(ဆ)-လောက်ကိုင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ အားခရိုင်အဆင့်စံချိန် စံညွှန်းနှင့်ကိုက်ညီမှုရှိသော အဆောက်အအုံတစ်ခုဆောက်လုပ်မည့်အစီအစဉ် များကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၅ ) ရက်မြောက်နေ့ (၇.၇.၂၀၁၄)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယခုအသုံးပြုနေသော မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦသည် ယခင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာအတွင်း၌သာ တည်ရှိပြီး အလျား ပေ ၈၀၊ အနံ ၁၉ ပေ၊ အမြင့် ၁၄ ပေ တစ်ထပ် အုတ်ညှပ်တစ်ဖက်ချော အဆောက်အဦအမျိုးအစားဖြစ်ပါကြောင်း၊ နှစ် ၃၀ ဂရမ်လည်းရရှိထားသော မြေနေရာ ဖြစ်ပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် မြို့နယ်ခွဲဘဏ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ သော်လည်း ၎င်းအဆောက်အဦ၌ပင် ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုအဆောက်အဦတွင် ယခင်ဆေးဝါးစက်ရုံအတွင်းရှိ အဆောက်အဦဟောင်း တစ်ခုဖြစ်ပြီး နှစ်ကာလ ကြာမြင့်သဖြင့် ဟောင်းနွမ်းပျက်စီးနေပါပြီး လုံခြုံစိတ်ချရသည့် အနေအထားတွင် မရှိတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ လောက်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိသော အဆောက်အဦ တစ်ခုအဖြစ် ဆောက်လုပ်ပေးနိုင်မည့် အစီအစဉ်များနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်း
အဖြေ

လောက်ကိုင်မြို့နယ်ရှိ ဘဏ်ခွဲသည် ယခုအချိန်တွင် ခရိုင်အဆင့် မပေးသေးပါကြောင်း၊ သူ့၏အခြေအနေပေါ် မူတည်ပြီးတော့ မြို့နယ်အဆင့်သာ ထားရှိမည်ဖြစ်သော်လည်း ဥပဓိရုပ်တော်တော်ပျက်နေသည့် အဆောက်အအုံဖြစ် သည့် အတွက် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တောင်းခံပြီး ပြုပြင်တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။