ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်ရှိ သံလွင်တံတား(ဖာဆောင်း)သည် စီမံကိန်း၏ ခန့်မှန်းချိန်တန်ဖိုးအား သန်း ၃၀၀၀ ဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ် Supplementary ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် နောက်ထပ်ကျပ်သန်း ၁၀၀၀ ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခွင့်ပြုခဲ့ပြီး ကယားပြည်နယ်အစိုးရကနေ ရန်ပုံငွေကနေ ကျပ်သန်း ၂၀၀၀ ဖြင့်လည်းကောင်း၊ ယနေ့အထိ ခွင့်ပြုငွေစုစုပေါင်း ကျပ်သန်းပေါင်း ၃၂၀၀ ဖြင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်မူကြမ်း စာအုပ် စာမျက်နှာ ၂၆၆ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထပ်မံလျာထားရာ ယင်းတံတားအတွက် ကျပ်သန်း ၃၀၀၀ ဟု တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကယားပြည်နယ်အစိုးရမှ ခွင့်ပြုပေးခဲ့သော ကျပ်သန်း ၂၀၀၀ တွင် လွှတ်တော်သို့ တင်ပြအတည် ပြုခြင်းမရှိဘဲ နိုင်ငံတော် စီမံကိန်းကြီးတစ်ခု ဆောင်ရွက် နေခြင်းမှာ ဘတ်ဂျက်ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ၊ သံလွင်တံတား (ဖာဆောင်း)သည် မူလခန့်မှန်းခြေ တန်ဖိုး ကျပ် ၃၀၀၀ သာရှိပြီး ပြီးဆုံးချိန်တွင် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ မည်မျှရှိပါသနည်းနှင့် မည်သည့်အချိန် ကာလတွင် ပြီးဆုံးမည်ကို သိရှိလိုကြာင်း မေးမြန်းပါသည်။
ကယားပြည်နယ်၊ ဖာဆောင်းမြို့ရှိ သံလွင်တံတား(ဖာဆောင်း)သည် ကယားပြည် နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့် အတွက် တံတားဆောက်လုပ်ရန် ကယားပြည်နယ် အစိုးရမှ တင်ပြချက်အရ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်အတွက် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ တွင် တောင်းခံခဲ့ရာ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ရရှိပြီး အကြို အင်ဂျင်နီယာ လုပ်ငန်းများဖြစ်သော တံတားအူကြောင်း တိုင်းတာရွေးချယ်ခြင်း ၊ ရေစမ်းသပ်ခြင်း၊ တံတားပုံစံ ထုတ်ခြင်း၊ ရုံး၊ ဂိုထောင် စသော အဆောက်အအုံဆောက်လုပ်ခြင်းများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း။
သို့သော် သံလွင်တံတား(ဖာဆောင်း)အား ဒေသလိုအပ်ချက်အရ စီမံကိန်းအမြန် စတင်ဆောင်ရွက်နိုင်ရေး အတွက် အသေးစိတ် Design ပုံစံများ မဆောင်ရွက်မီ တံတားအရှည်ကို မြစ်အကျယ်အတိုင်း ၁၀၀၀ ပေ လျာထား၍ အုတ်မြစ်နဲ့ အောက်ထည်လုပ်ငန်းများအတွက် ခန့်မှန် တွက်ချက်ပြီး စီမံကိန်းတန်ဖိုးကို ကျပ်သန်း ၃၀၀၀ လျာထားတင်ပြခဲ့ပါကြောင်း၊ ထို့အပြင် တံတားသံပေါင်များကို လည်းပဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ Exim Bank ချေးငွေဖြင့် ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၂.၅ သန်း၊ ပြည်တွင်းသုံးငွေကျပ် ၂၄၃၀ သန်းအား စက်ပစ္စည်း ရန်ပုံငွေတွင် တင်ပြထားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ တံတားတည်ဆောက်ရေး အတွက် ကျပ်သန်း ၃၀၀၀ နှင့် တံတားသံပေါင်ဖိုး ကျပ်သန်း ၂၄၃၀ ပေါင်း၍ စီမံကိန်းတန်ဖိုးအား ၅၄၃၀ သန်းဖြင့် ခန့်မှန်းခဲ့တာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွင် မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်မည့်ကျပ်သန်း ၃၀၀၀ ကိုသာ စီမံကိန်းတန်ဖိုးအဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်ပါကြောင်း။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံ Exim Bank ချေးငွေရယူခြင်း မရှိတော့သည့်အတွက် တံတားသံပေါင် များ ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်းတို့ကို ပြည်တွင်းသုံးငွေကျပ်ဖြင့်သာ ဝယ်ယူဆောင်ရွက်ရန် အစီအစဉ် ပြောင်းလဲခဲ့သည့်အတွက် တံတားစီမံကိန်း တန်ဖိုးကျပ်မှာ ၇၁၉၄ သန်း သို့ ပြောင်းလဲရခြင်းမှာ-
