(ဂ)-တက္ကသိုလ်ကျောင်းများရှိ လက်တွေ့ခန်းများ၌ သိပ္ပံပစ္စည်းများ ဝယ်ယူရန် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှု အခြေအနေကိုသိလိုခြင်းနှင့်သိပ္ပံကျောင်းသားများအား လက်တွေ့စာမေးပွဲများစစ်ဆေးခြင်း၊အကဲဖြတ်ခြင်း၊ Creditသတ်မှတ်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၉.၇.၂၀၁၄)

ဒေါက်တာစိုးရင် (ကမာရွတ်)ယခုနိုင်ငံတော်အစိုးရလက်ထက် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် မျက်မှောက်ခေတ် မြန်မာနိုင်ငံတက္ကသိုလ်ပညာရေးကို အပြုသဘောဝေဖန်ဆန်းစစ်ကြသူများက ပညာအရည်အသွေး အထူးသဖြင့် သိပ္ပံပညာရပ်များတွင် နိမ့်ကျနေသည်ကို သုံးသပ်ကြပါကြောင်း၊ တက္ကသိုလ်များတွင် လက်တွေ့ခန်းများ (Laboratories) ပြည့်စုံစွာမရှိခြင်း၊ လက်တွေ့ခန်းသုံးပစ္စည်းများ မပြည့်စုံခြင်း၊ အဆင့်မမီခြင်းတို့အပြင် ကျောင်းသားများ လက်တွေ့စမ်းသပ်မှု Practical Exmination များကို ကိုယ်တိုင် ကိုယ်ကျပြုလုပ်ခွင့်မရရှိတာကြောင့် သိပ္ပံလက်တွေ့ အတွေ့အကြုံများ (Practical  Experience) မရ ရှိတော့ဆိုသည့် သုံးသပ်ချက်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Scientific Analysis ၊ Data Analysis၊ Data Interpretation စသည့် နည်းစနစ်များကိုလည်း မတတ်ကြသည့်အပြင် လက်ရှိကျင့်သုံးနေသော သင်ကြားမှုပုံစံနည်းစနစ် ခေတ်မမီတော့သည့်အတွက်ကြောင့် analytical reasoning၊ critical thinking၊ creative outlook စသည့်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်မှု အားနည်းရသည်လို့လည်း အကဲဖြတ်ကြပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဘွဲ့ရအများစုသည် ပညာအခြေပြု Knowledge Base လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန် အရည်အသွေးမပြည့်မီတောခြင်းဖြစ်ပါကြောင်းကို သုံးသပ်ကြပါကြောင်း။

တက္ကသိုလ်များ၏ အဓိကတာဝန်သည် ထိရောက်သော သင်ကြားရေးနှင့် ပြုပြင်ရေး Teaching Leaning and result တို့ကို နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသားအများကို ပညာအခြေပြုစွမ်းဆောင်မှု Knowledge Base Capacity ပြည့်မီအောင်လေ့ကျင့်သင် ကြားဖြည့်စည်းပေးရန်၊ တတ်မြောက်ရန်အတွက် တက္ကသိုလ်များတွင် ပညာရပ်ဆိုင်ရာ လုပ်ကိုင်ခွင့် Academic Authority ရှိရမည်ဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်မီသော ဆရာများနှင့် သုတေသန ပညာရှင်အစုအဖွဲ့များ ပြည့်စုံစွာရှိရမည်ဖြစ်ပြီး စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းများ (Scientific Laboratorys)၊ ခေတ်မီသိပ္ပံပစ္စည်းများ (Modern Scientific Equitments) ပြည့်စုံရန် လိုအပ်ပါကြောင်း။

