ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသည် နိုင်ငံတော်သမ္မတကြီး၏ အဓိကရည်မှန်း ချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေသည်ကို သိရှိထားကြပြီးဖြစ်ပါကြောင်း၊ သက်တမ်းကာလအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်အထိလျှော့ချမည်ဟု ဖွင့်ဟထားသဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်အတွက် လက်တွေ့ဆန်သော လက်တွေ့ကြုံကြိုက်နေရသော နွမ်းပါးသူ ပြည်သူများ၏အသံကို နားထောင်ပြီး အရေးတကြီးဆောင်ရွက်ရန်လိုသည့် လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက်နိုင်မှသာ ရည်မှန်းချက်သည် အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိမဲဆန္ဒနယ်ရှိ နွမ်းပါးသူများ၏ဘဝကို စစ်တမ်း ကောက်ယူ လေ့လာကြည့်ရာတွင် လိုင်စင် C များကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်း၊ အလုပ်အကိုင် ရှာဖွေရေးနှင့် အလိမ်အညာခံရခြင်း၊ သစ်တောတွေစည်းကမ်းမဲ့ခုတ်ထွင်ခြင်းများကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ မြို့ချင်းဆက်၊ ရွာချင်းဆက်လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် စီးပွားရေး၊ လူမှုရေးများ နိမ့်ပါးရခြင်း များကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေ သန်း ၁၀၀၀ နှင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ အမှန်တကယ်ဆင်းရဲသူများမှာ ခံစားခွင့်မရ ဖြစ်နေသည်များကို ပြန်လည်စိစစ်သင့်ပါကြောင်း၊ လက်တွေ့တွင် တွေ့ကြုံနေရသည်မှာ သဲသောင်များမှ ကျောက်စရစ်ခဲများကို ဆန်ခါချပြီး ရောင်းစားကြရသော လက်လုပ်လက် စားဆင်းရဲဆုံးသူများကို ဟန့်တားပိတ်ပင်ခြင်းများ ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီထောက်ပံ့နိုင်ကြရန် ဆွေးနွေးတိုင်ပင်နေကြပြီဖြစ်သကဲ့သို့ သမ္မတကြီးကလည်း ဖွင့်ဟပြောဆိုနေပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခွင့်ကောင်းရောက်ရှိနေချိန်တွင် အခြေခံဒေသ၌ အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းသွားနိုင်ခြင်းသည် ပို၍ ထိရောက်နိုင်မည်ဖြစ်ပြီး အစဉ်အလာ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပေးရန်လည်းဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် လိုင်စင် C များကြောင့် ပြည်သူတစ်သိန်း အခက်အခဲတွေ့ကြရပြီး အစွန်းထွက်လူဦးရေ ၁၀ ဂဏန်းသာ ကြီးပွားချမ်းသာကာ မြို့နယ်ဘဏ္ဍာငွေ သိန်း ၆၀၀ ခန့်သာ ရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု အမှန်လျှော့ရန် ဒေသနှင့် ကိုက်ညီဆီလျော်မည့် နည်းလမ်းသစ်များနှင့် စေီမံကိန်းချ၍ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် အလုပ်အကိုင်ရှားပါးသွားခြင်း အကြောင်းအရင်းများကို ပြန်လည်ဖော်ထုတ်၍ ကုစားနိုင်မည့် နည်းလမ်းများ အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများသည် ကဏ္ဍများစွာပါဝင်ပြီးှ အပြန်အလှန် ဆက်စပ်နေသည့်အတွက် ဝန်ကြီးဌာနများအားလုံး ပေါင်းစပ်ပြီး Focal Ministry အနေဖြင့် စုစည်းပြီး ဖြေကြားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆက်စပ်နေသည့်အတွက်ကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှုထောင့်ပေါင်းစုံမှ ရှုမြင်ပြီး သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရေး(All Inclusive Stakeholder Participation) ရည်မှန်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဖြစ်သော Sustainable Development ကိုရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတစ်ဝှမ်းတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချ၊ လျော့နည်း ပပျောက်စေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတကြီးဦးဆောင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ဗဟိုကော်မတီ၊ ဒုတိယသမ္မတ(၂)ဦးဆောင်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းကော်မတီ၊ ဝန်ကြီးချုပ်များဦးဆောင်သော တိုင်းဒေသကြီး/ပြည်နယ် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀-၅-၂၀၁၀ ရက်မှ ၂၂-၅-၂၀၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကနေ ချမှတ်ပေးခဲ့သော လုပ်ငန်းစဉ် (၈) ရပ်ကိုလည်း ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော အထောက်အကူပြု ကော်မတီများဖွဲ့စည်းပေးပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များ ပါဝင်ဆောင်ရွက်နေသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ INGOs၊ NGOs များ၊ CSO၊ CBO များ၊ အလှူရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများ၊ INGOs၊ NGOs များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် အကြိမ်ကြိမ်ဆွေးနွေးပွဲများပြုလုပ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ မူဘောင်ကို ပြုစုရေးဆွဲပြီးှ ၁၈-၁၁-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားအဆင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေးပွဲတွင် အတည်ပြု