ရန်ကုန်စက်မှုဇုန်မြေကွက်များ ဈေးကြီးမြင့်မှုနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က လွှတ်တော်ကို တင်ပြထားခဲ့ပါကြောင်း၊ ရန်ကုန်မြို့တွင် မြေဈေးနှင့် ငှားရမ်းခများသည် ကမ္ဘာတွင် ဈေးအမြင့်ဆုံးဖြစ်သော လန်ဒန်နှင့် ဟောင်ကောင်ပြီးပါက တတိယဈေးအမြင့်ဆုံးဖြစ်ပါကြောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာစက်မှုဇုန်များတွင် ၂၀၀၅ ခုနှစ်ခန့်က မြေ ၁ ဧကလျှင် ကျပ်သိန်း ၃၀၀ မှ ၅၀၀ ခန့်သာရှိခဲ့ရာမှ ယခုအချိန်တွင် အနည်းဆုံး ကျပ်သိန်း ၃၀၀၀ မှ ၇၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေပါကြောင်း၊ စက်မှုဇုန် စီမံကိန်းများ၊ မြေကွက်များ ဖော်ထုတ်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် ကောင်းမွန်သော ရည်ရွယ်ချက်များဖြစ်သော်လည်း ဖော်ထုတ်သော မြေကွက်များကို အမှန်တကယ် လုပ်ငန်းလုပ်မည့်သူများကို မပေးဘဲ လူတစ်စုတစ်ဖွဲ့ ကုမ္ပဏီများကိုသာ ပေးသည့်အတွက် လက်ဝါးကြီးအုပ် ချုပ်ကိုင်ပြီး ဈေးကစားနေသည့်အတွက် မြေကွက်များ အဆမတန် ဈေးနှုန်းကြီးမြင့်နေရပါကြောင်း။
အသေးစားနှင့် အလတ်စား တိုင်းရင်းသားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ အသေးစား၊ အလတ်စားလုပ်ငန်းများ လုပ်ကိုင်မှုရှိပြီး ဖွံ့ဖြိုးလာအောင်လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ယခုအခါ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြေကွက်နေရာကောင်းများကို ဈေးမဆစ်ဘဲ ကြိုက်ဈေးပေးဝယ်နေသည်ကို စိုးရိမ်ဖွယ်ကြားသိနေရပါကြောင်း။
ရန်ကုန်မြို့ရှိ စက်မှုဇုန်အသီးသီးတွင် အသုံးမပြုသော မြေကွက်များသည် ၂၃၀၀ ကျော်ရှိပြီး အသုံးမပြုသော ဂိုဒေါင်များသည်လည်း ၁၀၀၀ ကျော်ရှိနေသည်ဟု သိရပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ဒုတိယသမ္မတလာရောက်စဉ်တွင် လုပ်ငန်းရှင်များက တင်ပြကြသည့်အခါ စည်းကမ်းနှင့် မဆောင်ရွက်သော မြေကွက်များကို ပြန်လည်စိစစ်ပြီး အရေးယူဆောင်ရွက်ပေးဟု ပြောသွားခဲ့သော်လည်း ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိသေးပါကြောင်း၊ စက်မှုဇုန် မြေကွက်များ ဈေးကြီးမြင့်နေခြင်းကြောင့် အသေးစား၊ အလတ်စားနှင့် စက်မှုစီးပွားရေးလုပ်ငန်းရှင်များအတွက် မြေဝယ်ရန် အရင်းအနှီးအလွန်ကြီးပါကြောင်း၊ ငှားသည့်အခါတွင်လည်း အငှားခများသည်လည်း ဈေးနှုန်း အလွန်ကြီးမြင့်နေပါကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းနေခြင်း၊ မြေစာရင်းကြီးမြင့်မှုသည်လည်း အဟန့်အတားများဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များမှာ မြေကွက်ပေါင်း မည်မျှဖော်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း၊ စည်းကမ်းနှင့်မညီသော မြေကွက်လပ်များ မည်မျှရှိနေပြီး စက်မှုဇုန်များတွင် မြေဈေးများ အဆမတန်ကြီးမြင့်နေသည်မှာ မှန်ကန်မှုရှိ/မရှိ၊ စက်ရုံများ တည်ဆောက်ခြင်းမရှိသည့် မြေကွက်များနှင့်ပတ်သက်၍ မည်သို့စီမံဆောင်ရွက်ရန်ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်မှုဇုန်များကို ဖော်ထုတ်ခဲ့ရာ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စက်မှုဇုန်အဖြစ် မြေကွက်များဖော်ထုတ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့အစည်းတို့မှ မြေကွက်နေရာချထားပေးမှုကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၄ ခုတွင် မြေကွက်ဖော်ထုတ်ထားရှိမှုမှာ မြေကွက်ပေါင်း ၁၀၃၀၁ ကွက် ဖော်ထုတ်၍ မြေနေရာချထားပေးခဲ့ပါကြောင်း၊ ယင်းမြေကွက်များအနက် စက်ရုံ၊ အလုပ်ရုံတည်ထောင်ပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိသော မြေကွက်ပေါင်း ၃၆၉၃ ကွက်၊ လုပ်ငန်းထူထောင်ဆဲနှင့် တည်ဆောက်ဆဲမြေကွက်ပေါင်း ၂၉၇၀ ကွက်၊ ဂိုဒေါင် သိုလှောင်ရုံအဖြစ် အသုံးပြုလျက်ရှိသောမြေကွက် ၁၂၉၉ ကွက်တို့ပါဝင်ပြီး စက်ရုံအဆောက်အအုံ ဆောက်လုပ်ခြင်းမရှိသော