မိမိသည် လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်မဲဆန္ဒနယ်တို့မှ ပတ်ဝန်းကျင်ကျေးရွာအုပ်စုများ တွင် နေထိုင်ကြသော ကျေးရွာ မိဘပြည်သူ များနှင့်တွေ့ဆုံခဲ့ရာတွင် မိဘပြည်သူများမှ နယ်မြေဒေသအခြေအနေပေါ်မူတည်၍ မိမိတို့ ကျေးရွာများသို့ ကောင်းမွန်စွာ သွားလာနိုင်ရန် ကိုယ့်အားကိုယ်ကိုး ကျေးရွာသွားမြေသားလမ်း၊ ကျေးရွာချင်း ဆက်မြေသားလမ်းများကို ဖောက်လုပ်ခဲ့ကြ ပါကြောင်း၊ ယခုအခါ နယ်မြေဒေသအတွင်း တည်ငြိမ် အေးချမ်းလာပြီဖြစ်ပါ၍ မိမိတို့ကျေးရွာနေ မိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ တရားဥပဒေစိုးမိုးနိုင်ရန် ၊ဒေသတွင်းဆင်းရဲမှု ၊ နွမ်းပါးမှုလျော့ချနိုင်ရန်နှင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိသော စိုက်ပျိုးရေးထွက်ကုန်များ ကိုသယ်ယူရာတွင် လျင်မြန်စွာ ဝင်ထွက်သွားလာ လှုပ်ရှားနိုင်ရန် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်လျက် မိမိတို့ကိုယ့်အားကိုယ်ကိုး ဖောက်လုပ် ထားသောမြေသားလမ်းများကို ကျောက်ချော လမ်းခင်း ပေးပါရန် ဒေသခံများမှ ဆန္ဒရှိကြပါကြောင်း၊ ထို့ကြောင့် (က) ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ မိုင်းပွန်ဒေသမှ နားယမ်းကျေးရွာအုပ်စု အတွင်းရှိ ပြည်ဟေးရွာ၊ နားလယ်ရွာ၊ တွန်ဟိုင်းရွာ၊ တောင်ကြီးဖေးရွာ၊ ကောင်းမှုဘွာရွာ၊ မန်းဟင်ဘင် ရွာ၊ နမ့်မှော်ခမ်းရွာ၊ ဆိတ်နန်းရွာ၊ ကြူဆောင်းလမ်းရွာ၊ နားယမ်းရွာတို့နှင့် ကုန်းပတ်ရွာအထိ ကိုယ့်အား ကိုယ်ကိုးဖောက်လုပ် ထားသောမြေသားလမ်းအားလည်းကောင်း၊ (ခ) ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမှ တောင်နောက် ကျေးရွာအုပ်စု အတွင်းရှိ နောင်ဟင့်ရွာ၊ တောင်နောက်ရွာ ၊ နောင်ယာဆိုင်းကျေးရွာအထိ ကိုယ့်အားကိုကိုးဖောက်လုပ်ထားသော မြေသားလမ်းအားလည်းကောင်း၊ (ဂ) တောင်ကြီး-လွိုင်လင်ပြည်ထောင်စုကားလမ်းမှ ပန်ဝိုးကျေးရွာအုပ်စု ပန်ဝိုးရွာ၊ ဟွေ့ဟောက်ရွာ ၊ နောင်တောင်းရွာ၊ နောင်ဟူးကျေးရွာ၊ လွိုင်လင်- ပင်လုံကားလမ်းအထိ ကိုယ့်အားကိုယ်ကိုးဖောက် လုပ်ထားသော မြေသားလမ်းအားလည်းကောင်း၊ (ဃ) ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံဒေသမှ ပန်မုန့်ရွာ၊ ကာဖီရွာ၊ ကြူပေါ် ရွာ၊ ကြူနိမ့်ရွာ၊ ကောင်းပုံရွာ၊ ထိကဒူးရွာ၊ လွိုင်မွတ်ရွာ၊ နားချီးရွာ၊ နားတစ်ရွာနှင့် ဆနင်းရွာသွား ကိုယ့်အားကိုယ်ကိုးဖောက်လုပ်ထားသော မြေသားလမ်းတို့အား ကျောက်ချောလမ်းခင်းပေးရန်။ (င) ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် မိုင်းပွန်ဒေသမှ ဆင်ခြေဖုံးကျေးရွာအုပ်စု လုံအောင်ရွာ သွား ကျောက်ချောလမ်းပေါ်ရှိ တံတားများနှင့် ရေပြွန်များအား တည်ဆောက်ပေးရန်တို့ကို အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
