(င)-သင်္ဃန်းကျွန်းမြို့နယ်၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်းနှင့် အဆို ပါကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၄. ၂.၂၀၁၄)

ဦးသိန်းညွှန့် (သင်္ဃန်းကျွန်း)ပုဒ်မ ၆၂ တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၌ ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရာတွင် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍနှင့် ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘော ထားကို ဖော်ဆောင်သည့် နေရာမှာသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ အာဏာ ပိုင်ပုဂ္ဂိုလ်များက ပြည်သူကရွေးချယ်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များကို အလေးထားတိုင်ပင်အပ်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု မှတ်ယူရမည် ဟု ပြဋ္ဌာန်းထား ပါကြောင်း။ ထို့ပြင် ယင်းဥပဒေအပြင် နိုင်ငံတော် သမ္မတရုံး အမိန့် ကြော်ငြာစာအမှတ် (၂၇/၂၀၁၃) ဖေဖော်ဝါရီလ ၂၆ ရက်ထုတ်အမိန့် အပိုဒ် ၁၀ တွင်လည်း မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အကော်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများကို အလေးထားလိုက်နာရန် ညွှန်ကြားခဲ့ပါကြောင်း။

သို့သော် မိမိတို့သင်္ဃန်းကျွန်းမြို့နယ်တွင် သမ္မတရုံးအမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်ထုတ်ပြန်ပြီး နောက် ၁၉-၆-၂၀၁၃ တွင် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူအဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ သို့ရာတွင် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအား တိုင်ပင်ဆွေးနွေးညှိနှိုင်းမှုများမရှိခဲ့ပါကြောင်း၊ ဤကိစ္စရပ်များမှာ  ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ချိုးဖောက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ရုံးကို ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၂ ရက်နေ့မှာ ယခုကိစ္စနှင့်ပတ်သက်ပြီး မေးခွန်း မေးမြန်းခဲ့ပါကြောင်း။

၂၀-၉-၂၀၁၃ တွင် မြို့နယ်အထောက်အကူဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးထားသော ပုဂ္ဂိုလ်သည် မြို့နယ်တွင် အတိုင်အတောနှင့် မေးခွန်းထုတ်သော ပုဂ္ဂိုလ်ဖြစ်နေသည့်အတွက် လွှတ်တော် ကိုယ်စား လှယ်လေးယောက်လုံးမှ ကန့်ကွက်ကြောင်းစာပို့ခဲ့ရာ ၂၁-၉-၂၀၁၃ ရက်နေ့တွင် အစည်းအဝေးဖိတ်စာများ ရောက် ရှိလာပြီး မြို့နယ်ဖွံ့ဖြိုးရေးတွင် ပါဝင်သူများအား သိရှိခွင့်ရရှိခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတရုံးမှ ၂၆-၂-၂၀၁၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၂၇/၁၃)ဖြင့် မြို့နယ်နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ရန် ညွှန်ကြားခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော် မတီကို ဖွဲ့စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေး ညှိနှိုင်းခြင်းမရှိ ဘဲ ပြုလုပ်သွား သည်ကို ပြည်ထောင်စုအစိုးရကသိပါသလား။ သမ္မတရုံး၏ ညွှန်ကြားချက်ကို ဆန့်ကျင်ဆောင်ရွက်နေမှုအား အဘယ်ကြောင့် လစ်လျူရှုထားပါသနည်း။ မသိသေးပါက ယင်းညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေး အတွက် အကောင် အထည်ဖော်ပေးနိုင်ပါမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး၊ ဦးစိုးမောင်ပထမမေးခွန်းဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြုကော်မတီ ဖွဲ့စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များ အားအသိပေး ညှိနှိုင်း မှုမရှိဘဲ ပြုလုပ်သွားခဲ့သည်ကို ပြည်ထောင်စုအစိုးရအဖွဲ့ သိပါသလား ဆိုသည့်မေး ခွန်းနှင့်ပတ်သက်၍ မည်သူတစ်ဦး တစ်ယောက်ကမှ အချိန်မီတင်ပြ လာခြင်းမရှိ ၍ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် လုံးဝသိရှိခြင်းမရှိပါကြောင်း။