(က) မူလတံတားအရှည် ပေ ၁၀၀၀ ဖြင့် စီမံကိန်းတန်ဖိုးအား ခန့်မှန်းတင်ပြခဲ့ခြင်းဖြစ်ပြီး အသေးစိတ် တိုင်းတာခြင်း တံတားပုံစံထုတ်ခြင်း ဆောင်ရွက်ပြီးချိန်မှာ တံတားအရှည် ၁၂၆၀ ပေသို့ ပြောင်းလဲသွားခြင်း။
(ခ) တံတားမြစ်ကြမ်းပြင်မြေအား စမ်းသပ်မှုများအရ ကျောက်လွှာများ ထူထပ်စွာ တွေ့ရှိရသည့်အတွက် တံတားတိုင်များအား သတ်မှတ်အနက်ရရှိအောင် ခက်ခဲစွာ အချိန်ယူဆောင်ရွက်ရသဖြင့် မူလ ခန့်မှန်းချေထက် ပိုမိုကုန်ကျရခြင်း။
(ဂ) တံတားတည်ဆောက်ရေး စက်ယန္တရားကြီးများ Floating Tank များအပါအဝင် တည်ဆောက်ရေး ပစ္စည်းများအား အခြားလုပ်ငန်းခွင်အသီးသီးမှ ဝေးလံစွာ အဆင့်ဆင့် သယ်ယူရခြင်း စသည် တို့ကြောင့် စီမံကိန်းတန်ဖိုးပြောင်းလဲရခြင်း တို့ဖြစ်ပါကြောင်း။
တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် ရရှိပြီးရန်ပုံငွေများမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၂၀၀၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၀၀၀၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၂၀၀၀ စုစုပေါင်း ကျပ်သန်း ၃၂၀၀ ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်ဆောက်လုပ်ခဲ့သော်လည်း ဆောလျင်စွာ ပြီးစီးနိုင်ရေး အတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကယားပြည်နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေမှ ပေါင်းစပ် ထည့်ဝင်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေမှာလည်း ပြည်နယ်အစိုးရမှ ပြည်နယ်လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူခဲ့ပြီး ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရေးကော်မရှင်မှတစ်ဆင့် ကယားပြည်နယ်အစိုးရ၏ အရအသုံးစာရင်းအား ပြည်ထောင်စုလွှတ်တော်သို့တင်ပြ၍ ခွင့်ပြုချက်ရယူထားခြင်းဖြစ်ပါသဖြင့် ဘတ်ဂျက် ဥပဒေနှင့် ညီညွတ်မှုရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။
တံတားစီမံကိန်း တည်ဆောက်ပြီးချိန်တွင် ကုန်ကျမည့်စုစုပေါင်း စီမံကိန်းတန်ဖိုးမှာ ကျပ်သန်း ၇၁၉၄ ခန့် ခန့်မှန်းထားပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၃၀၀၀ တင်ပြထားပြီး ကျန်သောလိုငွေ ၉၉၄ သန်းအား ၂၀၁၄-၂၀၁၅ ဖြည့်စွက်ရန်ပုံငွေမှာ တင်ပြတောင်းခံ၍ ၂၀၁၅ ခုနှစ် မတ်လအတွင်းပြီးစီးရန် ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကျော်ခိုင်ဝင်း (မဲ့စဲ့) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဖြေကြားချက်နှင့်စပ်လျဉ်း၍ မဲ့စဲ့မဲဆန္ဒနယ်က ဦးကျော်ခိုင်းဝင်းက ထပ်ဆင့်မေးခွန်းမေးမြန်းရာ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဖြေကြားချက်အရ နိုင်ငံတော်ပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်မှာ Exim Bank ချေးငွေနှင့် အမေရိ ကန်ဒေါ်လာ ၂.၅ သန်း ချေးယူရန် လျာထားသည့် အတွက် မူလစီမံကိန်းမှာ ကျပ်သန်း ၃၀၀၀ သာဖော်ပြခြင်း ဖြစ်ပါကြောင်း ဖြေကြားခဲ့ရာ၊ နိုင်ငံခြားချေးငွေနှင့် ယူမည့် အမေရိကန်ဒေါ်လာ သန်းပေါင်း မည်မျှကို နဂို ၂၀၁၂-၂၀၁၃ ရင်းနှီးမြှုပ်နှံမှု အခန်းတွင် ဖော်ပြထားခြင်း မရှိပါကြောင်း။
