(င)-ဆော့လော်မြို့နယ်၊ ဘန်ချောင်း လူကူးကြိုး တံ တားအားပျဉ်ခင်းတံတားသစ်အဖြစ် ပြန်လည်ပြုု ပြင် တည်ဆောက်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၇.၇.၂၀၁၄)

ဆော့လော်မြို့နယ်၊ ထော့လန်ကျေးရွာအုပ်စု၊ ထော့လန်ရွာနှင့် ငယာကျေးရွာကြားတွင် ဘန်ချောင်းလူကူး ကြိုးတံတား တည်ရှိပြီး ခေတ်အဆက်ဆက် ပြည်သူလူထုများအနေဖြင့် ကိုယ်ထူကိုယ်ထဖြင့် ပြုပြင် တည်ဆောက်ခဲ့ကြပြီး တံတားဖြတ်ကူး အသွားအလာ ပြုလျက်ရှိပါကြောင်း၊ ယခုအခါ တံတားသံကြိုးများ ဟောင်းနွမ်းလျက်ရှိပြီး သံချေးတက်ကာ ပြတ်လုနီးပါးရှိနေပါသဖြင့် ကျောင်းသားများနှင်‌့ ပြည်သူလူထုများ သွားလာရခက်ခဲပြီး အန္တရာယ်နှင့် ရင်ဆိုင်နေကြရပါကြောင်း၊

သို့ဖြစ်ပါ၍ ထော့လန်ရွာနှင့် ငယာကျေးရွာကြား တည်ရှိသော ဘန်ချောင်းလူကူးကြိုးတံတား အရှည်ပေ ၁၀၀ အကျယ် ၅ လက်မကို ၅ ပေအကျယ် ပျဉ်ခင်းတံတားသစ်အဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

 

 

 

အဖြေ

ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်၊ ဆော့လော်မြို့နယ် ထော့လန်ကျေးရွာတွင် အိမ်ခြေ ၃၀ အိမ်၊ အိမ်ထောင်စု ၃၀ စုနှင့် လူဦးရေ ၁၉၈ ဦး၊ ငယာကျေးရွာတွင် အိမ်ခြေ ၂၃ အိမ်၊ အိမ်ထောင်စု ၂၃ စုနှင့် လူဦး‌ရေ ၁၄၇ ဦး နေထိုင်သည့် ကျေးရွာများဖြစ်ကြပြီး ထော့လန်ကျေးရွာအုပ်စု၊ ထော့လန်ရွာ၊ ငယာကျေးရွာတို့သည် ခြောက်မိုင်ခန့်ကွာဝေးပြီး အရှည် ၁၀၀ ပေ၊ အကျယ် ၅ ပေ ဘန်ချောင်းလူကူး ကြိုးတံတား ထော့လန်ရွာမှ (၄) မိုင်ခန့်နှင့် ငယာကျေးရွာမှ (၂) မိုင်ခန့်အကွာတွင် တည်ရှိပါကြောင်း၊ အဆိုပါ ကြိုးတံတားကို ခေတ်အဆက်ဆက်တွင် ကျေးရွာ(၂)ရွာ၏ ပြည်သူများမှ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်  ပြုပြင်တည်ဆောက် အသုံးပြုလျက်ရှိ ပါကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ၎င်းကျေးရွာနှစ်ရွာမှ အရှည် ၁၀၀ ပေ၊ ဘန်ချောင်းလူကူးကြိုးတံတားအား အရှည် ၁၀၀ ပေ အကျယ် ၅ ပေခန့်ရှိ ပျဉ်ခင်းတံတားအဖြစ် ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် စုစုပေါင်း ကျပ် ၃၄.၈ သန်း သုံးစွဲကုန်ကျမည်ဖြစ် ပါကြောင်းသိရှိရပါသည်။ အထက်ပါကုန်ကျငွေအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ တောင်းခံပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားပါသည်။