ဒုတိယမေးခွန်းအနေဖြင့် ဆက်လက်ပြုလုပ်နေသော အဆိုပါကော်မတီအစည်းအဝေး များသို့ အထက်ညွှန်ကြားချက်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မရှိသည်ကိုရော ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် သိရှိပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍လည်း မည်သူတစ်ဦးတစ်ယောက်ကမှ အချိန်မီ တင်ပြလာခြင်းမရှိ ၍ ပြည်ထောင်စုအစိုးရအဖွဲအနေနဲ့ လုံးဝမရှိပါကြောင်း။

အထက်ဖော်ပြပါမေးခွန်းနှစ်ရပ်နှင့်ပတ်သက၍ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် သင်္ဃန်းကျွန်းမြို့နယ် တစ်မြို့နယ်တည်း၏ ကိစ္စရပ်များကိုသာ အဓိကထားကြည်‌့ရှု့ဆောင်ရွက် နေသော အဖွဲ့အစည်း မဟုတ်ပဲ နိုင်ငံ တကာအသီးသီးနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ကိစ္စရပ်အသီးသီးကို နိစ္စဓူဝ ဆောင်ရွက် နေရသော အဖွဲ့အစည်း ဖြစ်ရာ သင်္ဃန်းကျွန်းမြို့နယ်တွင် ကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ လုပ်ဆောင်ချက်များကို မည်သူ တစ်ဦးတစ်ယောက်ကမှ အချိန်မီ သီးခြားတင်ပြလာခြင်း မရှိ၍ သင်္ဃန်း ကျွန်းမြို့နယ်တစ်ခုတည်း၏ ကိစ္စကို ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် သိရှိရန်လည်း အထူး မလိုအပ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဖော်ပြပါကိစ္စရပ်များကို တင်ပြသူမရှိ၍ မသိရှိပါသဖြင့် နိုင်ငံတော် သမ္မတရုံး၏ ညွှန်းကြားချက်ကို ဆန့်ကျင်ဆောင်ရွက်နေမှုအား ပြည်ထောင်စုအစိုးရအဖွဲ့မှ လစ်လျူ ရှုပြုသည်ဟု လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် လေ့လာမှု မပြုဘဲ စွပ်စွဲမေးမြန်းရန် မသင့် ပါကြောင်း။

ဤမေးခွန်းမှာ မြို့နယ်မှာ ဖြစ်ပျက်သည့်ကိစ္စဖြစ်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်တွင်သာ မေးမြန်း သင့်ပါကြောင်း၊ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခြင်းအားဖြင့် ဖြေရသူရော နားထောင် ရသူ အတွက်ပါ အချိန်ကုန်လူ ပမ်းဖြစ်ရပြီး လွှတ်တော်၏ အဓိကလုပ်ငန်းဖြစ်သော ဥပဒေပြုရေး လုပ်ငန်းများအတွက် အချိန်လျော့ နည်းသွား မည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ Centralization စနစ်ဖြစ်သော Top down စနစ်ကိုလျော့ချပြီး Bottom up စနစ်ကို ဖော်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပါကြောင်း၊ မြို့နယ်တစ်ခုအတွင်း ကိစ္စတစ်ခုကို ပြည်သူ့လွှတ်တော် ၌ ပြည်ထောင်စုအစိုးရ အဖွဲ့ကို မေးခွန်း ထုတ်သင့်/မသင့် စဉ်းစားပေးစေလိုပါကြောင်း။

