ကွန်းချောင်းကြိုးဝိုင်းသည် ဧရိယာအားဖြင့် ၁၅၈၆၆ ဧကရှိပြီး မြေပုံမြို့နယ်၏ အကြီးဆုံးကျွန်းတစ်ခုဖြစ်သော ကွန်းချောင်း ကျွန်းပေါ်တွင်တည်ရှိပါကြောင်း၊ ၁၉၁၀ ခုနှစ်မှစတင်ကာ အမိန့်အမှတ် ၆၅/၁၉၁၀ ဖြင့် သစ်တောကြိုးဝိုင်းသတ်မှတ်ခဲ့ပါကြောင်း၊ သို့သော် လွန်ခဲ့သော နှစ် ပေါင်း ၂၀ခန့်က စတင်ကာ အိန္ဒိယကုမ္ပဏီတစ်ခုက သစ်များစတင်ထုတ်လုပ်ပြီး နောက်ပိုင်းတွင် ထူးကုမ္ပဏီက စက်ကိရိယာ၊ ယန္တရား များနှင့် ထုတ်လုပ်ခြင်းကြောင့် သစ်တောပြုတ်းတီးခဲ့သည့်မှာ နှစ်ပေါင်း အတော်ကြာ ပါပြီဖြစ်ပါကြောင်း၊ သစ်တောကြီး နုပျိုစဉ်က နိုင်ငံတော်၏အကျိုးကို သယ်ပိုးနိုင်ပြီး ယခု အိုမင်းမစွမ်းဖြစ်သည့် အချိန်အခါတွင် ပြုစုစောင့် ရှောက်မယ့်သူမရှိသည့် အခြေအနေ မျိုးဖြစ် ပေါ်လာပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကုမ္ပဏီနှင့် နိုင်ငံတော်အစိုးရက ပူးပေါင်းပြီး ကြိုးဝိုင်းသစ်တောအဖြစ် ပြန်ပြီးတည်ထောင်ပေးစေချင်ပါကြောင်း၊ ယင်းဒေသတွင်လည်း ကြိုးဝိုင်းတောကိုမှီခိုပြီး ဘဝရပ်တည်နေကြရသော ထင်းခွေ၊ သစ်ခုတ်၊ နွယ်ဖြတ်၊ ဟင်း တစ်နပ်စာကို ရှာစားနေရသည့် ပြည်သူများလည်းရှိကြပါကြောင်း၊
ယင်းသစ်တောကို သစ်တောကြိုးဝိုင်းလို့သတ်မှတ်လိုက်ခဲ့သည့်အတွက် ပြည်သူတွေအနေဖြင့် သစ်ခုတ်ခြင်း၊ ထင်းခွေခြင်း၊ ဟင်းရှာခြင်း၊ နွယ်ဖြတ်ခြင်းများသည် အလွန်ပင်ခက်ခဲသည့်အပြင် ဥပဒေနှင့်လည်းငြိစွန်းသောကြောင့် ဒုက္ခရောက်ကြသည့် သဘောမျိုး ရှိပါကြောင်း၊ထို့ကြောင့် မြေပုံမြို့နယ်၊ ကွင်းချောင်းကြိုးဝိုင်း သစ်တော အား ပြန်လည်ပြုစုပျိုး ထောင်ရန် အစီ အစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ခုနှစ်မှစ၍ မည်သို့အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်နှင့် အစီ အစဉ်မရှိပါက ဒေသခံပြည်သူများ ဥယျာဉ်ခြံမြေများ ဝင်ရောက် လုပ်ကိုင်နိုင်ရန်နှင့် ကြိမ်၊ နွယ်၊ သစ်၊ ဝါးများကို လွတ်လပ်စွာ ရယူသုံးစွဲနိုင်ရန်အတွက် ကြိုးဝိုင်းသစ်တော အဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေ ခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ ကွန်းချောင်းကြိုးဝိုင်းသည် ဧရိယာ ၁၅၈၆၆ ဧကရှိပြီး ယခင် သစ်တောရေးရာဝန်ကြီးဌာန၏ ၆-၄-၁၉၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆၅/၁၉၁၀ဖြင့် သစ်တောကြိုးဝိုင်းကို ဖွဲ့စည်း တည်ထောင်ခဲ့ တာဖြစ်ပါကြောင်း၊ အဆိုပါ ကြိုးဝိုင်းအတွင်းတွင် လက်ရှိသစ်တောဖုံး လွှမ်းမှု ကို ကောင်းကင်ဂြိုလ်တုဓာတ်ပုံ (RIS liss-3 2010) နှင့် လေ့လာဆန်းစစ်ချက် အရ ရွက်အုပ် ပိတ်တော ၄၉၀၂ ဧက၊ ရွက်အုပ်ပွင့်တော ၁၀၄၅၃ ဧက၊ ရွှံ့နွံတော ၂၃ ဧက စုစုပေါင်း ၁၅၃၇၈ ဧကခန့် သစ်တောများ ဖုံးလွှမ်းလျက်ရှိပြီး စိုက်ပျိုးမြေ ၄၈၈ ဧကခန့်ရှိနေကြောင်းကို တွေ့ရှိရ ပါကြောင်း၊
ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြေပုံမြို့နယ် ကွန်းချောင်းကြိုးဝိုင်းအတွင်း တွင် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ၁၉၈၆-၁၉၈၇ ဘဏ္ဍာ နှစ်တွင် သစ်မာ ၂၉၁၉၈ တန်၊ ၁၉၉၉-၂၀၀၀ တွင် သစ်မာ ၁၃၇၁၅ တန် ၊၂၀၁၀-၁၁တွင် သစ်တောဦးစီးဌာနက ကွန်းချောင်း ကြိုးဝိုင်းအတွင်းရှိ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် ရင်စို့လုံးပတ် ၂ ပေနှင့် အထက်၊ သစ်မာအုပ်စုမျိုးစုံ အပင်ပေါင်း ၁၅၆၀၀၀ ရှိနေကြောင်းကို ခန့်မှန်းတွက်ချက်ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ၁၉၉၅ ခုနှစ် မြန်မာ့သစ်တောမူဝါဒများ၊ အမျိုးသားသစ်တောဥပဒေနှင့်အညီ အမျိုးသားသစ်တောကဏ္ဍ ပင်မနှစ် ၃၀ စီမံကိန်းကို ရေးဆွဲပြီး သစ်တောသယံဇာတများအရင်းအမြစ် ရေရှည်တည်တံ့ရေးနှင့် သစ်တောနယ်မြေများ တိုးချဲ့ ဖွဲ့စည်းရေးကို ရည်မှန်းချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကွန်းချောင်း ကြိုးဝိုင်းအတွင်းရှိ တည်ဆဲ သစ်တောများကို သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများအရ ကာကွယ် ခြင်း၊ လိုအပ်သလို သစ်တောများကို ပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း အချိန်ကာလအလိုက် အလေးထားဆောင် ရွက်လျက်ရသည့်နည်းတူ ကွန်းချောင်းကြိုးဝိုင်း အတွင်းရှိ တောနိမ့်၊ တောပျက်နေရာ များတွင် ဒေသခံပြည်သူ များအတွက် ပုဂ္ဂလိကသစ် တောစိုက်ခင်းများ ထူထောင်ခြင်း၊ ဒေသခံပြည်သူ အစု အဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ကြိုးဝိုင်းမြေမှ ပယ်ဖျက်ခြင်း မပြုဘဲ နှစ်ရှည် ဆောင်ရွက်လုပ်ကိုင် ခွင့်ပြုသွားနိုင်ကြောင်း၊
ဒေသခံပြည်သူများမှ ကြိမ်၊ ဝါး အပါအဝင် လယ်ယာလုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံးသစ်တောထွက်ပစ္စည်းများကို မိမိတို့ နေအိမ်သုံး အဖြစ်နဲ့ သုံးစွဲလိုပါက ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ ၁၇၊ ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ)နှင့် သစ်တောနည်းဥပဒေ ၆ တို့အရ ထုတ်လုပ်နိုင်ပါကြောင်းနှင့် စီးပွားဖြစ်ထုတ်လုပ်လိုပါ က နှစ်စဉ်စီမံကိန်းရည်မှန်းချက်များအတိုင်း သစ်တောဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂၀ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်နိုင်ပါကြောင်၊
