ရှမ်းပြည်နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်ရှိ မိုင်းပြင်းကျေးရွာအုပ်စုနှင့် နားပုံကျေးရွာအုပ်စု သည် ဆက်သွယ်သွားလာရေး အလွန်ခက်ခဲပါကြောင်း၊ မိုင်းပြင်းကျေးရွာသည် ခလရ (၂၄၉) တည်ရှိရာ ကျေးရွာဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသော ကျေးရွာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပြင်းကျေးရွာအုပ်စုနှင့် နားပုံကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသော မိုင်းပြင်း-နားပုံလမ်း ၁၃ မိုင် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရန် မေးမြန်းပါသည်။
မိုင်းပျဉ်းကျေးရွာအုပ်စုနှင့် နားပုံကျေးရွာအုပ်စုကို ဆက်သွယ်သော မိုင်းပျဉ်း-နားပုံမြေသားလမ်း ၁၃ မိုင်ကို မြေသားလမ်း အဆင့်မြှင့်တင်ခြင်းအတွက် ငွေကျပ် ၁၉၅ သန်း ကုန်ကျမည်ဖြစ်ပြီး ကျောက်ချောလမ်း ခင်းမည်ဆိုပါက ငွေကျပ် ၇၄၉.၇၁ သန်း၊ လုပ်ငန်း (၂) ရပ်အတွက် စုစုပေါင်းငွေကျပ် ၉၄၄.၇၁ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ စုစုပေါင်း ကျပ် ၁၂၈၄.၈၉၉ သန်းဖြင့် ကတ္တရာလမ်း ၅ မိုင်၊ ကျောက်ချောလမ်း ၁၀ မိုင်၊ မြေသား ၂၅ မိုင်၊ သစ်သားတံတား ၅၀၀ ပေနှင့် ရေပြွန် ၃၅၀ ပေတို့ကို ဆောင်ရွက်ရန်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း။
ဟိုပုန်းမြို့နယ်တွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၀၈.၂၂၅ သန်းဖြင့် ဟိုပုန်း-လွယ်အွန့်-စခွီးလမ်း ကတ္တရာလမ်း ၁ မိုင် ၂ ဖာလုံ၊ ဟိုပုန်း-ထမ်းဖရား-စမ်းစုတ်လမ်း ကျောက်လမ်း ၂ မိုင် ၄ ဖာလုံ၊ ဟဲလုံ-နောင်ခမ်း မြေသားလမ်း ၆ မိုင် ၂ ဖာလုံ၊ သစ်သားတံတား ၁၃၀ ပေနှင့် ရေပြွန် ၁၅ ပေတို့ကိုလည်း လျာထား ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဟိုပုန်းမြို့နယ်ရှိ မိုင်းပျဉ်း-နားပုံလမ်း ၁၃ မိုင်မြေသားလမ်းအဖြစ် အဆင့်မြှင့်ခြင်းနှင့် ကျောက်ချောလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်း မရှိသေးပါကြောင်း။
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအတွက် ချထားပေးသော ဘဏ္ဍာရန်ပုံငွေများကို ထုတ်ပေးရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များမှ လုပ်ငန်းစီမံချက်အတိုင်း အချိန်မီပြီးစီးရေး စနစ်တကျ ဆောင်ရွက်သုံးစွဲသွားစေရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဒေသအတွင်း လိုအပ်ချက်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် ညှိနှိုင်းပြီး ဆောင်ရွက်နိုင်ကြောင်းတို့ကို ရှင်းလင်းဖြေကြားပါသည်။