ယခုအချိန်တွင် နိုင်ငံတော်အစိုးရက တက္ကသိုလ်များ ပညာရည်မြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သိပ္ပံပညာရေးကဏ္ဍ လုပ်ငန်းများအပေါ် အကဲဖြတ်ဦးစီးရမည့် ဆောင်ရွက်မှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကျောင်းသားမိဘပြည်သူအပေါင်းက လေ့လာပြီး ပညာရေးတိုးတက်မှုကို ဝေဖန်သုံးသပ် အကဲဖြတ် ဆောင်ရွက်နိုင်ရန်အတွက် (၁) တက္ကသိုလ်များတွင်ရှိ သိပ္ပံဘာသာရပ်ဌာနများတွင် လက်တွေ့ခန်းများကို အဆင့်မြှင့်တိုးချဲ့ တည်ထောင်ထားရှိမှု စံချိန်မီလက်တွေ့ခန်းသုံး သိပ္ပံပစ္စည်းများ Standard Laboratory Apparatus ပြည့်စုံအောင်ဖြည့်ဆည်းပေးထားမှုများနှင့် ထိုသို့ဖြည့်ဆည်းပေးရေး အတွက် တက္ကသိုလ်အလိုက် သိပ္ပံပစ္စည်းများ ဝယ်ယူဖြည့်ဆည်းရန် ဘတ်ဂျက်ခွဲဝေသုံးစွဲထားမှုအခြေအနေကို သိရှိလိုပါကြောင်း၊ (၂) တက္ကသိုလ်တိုင်းတွင် သိပ္ပံကျောင်းသားတိုင်း လက်တွေ့စမ်းသပ်မှုများ Last Experience များကို ကိုယ်တိုင်သိပ္ပံပစ္စည်းများ ကိုင်တွယ်အသုံးပြုပြီး လက်တွေ့ Practical လုပ်ဆောင်နေခြင်းရှိ/မရှိ၊ လက်တွေ့စာမေးပွဲများ Practical Exmination များကို ကျောင်းသားတစ်ဦးချင်းအလိုက် စစ်ဆေး ခြင်း၊ အကဲဖြတ်ခြင်း၊ Credit သတ်မှတ်ခြင်းရှိ/မရှိတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် နိုင်ငံတော်အစိုးရသစ် လက်ထက်မှာ ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များတွင် ပညာ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ၊ သက်မွေးဝမ်းကျောင်းပညာရပ်များ အတွက်ပါ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များတွင် အရည်အချင်းပြည်‌့မီသော ဆရာများနှင့် သုတေသနများ ပေါ်ထွန်းလာစေရန်အတွက် ရန်ကုန်တက္ကသိုလ်တွင် (Universitie’s Research Centre, URC), (Asian Research Centre, ARC)၊ ပုသိမ်တက္ကသိုလ်တွင် (Biotechnology Research Centre) မကျီးအဏ္ဏဝါသိပ္ပံစခန်း၊ မော်လမြိုင်တက္ကသိုလ်တွင် စက်စဲအဏ္ဏဝါသိပ္ပံစခန်း၊ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဌာနများစသည့်ဖြင့် ဖွဲ့စည်းတည်ထောင် ထားရှိပြီး လက်တွေ့စမ်းသပ်မှုသုတေသနများကို ဆောင်ရွက်လျက်ရှိသည့်အပြင် မန္တလေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်နှင့် တောင်ကြီးတက္ကသိုလ်ကျောင်းများတွင်လည်း သိပ္ပံသုတေသနကျောင်းဆောင်များ ဆောက်လုပ်ပေးပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သုတေသနဓါတ်ခွဲခန်းသုံးပစ္စည်းများကို သိပ္ပံလက်တွေ့ခန်းများတွင် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ e-Library, Online Library များကို Open Society Foundation ကဲ့သို့သော အဖွဲ့အစည်းများ၏ အကူအညီများဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် စတင်အသုံးပြုလျက်ရှိပါကြောင်း၊ ဆက်လက်ပြီး အခြားတက္ကသိုလ်များတွင် တိုးချဲ့အသုံးပြုနိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခေတ်မီသင်ကြားနည်းစနစ်များ အသုံးပြုသင်ကြားနိုင်ရေး၊ ပညာအခြေပြု စွမ်းဆောင်ရည် ပြည့်မီရေးအတွက် တက္ကသိုလ်များမှ ဆရာ၊ဆရာမများအား