(က)-မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ အနေဖြင့် စိုက်ပျိုးစရိတ်ထုတ်ချေးရမည့်ကျေးရွာ အုပ်စုများသို့နိုင်ငံတော်ခရီးစရိတ်အသုံးပြု၍ဆောင် ရွက်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၇.၂.၂၀၁၄)

ဦးဘိုနီ( ရမည်းသင်း)မြန်မာနိုင်ငံအတွင်း ကျေးရွာအုပ်စုပေါင်း ၆၃၀၀၀ ကျော်ရှိပြီး ကျေးလက်နေပြည်သူ အများဆုံးမှာ တောင်သူလယ်သမားများဖြစ် ကာ နိုင်ငံတော်အတွက် စားသုံးဆန် ဖူလုံရေး၊ ဆီထွက်သီးနှံဖူလုံရေး၊ အထည်များဝတ်ဆင်နိုင်ရန်အတွက် စပါး၊ နှမ်း၊ မြေပဲ၊ ဝါမျိုးစုံတို့ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း ထိုသို့စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေများကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ် ထုတ်ချေးလျက်လည်း ရှိပါကြောင်း၊ သို့သော်လည်း အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရာတွင် တောင်သူများအနေဖြင့် မြို့ပေါ်ရှိ မြန်မာ့စီးပွားရေး၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များသို့ သွားရောက် ထုတ်ယူရသည့်အတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်မှ ခရီးစရိတ်များ ထုတ်ပေးထားရှိခြင်း၊ ၎င်းတို့အတွက် ဆိုင်ကယ်များရှိခြင်းနှင့် ကျေးရွာအုပ်စုများသို့ သွားရောက်ရန် လွယ်ကူခြင်းတို့ကြောင့် လူများစုဖြစ်သော တောင်သူလယ်သမားများထံသို့ ငွေထုတ်ချေးပေးရေးအတွက် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ။ ရှိပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ယခင်က ကျေးရွာအရောက် ထုတ်ချေးသည့် စနစ်ကို ကျင့်သုံးခဲ့သော်လည်း ၁၉၉၃ ခုနှစ် အစိုးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၉/၉၃) ဆုံးဖြတ်ချက်မှတ်တမ်းအရ ငွေချေးသူကိုယ်တိုင် ဘဏ်သို့လာရောက် ချေးယူ /ပေးဆပ်စေ သည့်စနစ်ကို ပြောင်းလဲကျင့်သုံး ခဲ့ရပါကြောင်း၊ တောင်သူလယ်သမားများ ဘဏ်စနစ်ကိုကျင့်သုံး တတ်လာစေရန်၊ ငွေပိုငွေလျှံများကို ဘဏ်တွင် စုဆောင်းခြင်းဖြင့် အရင်းအနှီး ရရှိစေရန်၊ ငွေစုဆောင်းတတ်သော အလေ့အကျင့် ရရှိစေရန် ရည်ရွှယ် ပြီး ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ပါကြောင်း။

ကျေးရွာအရောက် ငွေချေးပေးစဉ်က တောင်သူ ကိုယ်တိုင် ဘဏ်မှ တိုက်ရိုက်ချေး ယူခြင်းမရှိဘဲ၊ ကျေးရွာဘဏ် ကော်မတီမှ တစ်ဆင့် ငွေချေးခြင်းဖြစ် ပြီး ကျေးရွာဘဏ်တွင်ပင် ဘဏ်က ဘဏ်ကော်မတီအဖွဲ့သို့ စာချုပ်ဖြင့် ငွေချေးပြီး ဘဏ်ကော်မတီက တောင်သူကို ထပ်ဆင့်စာချုပ်ချုပ်ဆိုပြီး ထုတ်ချေးသည့်စနစ်ဖြစ်ရာ စပါးတစ်ဧက နှုန်းထားမှာ ကျပ် ၄၀၀ ခန့်ဖြစ်ပြီး ယခု ကျပ် တစ်သိန်းနှုန်းဖြစ်သည့်အပြင် ဧကများစွာလည်း တိုးတက်လာသည် ဖြစ်၍ ၁၉၉၃ ခု မိုးချေးငွေပမာဏကို ၂၀၁၃ ခုနှစ် မိုးချေးငွေနှင့် နှိုင်းယှဉ်ပါက အဆ ၄၀၀ ကျော် ကွာခြားမှု တိုးတက်လာပါကြောင်း၊ ငွေပမာဏနည်းစဉ်က ရွာသို့ငွေကြေး သယ်ယူသွားရသည်မှာ အခက်အခဲမရှိသော်လည်း ယခုငွေပမာဏ များပြားလာသဖြင့် ငွေကြေးလုံခြုံရေးအရ လွန်စွာအန္တရာယ် များပါကြောင်း၊ ငွေကြေးဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပွား ပါက ငွေပြန်လည်ရရှိ ရေးဆောင်ရွက်ရသည်မှာလည်း လွန်စွာခက်ခဲ ပါကြောင်း။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၃ ခုနှစ် မိုးချေးငွေမှာ ကျပ် ၉၃၃.၉၈ ဘီလီယံပေါင်း ထုတ်ချေးရပြီး၊ မြို့နယ်ဘဏ်ခွဲတစ်ခုလျှင် ဝန်ထမ်းဦးရေ ၁၀ ဦး ကျော်ဖြင့် မြို့နယ်ဘဏ်ခွဲ ၂၀၆ ဘဏ်ရှိ ဝန်ထမ်းစုစုပေါင်းမှာ ၂၂၀၁ ဦးဖြင့် ငွေချေးပေးသော တောင်သူလယ်သမား ဦးရေမှာ ၁.၈ သန်းကျော်ဖြစ်သောကြောင့် ဝန်ထမ်းတစ်ဦးလျှင် တောင်သူလယ်သမား ၈၄၀ ဦးခန့်ကို တာဝန်ယူ ဆောင်ရွက်ပေးနေရပါကြောင်း။

