(ခ)-လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့်ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက်နိုင်ငံတော်မှမည်ကဲ့သို့စီမံဆောင် ရွက်နေသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၉.၇.၂၀၁၄)

ဦးအောင်မြင့် (ဂန့်ဂေါ)မိမိတို့ မြန်မာနိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေး အတွက် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုလို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးနေသည့် ပညာရေးကဏ္ဍသည် အဓိကအရေးကြီးသော အခန်းကဏ္ဍကြီးမှ ပါဝင်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၃ တွင် နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လူငယ်များ၏ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လူငယ်များသိရှိနားလည် သဘောပေါက်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မေးခွန်း(၁) လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုသည့် အနက်အဓိပ္ပာယ်အား ကျယ်ကျယ်ပြန့်ပြန့်ရှင်းရှင်းလင်းလင်း သိရှိလိုပါကြောင်း၊ မေးခွန်း(၂) လူငယ်များမျိုးချစ်စိတ်ပပျောက်ပါက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအား သိရှိလိုပါကြောင်း၊ မေးခွန်း(၃) လူငယ်များအတွေးအခေါ် မှန်ကန်ရေးဆိုသည့် အနက်အဓိပ္ပာယ်အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းရှင်းလင်းလင်း သိရှိလိုပါကြောင်း၊ မေးခွန်း(၄) လူငယ်များ၏အတွေးအခေါ်များ မမှန်ကန်ပါက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အတွက် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအား သိရှိလိုပါကြောင်း၊ မေးခွန်း(၅) ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးဆိုသည့် အနက်အဓိပ္ပာယ်အား ကျယ်ကျယ်ပြန့်ပြန့်ရှင်းရှင်းလင်းလင်း သိရှိလိုပါကြောင်း၊ မေးခွန်း(၆) လူငယ်များ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးများမရှိပါက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအတွက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ  သိရှိလိုပါကြောင်း၊ မေးခွန်း(၇) လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်မျိုးချစ်စိတ်ဓာတ်ဆိုသည်က တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်သောစိတ်ဟု အဓိပ္ပာယ်ရပါသည်။ မေးခွန်း(၂) မျိုးချစ်စိတ်ဓာတ်ကင်းမဲ့လျှင် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း မရှိပါကြောင်း၊ နောက်မေးခွန်း(၃) အတွေးအခေါ်မှန်ကန်ရေးဆိုသည်မှာ အကောင်းအဆိုး၊ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိပြီး မှန်ကန်စွာတွေးခေါ်နိုင်မှုကို ဆိုလိုပါသည်။ လူတစ်ဦးတစ်ယောက်အတွက် အတွေးအခေါ်မှန်ကန်ရေးသည် အဓိကကျသည့်အချက်ဖြစ်သောကြောင့် လူ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း တစ်ခုလုံး အကောင်းအဆိုး၊ အမှားအမှန် အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မေးခွန်း (၄) လူငယ်များအနိုင်ရ၍ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ပါက အတွေးအခေါ်မှန်ကန်ရေးသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် အရေးကြီးပါကြောင်းနှင့် မှားယွင်းသော အတွေးအခေါ်အယူအဆ ပြုမူမိပါက တိုင်းပြည်နှင့် လူမျိုးအတွက် ထိခိုက်နစ်နာစေသော ရလဒ်များ ဖြစ်ပေါ်စေနိုင်သည့်တွက် လူငယ်များ၏ အတွေးအခေါ်မှန်ကန်ရေးသည် အလွန်အရေးကြီးပါကြောင်း၊

မေးခွန်း(၅) ဗလငါးတန်ဆိုသည်မှာ ကာယဗလ ကိုယ်ခန္တာကျန်းမာသန်စွမ်းမှု၊ ဉာဏဗလ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ စာရိတ္တဗလ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ မိတ္တဗလ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ ဘောဂဗလ ပစ္စည်းဥစ္စာ ကြွယ်ဝမှု Knowledge Base ခေတ်ဖြစ်သည့်အတွက် ပညာရေး တတ် မြောက်မှုဟု တင်ပြလိုပါကြောင်း၊ မေးခွန်း(၆) ဗလငါးတန် မပြည့်စုံလျှင် အတွေးခေါ်မြော်မြင်နိုင်မှု မရှိခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်း၊ မိတ်ကောင်းဆွေကောင်းကင်းမဲ့ခြင်းတို့ ဖြစ်လာပြီး တိုင်းပြည်၏အနာဂတ်သည် လူငယ်များ၏ လက်တွင်ရှိသည့်အတွက် လူငယ်များဗလငါးတန် ချို့တဲ့ပါက တိုင်းပြည် အားနည်းယိုယွင်းလာမည်ဖြစ်ပါကြောင်း၊

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးများ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ ထိန်းသိမ်းနိုင်ရေးတို့အတွက် တိုင်းရင်းသားရုပ်သံလိုင်းကို တိုင်းရင်းသားဘာသာ ၁၅ မျိုးဖြင့် တိုးချဲ့ထုတ်လွှင့် ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ထုတ်လွှင့်ပေးခြင်းသည် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို တန်ဖိုးထားချစ်မြတ်နိုးစိတ်မျိုး ပေါ်ပေါက်လာစေရန် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပေးခြင်းသည် အထောက်အကူဖြစ်စေပါကြောင်း၊ ထို့အပြင် ဗလငါးတန် ပြည့်ဝစေရန်အတွက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ လူငယ်များအတွက် ပညာရပ် ၁၁ မျိုးနှင့် ပတ်သက်သည့် စာအုပ်များနှင့် သတင်းစာများတွင်လည်း ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲပြီး လူငယ်များအတွေးအခေါ် ရင့်ကျက်တည်ငြိမ်မှုရှိစေရန် ဝါရင့်ဆောင်းပါးပညာရှင်များ၏ ပညာပေးဆောင်းပါးများ၊ သတင်းအတွေးအခေါ် မှန်ကန်စေရေး ဆောင်းပါးများ ဖော်ပြပေးလျက်ရှိပါကြောင်း၊

ထို့အပြင် ကျောင်းသင်ခန်းစာများကိုလည်း သင်ရိုးညွှန်းတမ်းများရေးဆွဲပြီး တွဲဖက်သင်ရိုးဝင်များအဖြစ် ပြည်ထောင်စုစိတ်ဓာတ်၊ လူ့အခွင့်အလမ်း၊ ဘဝအတွက်ကျွမ်းကျင်စရာ၊ စာရိတ္တနှင့်ပြည်သူ့နီတိ စသည့် ဘာသာရပ်များကို မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ တိုးချဲ့သင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များ မိမိကိုယ်ကို ထိန်းကျောင်းနိုင်မှု၊ ခေါင်းဆောင်နိုင်မှုစသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ကျောင်းကောင်စီများဖွဲ့စည်းပေးခြင်း၊ ကင်းထောက်များဖွဲ့စည်းပေးခြင်း၊ လူရည်ချွန်များမွေး ထုတ်ပေးခြင်းကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လူငယ်တို့လုပ်နိုင်သည့် စွမ်းအားများကို အသိအမှတ်ပြုပေးရုံ သာမက အသိအမှတ်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ၎င်းနှင့် သက်ဆိုင်သည့် အခွင့်အရေး၊ အခွင့်အလမ်းများကို ရရှိစေရန် အဖက်ဖက်မှပံ့ပိုးကူညီခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ၊ နယ်မြေဒေသဆိုင်ရာ လူငယ်တွေ့ဆုံပွဲများ၊ ညီလာခံများကျင်းပပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။