သံလွင် တံတား(ဖာဆောင်း)သည် အလျားပေ ၁၂၆၀ ပေရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ ဇယား ၁ အပိုဒ် ၈ (ဌ)အရ ပြည်ထောင်စုအစိုးရကသာ ကြီးကြပ် စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ဟု ထင်မြင်မိပါကြောင်း၊ ၂၀၁၂-၂၀၁၃ Supplement မှာ သန်း ၂၀၀၊ ၄၀၀၀ ကို လွှတ်တော်ကအတည်ပြုပြီး ၂၀၁၃-၂၀၁၄ အပြီးတွင် သန်း ၁၀၀၀ ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြည်နယ်အစိုးရမှ ရန်ပုံငွေလှည့်တောင်းသော ကျပ်သန်း ၂၀၀၀ သည် ဖွဲ့စည်းပုံခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိကို ထပ်ဆင့် သိရှိလိုပါကြောင်း မေမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ပထမမေးခွန်းဖြစ်သော Exim Bank မှ အမေရိကန်ဒေါ်လာ ၂.၅ သန်းကို နိုင်ငံခြားချေးငွေထဲတွင် ပါရှိပြီး ဖြစ်သည့် အတွက် မူလမှာ ထည့်သွင်းထားခြင်းမရှိပါကြောင်း၊ အဆိုပါချေးငွေများကို ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေတွင်လည်း ထည့်သွင်းခြင်းမရှိဘဲ စက်ပစ္စည်းနဲ့ အရံပစ္စည်းများ အသုံးစရိတ် ဆိုသည့် ခေါင်းစဉ် အောက်တွင် ထည့်သွင်းထားခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။
ဒုတိယအချက်ဖြစ်သော ရန်ပုံငွေများကိစ္စနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အခြားဝန်ကြီး ဌာနများနှင့် မတူသော ထူးခြားကွဲပြားသည့် ကိစ္စရပ်များ ရှိပါကြောင်း၊ လမ်း၊ တံတားလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ပြည်နယ်အစိုးရကို ၂၀၁၁ ခုနှစ် အစိုးရသစ် စတက်လာစဉ် ကတည်းက ခွဲခြားထားခြင်း ဖြစ်ပါကြောင်း၊ ဥပမာ အားဖြင့် နိုင်ငံအတွင်းရှိ လမ်းမိုင်းပေါင်း ၉၃၃၂၃ မိုင်ရှိသည့် အနက် လမ်းမိုင်ပေါင်း ၂၄၆၄၈ မိုင် (တစ်နိုင်ငံ လုံး၏ ၂၆%) ကို မိမိတို့တာဝန်ယူ ဆောင်ရွက်ပါကြောင်း၊ ယင်း ၂၆ ရာခိုင်နှုန်းကို ၂၀၁၁ ခုနှစ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ၂၅ ရာခိုင်နှုန်း မိမိတို့ ပြည်ထောင်စု ဝန်ကြီးဌာနက ၇၅ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ၃၅ ရာခိုင်နှုန်း မိမိတို့က ၆၅ ရာခိုင်နှုန်း၊ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မိမိတို့ က ၅၂ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီး ပြည်နယ်များကို ၄၈ ရာခိုင် နှုန်း စသည်ဖြင့် ခွဲဝေပေးထားပါကြောင်း။
ထို့အတူ လမ်းပေါ်မှာရှိ တံတားများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ တောင်းခံပြီး ဆောင်ရွက်ရန် ရန်ပုံငွေကို ခွဲခြား တင်ပြတောင်းခံခဲ့သည်များရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော် ကိုယ်စား လှယ်ကြီးများ တင်ပြနေသော ကတိကဝတ်ပေးထားပြီး ရန်ပုံငွေပါလာခြင်းမရှိသော တင်ပြချက်များ၊ ကိစ္စ တော်တော်များများ မှာလည်း အမှန်တကယ် တိုင်းဒေသကြီးလမ်းအဖြစ်၊ တံတားအဖြစ် ခွဲပေးလိုက်ချိန်တွင် ပါဝင်သွားခြင်းကြောင့် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းတို့ခွဲဝေရရှိသော ရန်ပုံငွေကို မိမိတို့ကလည်း တိုင်းဒေသကြီးမှ အဆင့်ဆင့် တိုင်းဒေသကြီးလွှတ်တော်၊ နိုင်ငံတော်အစိုးရ ဘဏ္ဍာရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီးမှ ဆောင်ရွက်တာဖြစ်ပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ တံတားကြီး အမြန်ဆုံး ပြီးစီးရေးနှင့် ကုန်သွယ်မှု ချောမွေ့စေရန်၊ ပြည်နယ်အတွင်း သွားလာရေးလွယ်ကူ စေရန် စသည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း ထပ်ဆင့် ရှင်းလင်းဖြေကြားခဲ့ပါသည်။