ထို့ပြင် ငွေချေးပေးရသည့် ကျေးရွာအုပ်စုပေါင်း ၁၀၄၇၃ ခုရှိပြီး ၎င်းကျေးရွာအုပ်စုများသို့ ကွင်းဆင်း သွားရောက် ၍ ငွေထုတ်ချေးနိုင်ခြင်း မရှိသော်လည်း မြို့နယ်ဘဏ်ခွဲ ဖွင့်လှစ်ထားခြင်းမရှိသည့် မြို့နယ်များ မှ တောင်သူလယ်သမားများ ငွေထုတ်ချေးရေး လွယ်ကူစေရန် မြို့နယ်ဘဏ်ခွဲတစ်ခုမှ နီးစပ်ရာပူးတွဲကိုင် မြို့နယ်များသို့ သွားရောက်ငွေထုတ်ပေး လျက်ရှိပါကြောင်း၊ ချေးငွေအမျိုးအစားအလိုက် ငွေထုတ်ချေးသည့် အချိန်ကာလမှာ သုံးလကျော်ခန့်ရှိရာ ကျေးရွာသို့ ကွင်းဆင်းထုတ်ချေးပါက သတ်မှတ်ကာလအတွင်း အချိန်မီထုတ်ချေးနိုင်ရန်မလွယ်ကူကြောင်း၊ မြို့နယ်ဘဏ် ခွဲတွင် ထုတ်ချေးပါက တစ်နေ့တည်းတွင် ကျေးရွာအုပ်စု တစ်ခုထက်ပိုမိုပြီး ချိန်းဆိုထုတ်ချေးနိုင်သဖြင့် လုပ်ငန်းပိုမိုတွင်ကျယ်စွာဖြင့် အချိန်မီ ထုတ်ချေးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိအနေအထားမှာ ကျေးရွာများသို့ သွားရောက် ကွင်းဆင်း ထုတ်ချေးနိုင်ခြင်း အစီအစဉ် လောလောဆယ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အဆိုပါမေးမြန်းဖြေကြားချက်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း မေးခွန်းမှာ စိတ်ဝင်စားစရာကောင်းပြီး အဖြေတွင် ၁၉၉၃ ခုနှစ်၌ စနစ်ကိုပြောင်းလဲ ကျင့်သုံးကြောင်း ကြားသိရပါကြောင်း၊ သို့ဖြစ်ပါ၍ ၁၉၉၃ တွင် ပြောင်းလဲလိုက်သော အကြောင်းအရင်းမှာ ရှင်းလင်းတင်ပြချက်တွေပဲလား။ အခြားမည်သည့် အချက်များ ကျန်ရှိသည်ကို ပြန်လည်သုံးသပ်ရန် လိုပါကြောင်း။

ပြည်သူ့လွှတ်တော် လယ်ယာ၊ ဆယ်မြောင်းနှင့် စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက စတင်ပြီး ပြဋ္ဌာန်းလိုက်သော တောင်သူလယ်သမားအခွင့် အရေးနှင့် တောင်သူလယ်သမားအကျိုးစီးပွားမြင့်တင်ရေးဥပဒေ ကိုလွှတ်တော်မှ အတည်ပြုပေးခဲ့ပြီဖြစ်ပြီး ဤဥပဒေကို နည်းဥပဒေအဖြစ် ပြဋ္ဌာန်းပေးရန် လည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်းကြားသိရရာ အချိန်ကာလအားဖြင်‌့လည်း အတော်အသင့် ကြာညောင်း သွားပြီ ဖြစ်သည့်အတွက် ဒီနည်းဥပဒေ အချိန်မီထုတ်ပြန်ပေးမှ နည်းဥပဒေနှင့် နောက်ကလိုက်လာမည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ ရရှိမည် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့တောင်သူလယ်သမား အများစုဖြစ်သော မြန်မာနိုင်ငံ၏ လူအများစု အကျိုးစီးပွား ကာကွယ်ပေးခြင်း၊ မြှင့်တင်ပေးခြင်း ဆောင်ရွက်ရာတွင် ဒီနည်း ဥပဒေအပါအဝင် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကိုလည်း အချိန်မဆွဲဘဲ အချိန်မီ ဆောင်ရွက်ပေးနိုင် မှသာလျှင် ချေးငွေများအပါအဝင် အခြားကိစ္စများ စနစ်တကျ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ဤကိစ္စကိုလည်း တောင်သူလယ်သမားနှင့် မွေးမြူရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ညှိနှိုင်းပြီး ထုတ်ပြန်နိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း၊ အခက်အခဲများရှိပါက သီးခြားပြန်လည်တင်ပြဆောင်ရွက်ရန် ပြောကြားခဲ့သည်။