မိမိအနေဖြင့် အဋ္ဌမအကြိမ်က မေးမြန်းခဲ့သော ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသားများနှင့် ပတ်သက်၍ နဝမအကြိမ်တွင် ပြည်ထဲရေးဌာနက ထပ်မံရှင်းလင်းဖြေကြားပေးခြင်းကြောင်း ကျေးဇူးတင်ရှိသည်ကို ဦးစွာ ပြောကြား လိုပါကြောင်း၊ ဘန်ကောက်ရှိ ဂေါက်ဖင်း အကျဉ်းထောင်မှ ဗမာအကျဉ်းသားများသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ၂၀၁၃ နေ့စွဲဖြင့် စာပေး ပို့လာရာတွင် လွှတ်တော်မှ ထိုင်းနိုင်ငံရောက် မြန်မာအကျဉ်းသားများ အတွက် ဆောင် ရွက်ပေးခြင်း ကြောင့် မျှော် လင့် ချက် အများကြီး ထားလာပါကြောင်း၊ အခြေခံဥပဒေ ပုဒ်မ ၃၈၀ တွင် နိုင်ငံခြားရောက် သူတွေလည်း နိုင်ငံတော် ၏ အကာအကွယ်ကို ရယူနိုင်သည်ဆို သည့် အခြေခံဥပဒေပြဋ္ဌာန်းချက် အသက်ဝင်လာ ခြင်းကြောင့် အများကြီးအား တက်မိပါကြောင်း၊ သီးသန့်တင်ပြလိုသည်မှာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ အခြေအနေမှန်နှင့် လွဲ၍ပေးသည့် မေးမြန်းချက် တစ်ပုဒ်အပေါ် လွှတ်တော်တွင် ဝန်ကြီး၊ ပြည် ထဲရေး၊ နိုင်ငံခြားရေး ရုံးများမှ ဖြေကြားသောကြောင့် တကယ့်အချက်အလက်များ မြေပြင်နှင့် ကွဲလွဲ နေသည် ဟုထောက်ပြပါကြောင်း၊ ၎င်းတို့အနေဖြင့် လွှတ်တော်တွင်ဖြေကြားခဲ့ သကဲ့သို့ မဟုတ်ဘဲ အလုပ် လုပ်ရာတွင် ခွဲခြားဆက်ဆံခံရခြင်း၊ ပညာရေးလေ့လာခြင်း၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၊ နေ့စဉ် ကျွေးမွေးနေသော အစားအသောက် ထုတ်ပေးရာတွင် ထိုင်း အကျဉ်းသားများနှင့် အဆင့်အတန်း အရေအတွက်မတူညီခြင်း၊ ထိုင်း အကျဉ်းသားများနှင့် မြန်မာအကျဉ်းသားတွေကို ခွဲခြားပြီးတော့ ထားရှိခြင်း၊ ကျန်းမာရေးကုသရာတွင် ဆရာဝန်တွေများနှင့် ညှိနှိုင်းတိုင်ပင်ရန် အခွင့်အရေးများ မရှိခြင်းများအပြင် သံရုံးနှင့်လည်း နီးကပ်စွာ ဆက်ဆံခွင့်မရခဲ့ခြင်းများနှင့် လွှတ်တော်တွင် ဝန်ကြီးဌာနမှ ဖြေကြားသော အခွင့်အရေးများကို ၎င်းတို့ အနေဖြင့် မရရှိသည်ကို အချက်အလက်များဖြင့် တင်ပြလာပါကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံတွင် အကျဉ်းခံနေ ရသော မြန်မာနိုင်ငံ အကျဉ်းသားတွေနှင့်ပတ်သက်ပြီး ထိုင်းမိဖုရားမွေးနေ့နှင့် ထိုင်းဘုရင်မွေးနေ့များတွင် အကျဉ်းသားမည်မျှ ပြန်လွှတ်နိုင်ရန် နိုင်ငံခြားရေးရုံးမှ စွမ်းဆောင်နိုင်ခဲ့သည်ကိုလည်းကောင်း၊ အကျဉ်းသားလဲ လှယ်ရေးစာချုပ်အခြေအနေကိုလည်းကောင်း သိရှိလိုကြောင်းမေးမြန်းပါသည်။
ကမ္ဘာတစ်ဝန်းမှာရှိ နိုင်ငံများသည် မိမိတို့ နိုင်ငံနှင့် လိုက်လျောညီထွေရှိ မည့် နိုင်ငံရေးဦးတည်ချက်နဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်း ကျင့်သုံးလာသည်ကို တွေ့ရှိရမည်ဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ လူမှုဘဝနှင့် လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကာ ကွယ်စောင့်ရှောက်နိုင်ရေး အတွက်ကို လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံး လျက်ရှိရာ နိုင်ငံသားများအနေဖြင့် ပြဋ္ဌာန်းထားရှိသော အခြေခံဥပဒေများနှင့် တည်ဆဲဥပဒေများကို စောင့်ထိန်းလိုက်နာကျင့်သုံးရသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
ထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသော မြန်မာနိုင်ငံ သား အကျဉ်းသားများအရေအတွက် စုစုပေါင်း ၃၉၆၇ ဦးရှိပြီး မူးယစ်ဆေးဝါးပြစ်မှုု အများဆုံးဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးအနေသည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာန၊ တရားရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ကို မြန်မာနိုင်ငံ အကျဉ်သားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် ၁၃၀ ဦးအတွက်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ၆၄ ဦးအတွက်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် ၁၂၂ ဦးအတွက်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် ၁၄၄ ဦးအတွက်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်တွင် ၇၅ ဦးအတွက်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် ၁၇ ဦးအတွက်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်တွင် ၁၃၆ ဦးအတွက်လည်းကောင်း စုစုပေါင်း မြန်မာနိုင်ငံသား အကျဉ်းသား ၆၆၈ ဦးအတွက်ကို အကြိမ်ကြိမ် မေတ္တာရပ်ခံချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မြန်မာနိုင်ငံသားများ ပါဝင်မှသာ ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနအနေနှင် သက်ဆိုင်ရာမြန်မာသံရုံးကို အကြောင်း ပြန်ကြားပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအကျဉ်းသားများ ကျန်းမာရေး/လူမှုရေး ဆိုင်ရာ ကူညီစောင့်ရှောက်မှု များရရှိရေးအတွက် ကိုလည်း ထိုင်းနိုင်ငံဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအပြင် သံသမန်နည်းလမ်းများအရပါ စဉ်ဆက်မပြတ် ကူညီဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် ထိုင်းနိုင်ငံမှ လူသတ်မှု၊ မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုများနှင့် အဂတိလိုက်စားမှုတို့ဖြင့် ပြစ်ဒဏ်ကျအကျဉ်းသားများနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလေ့မ ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ နိုင်ငံသား အကျဉ်းသား ၂၄ (ကျား-၂၀၊ မ-၄) ဦးသည်လည်း မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ/ သစ်တော/ လက်နက်များ အက်ဥပဒေ/ ပြစ်မှု ပုဒ်မ ၄၈၉ (ဂ) ငွေတုပြုလုပ်တို့ဖြင့် အကျဉ်းကျခံလျက်ရှိပါကြောင်း၊
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှ မြန်မာနိုင်ငံအစိုးရအဆက်ဆက်အနေဖြင့် တရားခံများနှင့် အကျဉ်းသား များလဲ လှည်/လွှဲပြောင်းရေးနှင့် စပ်လျဉ်း၍ အခြားနိုင်ငံများနှင့် သဘောတူ လက်မှတ်ရေးထိုးထားခြင်း မရှိသော် လည်း မြန်မာနိုင်ငံ အနေဖြင့် ကိစ္စတစ်ခုခြင်းအပေါ် အခြေခံကာ စီမံံခန်ခွဲရေးအာဏာပိုင်ဆုံးဖြတ်ချက်ဖြင့် တရားခံ လွှဲပြောင်း ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းများနှင့် နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိခြင်း၊ အာစီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်ခြင်းကြောင့် ပြစ်မှုဆိုင်ရာကိစ္စရပ် များတွင် နိုင်ငံ အချင်းချင်းအပြန်အလှန် အကူအညီပေးရေးစာချုပ်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် နေ့မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ခြင်းဆောင်ရွက်ခဲ့သော်လည်း ပြစ်မှုဆိုင် ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီ ပေးရေး သဘောတူစာချုပ်ကိုသာ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထိုင်း နိုင်ငံနှင့်လည်းကောင်း၊ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် အိန္ဒိယပြည်သူ့သမ္မတနိုင်ငံနှင့်လည်းကောင်း၊ ၊ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ သို့သော် အဆိုပါစာချုပ်များတွင် အကျဉ်းသားလဲလှယ်/လွှဲပြောင်းခြင်းနှင့် တရားခံလွှဲပြောင်း ခြင်းဆိုင်ရာ သဘောတူညီမှုများ ပါဝင်ခြင်းမရှိခဲ့ပါကြောင်း၊ အကျဉ်းသားများလွှဲပြောင်းပေးရေးဆောင်ရွက်ရာတွင် အထူး သတ်မှတ်ချက်များတောင်း ဆိုခြင်း၊ ငြင်းပယ်နိုင်သောအကြောင်းပြချက်များ၊ ခြွင်းချက်များ၊ ကန့်သတ်ချက်များ၊ ၎င်းတို့ကိုစွန့်လွှတ်ခြင်း၊ လွှဲပြောင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ စသည်ဖြင့် အပြည်ပြည်ဆိုင်ရာ သို့မဟုတ် နှစ်နိုင်ငံ သဘော တူညီချက်များအပြင် ပြည်တွင်းဥပဒေများဖြင့် အတိ အကျပြဋ္ဌာန်းပေးရန် လိုအပ်မှာဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိကျင့်သုံးနေသော တည်ဆဲဥပဒေများသည် အကျဉ်းသားလဲလှယ်ရေးနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက် တစ်စုံတရာ မရှိသေးသကဲ့သို့ အခြား နိုင်ငံများနှင့်လည်း စာချုပ်ချုပ်ထားခြင်းမရှိပါကြောင်း၊ သို့ရာတွင် ချစ်ကြည်ရင်း နှီးမှုအရ အိမ်နီးချင်း နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များ၊ တရားမမှု များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အနုညတတရားစီရင်ရေးနှင့် ပြစ်မှုကျူးလွန်တတ် သူများကို လွှဲပြောင်းပေးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကိစ္စရပ်တစ်ခုချင်းအပေါ်မူ တည်ပြီး အပြန်အလှန် အကူအညီပေးဆောင်ရွက် လျက်ရှိပါကြောင်း၊၊ သို့ဖြစ်ရာ အကျဉ်းသားများ လဲလှယ်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ တွင် အကျဉ်းသားလဲလှယ်ခြင်း/ လွှဲပြောင်းခြင်း ဆိုင်ရာ ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းထားခြင်းမရှိသေးသောကြောင့် ထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခြင်းမရှိသေးပါ ကြောင်း ဖြေကြားပါသည်။
