(ဈ)-ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာရှိ ကျေး ရွာကျောင်းတက်လမ်းအားကျောက်ချောလမ်းအဖြစ် ခင်းကျင်းပေးနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၇.၂.၂၀၁၄)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် လမ်းမကြီး ၃ သွယ်နှင့် လမ်းခွဲ ၁၆ ခုရှိပြီး ပင်မပေ ၁၆၀၀ ထိ ကျောင်းတက်လမ်း ၁ လမ်းရှိပြီး ကျေးရွာ အတွင်းရှိလမ်းများကို ကျေးရွာအစီအစဉ်ဖြင့် နှစ်စဉ်ပြုပြင်ကြရ ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကွန်ကရစ်တံတား ၃ စင်းကို ကျေးရွာလူထု၏ ထည့်ဝင်ငွေဖြင့် တိုးချဲ့ ပြုလုပ်ခဲ့သော်လည်း ရွာပြင်ရှိ ကျောင်းတက်လမ်းကို လုပ်ကိုင်နိုင်စွမ်း မရှိသဖြင့် မြေသား လမ်းအဖြစ်သာ ပြုပြင်နိုင်ခဲ့ကြောင်း၊ ယခုအခါ ၎င်းလမ်းသည် မြေသား လမ်းသာဖြစ်ပြီး မိုးရာသီတွင် ကျောင်းသားကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာနေမိဘပြည်သူများနှင့် တိုက်နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသကြသောလူနာများမှာ ရွံ့ဗွက်အိုင်များတွင် သွားလာရေး အခက်အခဲ ကြုံတွေ့နေရသဖြင့် ကျောက်ချောလမ်းအဖြစ် ခင်းကျင်းပေးနိုင်ပါက  ပြည်သူများအတွက် အဆင်ပြေချောမွေ့သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာကျောင်းတက် လမ်းအား ကျောက်ချောလမ်း အဖြစ်ခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ဆောင် ရွက်ပေးနိုင်မည်နှင့် မရှိပါက မည်သည့်အခက်အခဲကြောင့် အကောင်အထည်ဖော် မပေးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး
အဖြေ

ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ ကျောင်းတက်လမ်း ၃ဖာလုံ မြေသားလမ်းကို ရာသီမရွေး သွားလာစေရန် ကျောက်ချောလမ်းခင်းပါက ငွေကျပ် ၂၁.၁၆၂ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၆၀၁၃.၄၀၇ သန်းဖြင့် ကတ္တရာလမ်း ၁၆ မိုင် ၁ ဖာလုံ၊ ကျောက်ချောလမ်း ၂၇ မိုင် ၅ ဖာလုံ၊ ‌မြေသားလမ်း ၇၇ မိုင် ၆ ဖာလုံ၊ သစ်သားတံတား ၁၇၂၉ ပေ၊ ရေပြွန် ၁၀၂၀ ပေတို့အား ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ရန် လျာထား ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ရသေ့တောင်မြို့နယ်တွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ကျပ် ၇၄.၀၂၈ သန်းဖြင့် စေတီပြင်လမ်း ကတ္တရာလမ်း ၂ ဖာလုံ၊ လောင်းချောင်း- သံချောင်းလမ်း ကျောက်လမ်း ၄ ဖာလုံ၊ မြေသားလမ်း ၁ မိုင် ၄ ဖာလုံ နှင့် သစ်သားတံတား ၂၀ ပေ၊ ရေပြွန် ၁၅ ပေတို့အား လျာထားခွင့်ပြုခဲ့ပြီး ရသေ့တောင်မြို့နယ် အတွင်းရှိ စေတီပြင်ကျေးရွာ ကျောင်းတက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၃ ဖာလုံ အား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် လျာထားထားပါကြောင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရရှိပါက ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပါဝင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။