ပညာသင်စေလွှတ်ခြင်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ထိုဆရာဆရာမများ မှတစ်ဆင့် ပြန်လည်ပြန့်ပွားစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မီအသိအမှတ်ပြု အရည်အသွေးများ ပြည့်စုံရေးအတွက် ASEAN University Network Quality Assurance(AUN-QA)စနစ် ကဲ့သို့သော အရည်အသွေးအာမခံမှုစနစ်များကို ကျင့်သုံးနိုင်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ၊ တက္ကသိုလ်များတွင် သိပ္ပံပညာရပ်ကဏ္ဍတစ်ခုကို အဆင့်မြှင့်တင်နိုင်ရန် တက္ကသိုလ်တစ်ခုချင်းအလိုက်၊ ဘာသာရပ်အလိုက် သိပ္ပံလက်တွေ့ခန်းများတွင် စံချိန်မီ လက်တွေ့ခန်း သုံးသိပ္ပံပစ္စည်းများ ပြည့်စုံအောင်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စက်ဖွဲ့စည်းပုံ၊ လူဖွဲ့စည်းပုံရှိသကဲ့သို့ စံပြုသော Laboratory စံနှုန်းများကို ပြန်လည်ပြုစုထားပြီးဖြစ်ပါကြောင်း၊ ယခင်က လက်တွေ့ Standard Laboratory Apparatus များကို မည်သည့်သုတေသနခန်းတွင် မည်သည့်အရာများ ရှိရမည်အပြင် Value for Money ပစ္စည်းများကို ဝယ်ပြီး အစဉ် အသုံးပြုနိုင်ရန်အတွက် ဦးစားပေး အစီအစဉ်များဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သိပ္ပံဘာသာရပ်များ၏ တင်ပြချက်များအရ သိပ္ပံပစ္စည်းများဝယ်ယူဖြည့်ဆည်းရန် ဘဏ္ဍာရေးအပြင် ခွင့်ပြုရန်ပုံငွေကို ၂၀၁၂-၁၃ ဘဏ္ဍာရေးတွင် ကျပ်သန်းပေါင်းလေး‌ထောင်ကျော်၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်းသုံးထောင်ကျော်၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း သုံးထောင့်ရှစ်ရာကျော်တို့ကို အချိုးကျ ခွဲဝေရရှိသော ခွင့်ပြုရန်ပုံငွေဖြင့် နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  ထို့အပြင် မိမိတို့ ရရှိသော ရန်ပုံငွေကိုလည်း သင်ထောက်ကူ ပစ္စည်းများအတွက် ရာခိုင်နှုန်းမည်မျှ သုံးထားသည်ကို တွက်ချက်စေပြီး တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်သွားရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တက္ကသိုလ်တိုင်းရှိ လက်တွေ့ခန်းများကို Class Size အလိုက် ၁၀ဦးမှ ၂၅ ဦးအထိ အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်သော်လည်းကောင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီဖြင့်လည်းကောင်း သိပ္ပံပစ္စည်းများကို လက်တွေ့ကိုင်တွယ်အသုံးပြုခြင်း၊ စမ်းသပ်မှုပြုလုပ်ခြင်း၊ လက်တွေ့စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ Credit သတ်မှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များမှ Credit System ကို ၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင် ပြီး အသုံးပြုခဲ့ပါကြောင်း၊ Credit Bank System ကိုကျင့်သုံးလျက်ရှိပြီး နိုင်ငံတကာတက္ကသိုလ်များနှင့် အပြန်အလှန် ဖလှယ်ဆောင်ရွက်နိုင်ရန်အတွက် Credit Transfer များကိုလည်း ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။