(င)-ထီးချိုင့်မြို့နယ်ရှိတိုင်းရင်းဆေးကုဌာနအားမြို့ နယ် ရုံးဆောက်လုပ်ရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၇.၂.၂၀၁၄)

 ဦးစိုးစိုး (ထီးချိုင့်) ထီးချိုင့်မြို့နယ်တွင် မြို့နယ်တိုင်းရင်း ဆေးကုဌာနကို မြို့နယ်သမဝါယမ ဦးစီးဌာနရုံး အဆောက်အဦး အောက်တစ်ခန်းကို ဌားရမ်းပြီး ၇-၄-၂၀၁၀ ရက်နေ့တွင် စတင် ဖွင့်လှစ် ခဲ့ပြီး ယခုအချိန်တွင် မြို့နယ်စာတိုက်ရုံးဟောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားသည် ကိုတွေ့ရှိရပါကြောင်း၊ သို့သော် လက်ရှိငှားရမ်းထားသော အဆောက်အဦပုံစံ အရ ဒေသခံမိဘပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ရာ တွင် နေရာချ ထားရေးနှင့် ကုသရေးတွင် အခက်အခဲဖြစ်နေသည်တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက သတ်မှတ်ပုံစံဖြင့် ခွင့်ပြုဆောက်လုပ် ပေးသွားမည်ဆိုပါက အဆင်ပြေမည်ဟု ယူဆမိပါကြောင်း၊ မြို့နယ်အနေနှင့်လည်း အဆောက်အဦဆောက် လုပ်ရန်အတွက် ပေ ၈၀x၆၀ ဧရိယာဧက ဝ.၀၉၂ ဧကမြေကွက်တစ်ကွက်ကို ချမှတ်ပေးထားပြီးဖြစ်ပါသောကြောင့် ထီးချိုင့်မြို့နယ် တိုင်းရင်းဆေးကုဌာန အဆောက် အဦအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြုဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သိန်းသိန်းဌေး
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ တိုင်းရင်းဆေးကုဌာနအား စစ်ကိုင်းတိုင်းဒေ သကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဌာနအစီအစဉ်ဖြင့် တွဲဖက်ဆေးခန်းအဆင့် အဖြစ် လွန်ခဲ့သော ၄ နှစ်ခန့်က စတင်ဖွင့်လှစ်ခဲ့ပြီး ပင်လယ်ဘူးမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဒုတိယလက်ထောက် တိုင်းရင်းဆေးမှူးအား ၁-၆-၂၀၁၂ ရက်နေ့မှစတင်၍ တွဲဘက်တာဝန် ချထားခြင်းဖြစ်ပါကြောင်း၊ ယခင်မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူညီချက်ဖြင့် ထီးချိုင့်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပေ ၆၀ ပတ်လည် မြေပေါ်တွင်အသုံးပြု ခွင့်ပေးထားသော်လည်း ဌာနပိုင်မြေဂရန်ရရှိမှု မရှိသေး သဖြင့် ဆောင်ရွက်ဆဲဖြစ်သည့်အပြင် အဆိုပါ ဆေးခန်းအတွက် ဖွဲ့စည်းပုံခွင့်ပြုမိန့် တင်ပြထားခြင်းမရှိသေးပါကြောင်း၊ သို့ရာတွင် ပြည်သူလူထု၏ လိုအပ်ချက်အား သိရှိသည့်အားလျော်စွာ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ထီးချိုင့်မြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဆောက်လုပ်ရန် ပထမ ၅ နှစ်စီမံကိန်း၏ ၂၀၁၅-၂၀၁၆ ခုနှစ် စီမံကိန်း၌ ထည့်သွင်းရေး ဆွဲ၍ ဖွဲ့စည်းပုံခွင့်ပြုမိန့် မြေနေရာနှင့် ရန်ပုံငွေခွဲဝေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။