မြို့နယ်တွင်းမှာ ပါတီမည်မျှပင်များစေကာမူ မိမိတို့မြို့နယ်တိုးတက်ရေးအတွက် မိမိပါမှ မိမိဦးဆောင်ရ မည် မဟုတ်ပါကြောင်း။ မည်သူက ဆောင်ရွက်သည်ဖြစ်စေ၊ ဦးဆောင်သည်ဖြစ်စေ တစ်စိတ်တစ်ဝမ်း တည်း လက်တွဲပြီး မြို့နယ်တစ်ခုလုံး၊ တစ်ခရိုင်လုံး၊ တစ်တိုင်းလုံး၊ တစ်ပြည်နယ်လုံး၊ တစ်နိုင်ငံလုံး ကြီးပွားအောင် အမျိုးသားရေး စိတ်ဓာတ်အမြင်နဲ့ သဘောထားကြီးကြီးထားပြီး ညှိနှိုင်းလက်တွဲ ဆောင်ရွက်သွားရမည့် အချိန်လည်း ဖြစ်ပါကြောင်း။

လွှတ်တော်ဥက္ကဋ္ဌကြီးပြောကြားသည့်အတိုင်း ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ ကင်းကင်းနှင့် အမျိုးသားရေးကို ပူးပေါင်း ဆောင် ရွက်ရမည့် အချိန်လည်း ဖြစ်ပါကြောင်း တစ်ဦးတစ်ယောက်တစ်ဖွဲ့ အမြင်နှင့်နေရာပါစေချင် စိတ်ကြောင့် ဝေဖန်ပြစ်တင်နေမည့်အစား ပါဝင်ခွင့်ရနိုင်မည့်နေရာက ပါဝင်ဆောင် ရွက်ခြင်းသည် မင်္ဂလာ တစ်ပါး ဖြစ်သည်ဟု ခံယူသင့်ပါကြောင်း။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်ကို ဆန့်ကျင်ဆောင်ရွက်မှုမရှိဘဲ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်များကို ဆက်လက် ဖြေကြားရပါက မြို့နယ်နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြု ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ် နိုင်ရန်အလို့ငှာ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးကော်မတီကို ဌာနဆိုင်ရာ နှစ်ဦးအပါ အဝင် မြို့မိမြို့ဖများနှင့် ရပ်ကွက်ကိုယ်စားလှယ်များမှ အများ ဆန္ဒနှင့် ရွေးချယ် တာဝန်ပေး အပ်သူ ခုနစ်ဦး ပေါင်းကိုးဦးနှင့် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီကို အဖွဲ့ဝင်ငါးဦးမှ ခုနစ်ဦးအထိ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး များအားအစည်းအဝေး ခေါ်ယူပြီးအမည်စာရင်း တင်ပြနိုင်ရန်အသိပေးဆောင် ရွက်ခဲ့ပါကြောင်း။ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးများမှာလည်း ရပ်ကွက်အတွင်း အစည်းအဝေးခေါ်ယူပြီး ကော်မတီအတွက် အဖွဲ့ဝင် ငါးဦး တို့ကို အများဆန္ဒ အရ ရွေးချယ်ပြီး ပြန်လည် တင်ပြခွင့် ပေးခဲ့ပါကြောင်း၊ ရပ်ကွက် ၃၈ ရပ်ကွက်မှ အများ ဆန္ဒဖြင့် ရွေးချယ် တင်မြှောက်သော မြို့မိမြို့ဖ ၃၈ ဦးမှ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးထောက် အကူပြု ကော်မတီအဖွဲ့ဝင် ခုနစ်ဦးကို အများဆန္ဒနှင့်အညီ ပြန်လည်ရွေးချယ်ခဲ့ပါကြောင်း၊ ယင်းခုနစ်ဦးနှင့် ဌာန ဆိုင်ရာ နှစ်ဦးပေါင်း ကိုးဦးဖြင့် ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတာဝန်များကို လျှို့ဝှက်ဆန္ဒမဲပေး စနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး မြို့နယ်ရပ်ကွက် တိုးတက်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ လျာထားမှု အမည်စာရင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ဆက်လက် တင်ပြခဲ့ပါကြောင်း၊ ဖွဲ့စည်းထားပြီးဖြစ်သော ကော်မတီအနေဖြင့် လူမှု စီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တစ်လတစ်ကြိမ် ဆွေးနွေးဆောင်ရွက် သွားရန်လည်း ညွှန်ကြား ထားကြောင်းကို သိရှိရပါကြောင်း၊ ညွှန်ကြားချက်အရ သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်ဖွံ့ဖြိုးတိုး တက်ရေး အထောက်အကူပြု ကော်မတီများသိရှိ၍ လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရပ်ကွက်များသို့ ထပ်မံအသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီနည်းလမ်းအရ အများပြည်သူလူထု၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ကြိမ်၊ အစည်းအဝေးတစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်အတွင်းသို့ ကွင်းဆင်းပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်း စီမံ ခန့်ခွဲရေးကော်မတီသို့ တင်ပြ၍သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ခြင်း၊ သင်္ဃန်း ကျွန်းမြို့နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လွှတ်တော်ကိုယ်စားလှယ် များ၏ သဘောထား မှတ်ချက်နှင့် အကြံဉာဏ်များ ရယူနိုင်ရန် ၂၁-၉-၂၀၁၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂) ဒေါ်စန်းစန်းမြင့်တို့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ အပါ အဝင် ကော်မတီများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သလို ၂၈-၉-၂၀၁၃ ရက်နေ့တွင် လည်းထပ်မံတွေ့ဆုံမှုပြုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်များနှင်‌့ အကြံဉာဏ်များရယူခဲ့ ပါကြောင်း တို့ကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရှိရပါကြောင်း ရှင်းလင်း ဖြေကြားခဲ့ ပါသည်။

သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်က ဆက်စပ်မေးခွန်း ဆက်လက်မေးမြန်းပါသည်။

ဤမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကို မတင်ပြခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် တိုင်းပြည်မျက်နှာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဝန်ကြီးချုပ်ဦးမြင့်ဆွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အချက်အလက်များနှင့် စာပို့ခဲ့ပါကြောင်း၊ ဤကိစ္စနှင့်ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာမျှ ပြန်ကြားခဲ့ခြင်းမရှိပါကြောင်း။

ယခုတင်ပြနေရသည့် အကြောင်းမှာလည်း မိမိအနေဖြင့်လည်း ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်သဘောထားဆန္ဒကို အနိမ့်ဆုံး နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးသည့် အဆင်‌့မရှိပဲ မိမိတို့ ယခုပြဋ္ဌာန်းထားသော ၂၀၁၂ ခုနှစ် လွှတ်တော်များဆိုင်ရာ ဥပဒေအရ ဆက်လက်တင်ပြရခြင်း ဖြစ်ပါကြောင်း၊ ယခုအနေအထားအရ လွှတ်တော်ကိုယ်စားလှယ် လေးယောက်လုံးက ကန့်ကွက်ထားသောပုဂ္ဂိုလ်ကို အရေးယူခြင်း မရှိသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့၏ ရုံးခန်းပေးထားပါကြောင်း။

ထို့ပြင် သမ္မတ ရုံးညွှန်ကြားချက် ပြန်တမ်းတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များကို မြို့နယ်အုပ်ချုပ်ရေးမှူးက ရုံးခန်းပေးရမည်။ ရပ်ကျေးတွေအထိ ရုံးခန်းများဖွင့်ရမည်။ ယင်းကဲ့သို့ အဆင့်မျိုးပေးထားသော ညွှန်ကြားချက်မျိုး ပြည်ထောင်စုအစိုးရအဖွဲ့မှာ ရှိပါသလား။ မိမိတို့အနေဖြင့် အချိန်မီမတင်ပြဘူးဆိုပါက ဆက်လက်ပြီး အချိန်မီအထောက်အထားနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြလာပါက သမ္မတရုံးအနေဖြင့် အရေးယူပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ရာ သမ္မတရုံးဝန်ကြီးဌာန-၂၊  ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပထမတစ်ချက်ဖြစ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကန့်ကွက်ထားသည်ဆိုသည့် ကိစ္စရပ်များအား မိမိတို့ ဝန်ကြီးဌာနမှ မသိရှိပါကြောင်း၊ ကျန်သည့် ရုံးအဖွဲ့အစည် ကိစ္စများကို ယခင်းမေးမြန်းချက်များတွင် ဖြေကြားပြီး ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။