မိုင်းပွန်ဒေသမှ နားယမ်းကျေးရွာအုပ်စုအတွင်းရှိ ကုန်းပတ် ကျေးရွာအထိ ကျေးရွာချင်း ဆက်လမ်းမှာ အရှည် ၂၄ မိုင် မြေသား လမ်းဖြစ်ပြီး ကျောက်ချောခင်းပါက ငွေကျပ် ၁၃၈၄.၀၈ သန်း၊တောင်ကြီး- လွိုင်လင် ပြည်ထောင်စုလမ်းမှ တောင် နောက်ကျေး ရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာအထိလမ်း အရှည် ၆ မိုင်ရှိ မြေသားလမ်း ကို ကျောက်ချောခင်းပါက ငွေကျပ် ၃၄၆.၀၂ သန်း၊ တောင်ကြီး- လွိုင်လင် ပြည်ထောင်စုလမ်းမှ ပန်ဝိုးကျေးရွာအုပ်စု၊ နောင်ဟူးကျေးရွာ၊ လွိုင်လင်- ပင်လုံကားလမ်းအထိ အရှည် ၃ မိုင် ၆ ရှိ မြေသားလမ်းကို ကျောက်ချောခင်းရန် ၂၁၆.၂၆ သန်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံဒေသ၊ နားတစ်ကျေးရွာနှင့် ဆနင်းကျေးရွာ အထိ ကိုယ့်အား ကိုယ်ကိုးမြေသားလမ်းကို ကျောက်ချောခင်းပေးရန် ကျပ် ၁၃၂၆.၄၁ သန်း ကုန်ကျမည်ဖြစ် ပါကြောင်း၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်ဒေသမှ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မိုင်းပွန်- လုံအောင်ကျေးရွာသွား ကျောက်ချောလမ်းပေါ်ရှိ တံတားနှင့်ရေပြွန်များ တည်ဆောက်ပေးရန်နှင့်စပ်လျဉ်း၍ အဆိုပါလမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သက်ဆိုင်သော မိုင်းပွန်- မိုင်းဆိပ်လမ်းပိုင်းတွင် ပါဝင်နေသည့်အတွက် မိမိတို့၏ စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်ရန်ပုံငွှေကျပ် စုစုပေါင်း ၈၉၃၅.၂၂၃ သန်းဖြင့် ကတ္တရာလမ်း ၃၂ မိုင် ၁ ဖာလုံ၊ ကျောက်ချောလမ်း ၆၇ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၁၅၆ မိုင်၊ သစ်သားတံတား ၃၁၄၃ ပေနှင့် ရေပြွန် ၂၁၀၀ ပေ ဆောင်ရွက် ရန်ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ လွိုင်လင်မြို့နယ်အတွင်းတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ရန်ပုံ ငွေကျပ် ၁၀၁.၉၅ သန်းဖြင့် မိုင်းပွန်- ပန်လျှမ်းလမ်း ကျောက်လမ်း ၂ မိုင် ၄ ဖာလုံကို လျာထားခွင့်ပြုခဲ့ ပြီးလည်းဖြစ်သောကြောင့် လွိုင်လင်မြို့ နယ်အတွင်းကျေးလက်လမ်း ၄ လမ်းအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လျာထားရေးဆွဲထားခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
