.၄၈ ကျပ်သား အနက် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၊ ရွှေမိုးယံကုမ္ပဏီ၊ အာရှကမ္ဘာမြေ ကုမ္ပဏီတို့၏ စာရင်းစစ်အစီရင်ခံစာအရ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင် ၅၃၃၄၂.၁၇ ကျပ်သားနှင့် ပတ်သက်ပြီး ကုမ္ပဏီသုံးခုက မူလစာချုပ်ပါ သတ်မှတ်ရွှေစင်များ ပေးသွင်းနိုင်ရန် သတ္တုတွင်း ထူထောင်ရန် အချိန် လုံလောက်မှု မရှိခြင်း၊ အဆင့်မြင့်နည်းပညာများနှင့် ရင်းနှီးမြှုပ်နှံမှု  အခက်အခဲများရှိခြင်းတို့ကြောင့် မူလစာချုပ်ကို ပြင်ဆင် ချုပ်ဆိုနိုင်ရန် အသနားခံ တင်ပြခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မူလစာချုပ်သက်တမ်းကို ငါးနှစ်မှ ရှစ်နှစ်အထိ တိုးမြှင့်ပေးရန် ဒုတိယအကြိမ် ပြင်ဆင်ချက် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါကြောင်း၊ ထိုစာချုပ်အရ ကုမ္ပဏီသုံးခုအနေဖြင့် နိုင်ငံတော်တွင် စုစုပေါင်း ပေးသွင်းရမည့် ရွှေစင်ပမာဏနှင့် ပေးသွင်းရမယ့်ကာလကို ပြောင်းလဲမှုမရှိဘဲ ၁-၄-၂၀၁၄ ရက်နေ့မှစ၍ လစဉ်ရွှေပေးသွင်း ရမည့် လျာထားချက်များအတိုင်း ပေးသွင်းစေပြီး သတ်မှတ် သက်တမ်း ရှစ်နှစ်အတွင်း အပြီးအပြတ် ပေးသွင်းစေခြင်းဖြင့် ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ် ပေးသွင်းရန် ကျန် ရွှေစင်များကိုပါ ပေးသွင်းသွားရ မည်ဖြစ်ပါကြောင်းနှင့်  ထို့သို့ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် အပြီးသတ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

အသေးစားကုမ္ပဏီများကို နှစ်အဆက်ဆက်ပေးသွင်းရန်ကျန် ရွှေစင်များမှ စာရင်းရှင်းလင်း ပယ်ဖျက် နိုင်ရန်အတွက် ဝန်ကြီးဌာနမှ နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြမှုကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက သတ္တုတွင်းဝန်ကြီးဌာန၏ စီမံဆောင်ရွက်ရန်အတွက် လမ်းညွှန် မှုပြုခဲ့ပါကြောင်း၊  ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ပေးမှုအရ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ်(၄၄/၈၆) ပြဋ္ဌာန်းချက်များပါအတိုင်း          လုပ်ထုံးလုပ်နည်းများနှင့် အညီ စာရင်း ရှင်းလင်းပယ်ဖျက်ရန် စုံစမ်းစစ်ဆေးအဖွဲ့များ ဖွဲ့စည်းစစ်ဆေးခြင်း၊ ပေးသွင်းရန် တာဝန်ရှိသည့် ရွှေများကို ကုမ္ပဏီများသို့ ကောက်ခံခြင်း၊ ပေးသွင်းခြင်းမရှိသောကုမ္ပဏီများကို တရား ဥပဒေများအရ အရေးယူခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်း စသည့် နည်းလမ်းလေးသွယ်ပါအချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊

 ကိုယ်စားလှယ်တော်ကြီး၏ တတိယမေးခွန်းနှင့်ပတ်သက်၍ ကြွေးကျန်ပေးသွင်းနိုင်ခြင်းမရှိသော ကုမ္ပဏီများကို နည်းလမ်းလေးသွယ်ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ကုမ္ပဏီ အမည် သစ်ဖြင့် ပြန်လည်လျှောက်ထားတူးဖော်ခြင်းများ မရှိစေရေးအတွက်လည်း ကြွေးကျန်ရှိသော ကုမ္ပဏီများ၏ Board of Director စာရင်းဝင်သူများကို ကုမ္ပဏီသစ်များတွင် ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိပါက ကုမ္ပဏီတာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံ၍ ကြွေးကျန်ရွှေစင်များ ပေးသွင်းရေးအတွက်ကို ထိန်းချုပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အခြားလုပ်ငန်းများ ဆောင်ရွက်ခွင့်ကို ထိန်းချုပ်ကြပ်မတ်စိစစ်နိုင်ရေး အတွက်လည်း အမည်ပျက်ရှိသူများကို ဦးစီဌာနလုပ်ငန်းများသို့ ကြွေးကျန်ရှိကုမ္ပဏီများနှင့် ဒါရိုက်တာအဖွဲ့ဝင်များစာရင်းကို ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ်တိုင်း ရွှေစင် လျာထားချက်များကို ရရှိအောင် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း ပြန်လည်ဖြေကြားပါသည်။