ချမှတ်နိုင်ခဲ့ပါ ကြောင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် သတ်မှတ်ဖွဲ့စည်းပုံနှင့်အညီ ဝန်ကြီးဌာနအလိုက် ညွှန်ကြားချက်များရှိပါက အဆင့်ဆင့်သော အမှုထမ်း၊ အရာထမ်းဝန်ထမ်းများ ခန့်ထားပေးနိုင်ရေး ဘွဲ့ရ၊ အထက်တန်းအောင်လူငယ်များကို အလုပ်အကိုင်ရရှိရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု အမှန်လျှော့ချရန်အတွက် ဒေသနှင့်ကိုက်ညီဆီလျော်သော နည်းလမ်းအဖြစ် ပထမအဆင့်အနေဖြင့် မြေယာပြုပြင် ပြောင်းလဲခြင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ထောက်ပံ့မှုဖြင့် တောင်သူများ၏ သဘောထားဆန္ဒကို ရယူပြီး အဆင့်မြင့်လယ်ယာများ တိုးချဲ့ဖော်ထုတ်ပေးလျက်ရှိပါကြောင်း။
သိပ္ပံနည်းကျစိုက်နည်းစနစ်များ ကျင့်သုံးပြီး အထွက်နှုန်းတိုးတက်ရေး အရည်အသွေးမြင့်ဆန်စပါးများ ပိုမိုတိုးတက်စိုက်ပျိုး ထုတ်လုပ်ရေးဆောင်ရွက်ခြင်းဖြင့် လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မျိုးပြောင်းလဲ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ စပါးသီးနှံမှအစ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဝါသီးနှံများ မျိုးကောင်းမျိုးသန့် ပြောင်းလဲ စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ရာသီမီစိုက်ပျိုးနိုင်ခြင်း၊ သီးထပ်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ကုန်ကျစရိတ်နည်းနည်းဖြင့် အထွက်နှုန်းပိုမိုလာပြီး ဆင်းရဲမှု လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ သမဝါယမဝန်ကြီးဌာနသည် နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးလုပ်ငန်းစဉ်ပါ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက် (၂) ရပ်နှင့် လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်းကို တစ်နိုင်ငံလုံးရှိ ကျေးရွာအားလုံး လွှမ်းခြုံမိအောင် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်းကို အတိုးနှုန်းသက်သာပြီး ပြည်သူများအတွက် လတ်တလော သက်သာချောင်ချိမှု ရရှိစေရေးသာမက နောင် ၄၊ ၅ နှစ်အတွင်း ငွေချေးစရာမလိုတော့ဘဲ မိမိဘာသာ ရပ်တည်လာနိုင်စေရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အထိပါ မျှော်မှန်းပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
သမဝါယမဝန်ကြီးဌာန၏ ဦးတည်ချက် (၂) ရပ်၊ လုပ်ငန်းစဉ် (၅) ရပ်ဘောင်အတွင်းမှ ၂၀၁၄ ခုနှစ် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ် (၇) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းကို သမဝါယမလုပ်ငန်းများ၏ အခြေခံအဖြစ် ဆက်လက်တိုးမြှင့်ဆောင်ရွက်ခြင်း၊ ထုတ်ကုန်ဝန်ဆောင်မှု၊ ကုန်သွယ်မှုလုပ်ငန်းများ ထိထိရောက် ရောက်ဆောင်ရွက်ပြီး အသင်းသားများ အကျိုးရှိစေမယ့်အသင်းများဖြစ်အောင် အဆင့်မြှင့်တင်သွားခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းကော်မတီ (၈) ခုမှ ဒေသဖွံ့ဖြိုးရေးနှင့် သစ်တောထိန်းသိမ်းရေး (Myanmar Selection System) ဖြင့် စီမံအုပ်ချုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် သစ်တောနှင့် ဆက်စပ်ပြီး လမ်းတံတားများလည်း ဆောင်ရွက်ပေးခဲ့သည်များလည်း ရှိပါကြောင်း၊ ထို့အတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို Pilot Project အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ နေပြည်တော်ကောင်စီနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုနှင့် ခရိုင် ၄၇ ခုရှိ ကျေးရွာ ၁၁၅၀ တွင် နိုင်ငံတော်ဘတ်ဂျကနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ဘဏ်အထောက်အပံ့ အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြင့် လူထုအခြေပြုဖွံ့ဖြိုးရေး စီမံကိန်း (National Community Driven Development Project - CDD Project)ကို မြို့နယ် ၁၅ မြို့နယ်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မိမိတို့ ဘဏ္ဍာရေးနှစ်အလိုက် ရရှိသော ဘတ်ဂျက်ငွေကိုလည်း သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီဆီလျော်သည့် နည်းလမ်းဖြင့် ဆောင်ရွက်နေသော လူထုအခြေပြုဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာရေးအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေး စီစဉ်ဆောင်ရွက်ပြီးှ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ထို့ကြောင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများဆောင်ရွက်ပြီး အာဟာရပြည့်ဝ၍ အပိုဝင် ငွေရရှိစေရေးနှင့် ကျေးလက် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေပြီး ဆင်းရဲမှုနှုန်းထား အလျင်အမြန် လျော့ကျသွားစေရေး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ NGOs၊ INGOs များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲမှုလျော့ကျရေး လုပ်ငန်းစဉ်များသည် အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