ထို့ကြောင့် ကွန်းချောင်းကြိုးဝိုင်းအတွင်း သစ်တောဖုံးလွှမ်းမှု ကောင်းမွန်သောဧရိယာများကို ဝန်ကြီးဌာနအနေဖြင့် ကာကွယ် ထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ တောကျဲပါးသော တောနိမ့်၊ တောပျက်ဧရိယာများ တွင် ဒေသခံပြည်သူများအတွက် ပုဂ္ဂလိက ပိုင်စိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းများကို နှစ်ရှည်လုပ်ကိုင်ခွင့်ပြုခြင်း၊ ထို့အတူ ဒေသခံ ပြည်သူများအတွက် သစ်တောထွက်ပစ္စည်းများ၊ မိမိသုံးအတွက် သုံးစွဲရန်နှင့် စီးပွားဖြစ် အဖြစ် အသုံးပြုနိုင်ရေး အခြေ အနေတို့ကိုလည်း စနစ်တကျစီမံဆောင် ရွက်ပေးနိုင်ပါကြောင်း ဖြေကြားပါသည်။
ဦးဖေသန်း(မြေပုံ)မှ ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းပါသည်။
မိမိအနေဖြင့် မေးမြန်းသည်မှာ ကွန်းချောင်းသစ်တောကြီး ပြန်လည် ပြုစုပျိုးထောင်ရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် ကာကွယ်ထိန်းသိမ်းမည်၊ ပြုစုပျိုးထောင်မည်ဆိုသည်များကို သာ ယေုယျဆန်ဆန်ပြောသွားသည့် အတွက် မည်ကဲ့သို့ စတင် ပြုစုပျိုးထောင်မည့် အစီအစဉ်များ ကို ဖော်ပြရန်လိုမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုယ်တိုင် ကိုယ်ကျ သွားရောက်ခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ ဆုံမေးမြန်းများမှုများလည်းပြုလုပ်ခဲ့ပါကြောင်း၊ အဖိုးတန်သစ်များမှာ များပြား စွာပြုန်းတီးနေပြီး စီးပွားဖြစ် ထုတ်လုပ်ရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပါကြောင်း၊ သစ်တော ဌာနအနေနှင့် ပြန်လည် မပြုစုဘူး ဆိုပါက မည်သူ့အတွက်မှ အကျိုးမရှိတော့သည့်အပြင် ဒေသခံတွေအနေဖြင့် သစ်တောသို့ လျှောက်ထား အကြောင်းကြားပြီး သစ်များကို ခုတ်ရမည်ဆိုသည်မှာလည်း ထင်းခွေရန်အတွက် ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန များကို လျှောက်ထားရမည့် ပုံစံမျိုးဖြစ်နေသည့်အပြင် သစ်တွေပိုင်းလာပြန်ပြီဆိုလည်း သစ်တောဥပဒေနှင့် ငြိစွန်းနေ သကဲ့သို့ ဖြစ်နေမည့် အပြင် တစ်ဖက်တွင်လည်း နိုင်ငံတော်အတွက်ရော၊ ဒေသခံအတွက်ရော စီးပွားဖြစ် ထုတ်လုပ်နိုင်သော အခြေအနေမျိုး လုံးဝ မရှိတော့ ပါကြောင်း၊ထိုကြောင့် ဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းလေ့ လာပြီးတော့မှ ဆုံးဖြတ်ပေးသင့်ပါကြောင်းနှင့်မည်သို့ အစီအစဉ်မျိုးနှင့် ပြန်လည်ထူထောင်သွားမည်၊ (သို့မဟုတ်)ပယ်ဖျက် သွား မည်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဦးဖေသန်း(မြေပုံ)၏ ဆက်စပ်မေးခွန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်မှ ဆက်လက်ဖြေကြားပါသည်။
