သနပ်ပင်မြို့နယ်သည် ပဲခူးတိုင်း၏ အရှေ့ခြမ်း၊ စစ်တောင်းမြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိခြင်းကြောင့် မြစ်ချောင်းအင်းအိုင်တွေ ပေါများပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဒေသခံပြည် သူများသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးများတွင် အစစအရာအရာ နောက်ကျလျက်ရှိနေပါကြောင်း၊ ရာသီအကူးအပြောင်းကာလများတွင် မီးမဖွားနိုင်သော အမျိုးသမီးငယ်များနှင့် အရေးပေါ်လူနာများ သည် ဆေးရုံကိုအချိန်မီရောက်အောင်မပို့နိုင်ခြင်းကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများကို ကြုံတွေ့နေရ ပါကြောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများရှိသော ရွာကြီးများသို့ ပို့ပေးနိုင်ခြင်း မရှိသောကြောင့် လေး တန်းနှင့် ကျောင်းထွက်ရသောကလေးများကို တွေ့ရှိရပါကြောင်း၊ ဒေသထွက် ကုန်များရောင်းဝယ်ရာတွင်လည်း အခက်အခဲများတွေ့ကြရပါကြောင်း၊ ဒေသခံပြည်သူ များ ရပ်မိရပ်ဖများအနေဖြင့် မင်းရွာ-ကျီးပင်စုကျေးရွာချင်း ဆက်လမ်းမကြီးကို လွန်ခဲ့သော ၁၀ နှစ်ခန့်ကပင် လမ်းဖြစ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက် ခဲ့သော်လည်း ဒေသခံတောင်သူလယ်သမားများ အနေဖြင့် နှစ်စဉ် လယ်ရှုံး ကြွေးတင်ရှိခြင်းကြောင့် ပြီးမြောက်ခြင်းမရှိခဲ့ပါကြောင်း၊ ယင်းလမ်းမကြီးကို ဖောက်လုပ်ပေးနိုင် မည်ဆိုပါက သနပ်ပင်မြို့နယ်၏ အရှေ့ခြမ်း ကျေးရွာပေါင်း ၃၀ ခန့်နှင့် တဖက်ခြမ်းရှိ ကျေးရွာ ၅ ရွာခန့်အတွက်ပါ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကို အလွန်ပဲ အကျိုးဖြစ်ထွန်းစေပါကြောင်း၊ လမ်းအဖြစ်သာမက ချောင်းအဖြစ်ပါ တူးပေးနိုင်မည်ဆိုပါက မိုးစပါးရေကြီးနစ်မြှုပ်ခြင်း ကိုသက်သာစေသည့် အပြင် နွေစပါးစိုက် ဧက ထောင်ချီစိုက် ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိစေမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ် မင်းရွာ၊ ကျီးပင်စုကျေးရွာ ချင်းဆက် မြေသားလမ်းမကြီးအား ဖောက်လုပ်ပေးပါရန် မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာမှ အထက်ကျုံပါကျေးရွာအထိ (၁၁)မိုင် ထိုမှတဆင့် ကျီးပင်စုကျေးရွာအထိ (၄)မိုင် စုစုပေါင်း(၁၅)မိုင်ရှိသည့်အနက် အထက်ကျုံပါ-ကျီးပင်စုကျေးရွာ (၄)မိုင် မြေသား လမ်းကို ဆည်မြောင်းဦးစီးဌာနမှ ချောင်းဖြစ်၊ လမ်းဖြစ်တူးဖော်ဖောက်လုပ်ရန် လျာထားဆောင်ရွက် ထားပြီ်းဖြစ်ပါကြောင်း၊ မင်းရွာမှ အထက်ကျုံပါကျေးရွာအထိ မြေသားလမ်း (၁၁)မိုင်ကို ဖောက်လုပ် ရန် ငွေကျပ်(၁၅၀.၇)သန်း၊ (၁၀၀’ x ၁၂ ’x ၁၅ ’) အုတ်ခုံခံသစ်သားတံတား (၂)စင်းအတွက် ငွေကျပ် (၉၁.၁၂)သန်း၊ (၅၀’ x ၁၂ ’x ၁၅ ’) အုတ်ခုံခံသစ်သားတံတား (၂)စင်းအတွက် ငွေကျပ် (၃၁.၃၂)သန်း၊ ၃’ အချင်း ရေပြွန် (၄)စင်းအတွက် ငွေကျပ် (၇.၃၆)သန်း၊ စုစုပေါင်း (၂၈၀.၅)သန်း ခန့် ကုန်ကျမည်ဖြစ် ပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီး ဌာနအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် သနပ်ပင်မြို့နယ်အတွင်း ရန်ပုံငွေကျပ် (၂၃၂.၇၁၅)သန်းအသုံးပြုကာ ကျိုက်ပဒိုင်-တာဝ- ဖလေးလမ်းကျောက်ချောခင်းခြင်း (၂)မိုင်၊ သနပ်ပင်-မင်းရွာ လမ်း ကျောက်ချောခင်းခြင်း (၁/၄)မိုင်၊ သနပ်ပင်-ကလိုင်လမ်းပေါ်တွင် သစ်သားတံတား (၁)စင်း အပါအဝင်၊ ရေပြွန်(၁၈)စင်းတည်ဆောက်ရန် လျာထားပြီးဖြစ်သည့်အတွက် မင်းရွာ-ကျီးပင်စု ကျေးရွာ မြေသား လမ်းခင်းလုပ်ငန်းအား ၂၀၁၄-၁၅ဘဏ္ဍာနှစ်ရန်ပုံငွေတွင် ပါဝင်မရှိပါကြောင်း၊ ကျေးရွာ ဖွံ့ဖြိုးမှု အထောက်အကူပြု အဖွဲ့မှ စာရင်းပြုစု၍ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့၏ စိစစ်ထောက်ခံချက်နှင့် ဦးစားပေးအစီအစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆက်လက်တင်ပြလာပါက နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် လျာထား တင်ပြတောင်းခံပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။