မြေကွက်များသည် စက်မှုဇုန်တည်ထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် မကိုက်ညီ၍ စည်းကမ်းနှင့် မညီညွတ်သော မြေကွက်လွတ်ပေါင်း ၂၃၃၉ ကွက် ရှိနေပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် လက်ရှိမြေဈေးနှုန်းမှာ တည်နေရာဒေသအလိုက် မတူညီမှုများရှိသော်လည်း ပျမ်းမျှအားဖြင့် ၁ ဧကလျှင် ကျပ်သိန်း ၃၀၀၀ မှ ၄၀၀၀ အထိ ရှိနေပြီး အချို့နေရာများတွင် ၁ ဧကလျှင် ငွေကျပ်သိန်း ၇၀၀၀ မှ သိန်း ၈၀၀၀ အထိရှိနေသည်ကို ကြားသိရပါကြောင်း၊ စက်ရုံ/အလုပ်ရုံများ တည်ဆောက်ခြင်းမရှိသေးသော၊ စည်းကမ်းနှင့် မညီညွတ်သော မြေလွတ်မြေကွက်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိရာ စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များတွင် မြေကွက်များ နေရာချထားရေးနှင့် ဆက်စပ်သော ကိစ္စများအတွက် တာဝန်ပေးအပ်ထားခြင်းမရှိသည့်အတွက် သက်ဆိုင်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တစ်ဦးမှ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး သက်ဆိုင်ရာဌာနများမှအဖွဲ့ဝင်များဖြင့် စီမံခန့်ခွဲမှုကော်မတီ တစ်ရပ်ဖွဲ့စည်း၍ ၎င်းကော်မတီမှ စက်ရုံများ တည်ဆောက်ခြင်းမရှိသည့်မြေကွက်လွတ်များ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိပါကြောင်း။
စည်းကမ်းနှင့်မညီညွတ်သော မြေကွက်လွတ်များမှာ စက်ရုံ/အလုပ်ရုံများ တည်ဆောက်ရေးအတွက် စတင်တည်ဆောက်အကောင်အထည်ဖော်ရမည့် ကာလကို ၃ လ သို့မဟုတ် ၄ လ သတ်မှတ်၍ သက်ဆိုင်ရာလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံ အသိပေးညှိနှိုင်း၍ လုပ်ငန်းအဆိုပြုချက် တင်ပြစေရန်၊ တည်ဆောက်မည့်လုပ်ငန်း၏ ပမာဏပေါ်မူတည်၍ လုပ်ငန်းရှင်၏ အဆိုပြုချက်နှင့် စီမံကိန်းကာလကို စီမံခန့်ခွဲရေးကော်မတီမှ စိစစ်အတည်ပြု၍ စဉ်ဆက်မပြတ်လုပ်ငန်းအကောင် အထည်ဖော်မှုရှိ/မရှိ ကြီးကြပ်ဆောင်ရွက်သွားရန်၊ အဆိုပြုချက်တင်သွင်းခြင်းမရှိသည့် မြေကွက်များကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံစေရန်၊ အဆိုပြုစီမံကိန်းများကို တင်ပြပါစီမံကိန်းကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်များကို သတ်မှတ်ရက်လွန်ကြေး၊ ဒဏ်ကြေးပေးသွင်းစေ ခြင်းမှစ၍ မြေကွက်ကို ပြန်လည်ပေးအပ်စေခြင်းအထိ အဆင့်ဆင့်အရေးယူဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း၊ ယခုအချိန်တွင် အဆိုပြုချက်များကို ရရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အဆိုပြုချက် စိစစ်ရေးကော်မတီတစ်ခုကို ဖွဲ့စည်းပြီး ဆက်လက်အရေးယူဆောင်ရွက်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြင့်ဦး (သနပ်ပင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မြေကွက်များကို စတင်ဖော်ဆောင်ချိန်တွင် ၁ ဧက တစ်ကွက်ကို သိန်း ၅၀ နှင့် ချပေးခဲ့သည်မှာ မှန်ကန်မှုရှိ/မရှိ၊ ကုမ္ပဏီတစ်ခုတည်းကိုသာ မြေကွက်ပေါင်း ၆၀၀၀ ခန့်အထိ ချပေးခဲ့သည်ဟု သိရှိရပါသဖြင့် ယင်းသတင်းသည် မှန်ကန်မှုရှိ/မရှိ၊ ယင်းသတင်းသည် မှန်ကန်ခဲ့ပါက ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အိုးအိမ်ဦးစီးဌာနက မည်သည့်မူများချပေးခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
မြေကွက်များကို စတင်ဖော်ဆောင်ချိန်တွင် မည်သည့်ဈေးနှုန်းဖြင့် ချပေးခဲ့သည်ကို ဈေးနှုန်း အတိအကျကို ယခုအချိန်တွင် လက်တန်းပြော၍မရပါကြောင်း၊ သို့သော် ဈေးမများပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိစိစစ်၍ရသော အချက်အလက်များအရ ကုမ္ပဏီတစ်ခု တစ်ဦးတည်းကို မြေကွက်ပေါင်း ထောင်နှင့် ချီချပေးခဲ့သည်မှာ စာရင်းဇယားထဲမှာ မပေါ်ပါကြောင်း၊ ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ အဆိုပြုချက်များ ရယူပြီး ယင်းအဆိုပြုချက်များကို စိစစ်နေပြီး မကြာခင်အချိန်တွင် ထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