မိမိတို့တွင် သစ်တောခရိုင်အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို ၁၀ နှစ် တစ်ကြိမ် ရေးဆွဲပါကြောင်း၊ သစ်တောကြိုးဝိုင်း များပြုလုပ်ခြင်းအပေါ် သစ်တောခရိုင်အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းအရ ပထမတစ်ချက်အနေဖြင့် Stallite Image ဖတ်ခြင်း၊ ၂၀၁၀-၁၁တွင် အင်ဗက်တီ Team များ ဝင်၍ ၎င်းအပေါ်တွင် နည်းပညာအရ တွက်ချက်ခြင်း၊ တွက်ချက်ရရှိသော အပင်အရေ အတွက်ကို ဖော်ပြထားခြင်း ထို့နောက် ကြိုးဝိုင်းအတွင်း သက်ဆိုင်ရာ ခရိုင်အလိုက် Working Cycle (ခေါ်) အလုပ် တိုက်နယ်မြေဖွဲ့ခြင်းများ ဆောင်ရွက်ရပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်အတွင်း သစ်ထုတ်လုပ်ရေး အလုပ်တိုက်နယ်၊ ရေဝေလဲ အလုပ်တိုက်နယ်၊ ဒေသထောက်ပံ့ရေးအလုပ်တိုက်နယ် စိုက်ခင်းအလုပ်တိုက်နယ်စသည်ဖြင့် အလုပ် တိုက်နယ်များခွဲပြီး ကြိုးဝိုင်းအလိုက် ယင်းအလုပ်တိုက်နယ်များကို ထားရှိပါကြောင်း၊ မိမိတို့ ရုံးချုပ်မှ အဆိုပါ အလုပ်တိုက်နယ်များ တင်ပြချက်များအပေါ်မှာမူတည်ပြီး ထိန်းသိမ်းသော လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကြိုးဝိုင်းကြီးကိုပယ်ဖျက်ရန် (သို့) မပယ်ဖျက်ရန်ဆိုသည်မှာ မိမိတို့ သက်ဆိုင်ရာက အသေးစိတ်ကွင်း ဆင်းပြီးမှ ပြန်လည်စိစစ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကြိုးဝိုင်းများ ပယ်ဖျက်ရခြင်းဖြင့် ကျေးရွာပေါင်း များစွာအတွက် အမှန်တကယ်အကျိုးရှိမည်ဆိုပါက မိမိတို့အနေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တစ်ဖက်က လူများ၏ အသုံးလိုမှုကို ရှေးရှုသလို သက်ရှိ သတ္တဝါတွေရော အားလုံး နောင်သားစဉ်မြေးဆက်ရေ ရှည်ရပ် တည်နိုင်ရန် ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမှာဖြစပါကြောင်း၊ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု အတွက် ပတ်ဝန်း ကျင်ဆိုင်ရာ ထိန်းကျောင်းပြုပြင်မှုများ စသည်ဖြင့် အားလုံးကို စဉ်းစား၍ ယင်းကြိုးဝိုင်းများ၏တန်ဖိုးသည် စီးပွားရေး အလို့ငှာထက် မည်သည်အထိစဉ်းစားသင့်ဆိုသည် ကို ပြန်လည် တင်ပြလိုပါကြောင် ဖြေကြားပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကကြီးမှ
ဘက်ပေါင်းစုံမှ ကြည့်ရှု၍ ပြည်သူအတွက်၊ နိုင်ငံအတွက်သာမက သဘာဝပတ်ဝန်းကျင်အတွက်ပါ အ ဆင်ပြေအောင် ဆက်လက် ဆောင်ရွက်ရန် သုံးသပ်ပြောကြားပါသည်။
