မိမိတို့မြို့၏ အာဇာနည် ကျောက်တိုင်ကို ဟိုးယခင်က မြို့သူ/မြို့သားများ အလေးအမြတ်ထား ဂုဏ်ယူ အလေးပြုဖွယ်ရာအဖြစ် သီးသန့်ထည်ဝါစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ နဝတအစိုးရလက်ထက် အာဇာနည်ကျောက်တိုင်ကွင်းကို ဈေးအဖြစ်သတ်မှတ်ပြီး ကျောက်တိုင်ကို ဈေးအတွင်းကို သွင်းခဲ့ခြင်းကြောင့် ဈေး အလယ်တွင် မသန့်မရှင်း၊ မဖွယ်မရာ၊ ဂါရဝပြုရန် ခက်ခဲလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေနှင့် လွတ်လပ်ရေးကို အသက်ပေး၍ ရယူခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကို အရိုအသေအလေးအမြတ် ဂါရဝပြုခြင်းသည် နိုင်ငံသား တို့၏ မြင့်မြတ်သည့်စိတ်ဓာတ်နှင့် ဖော်ကျူးပြသခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အကြီးအကဲများသိစေရန်အတွက် မိမိမေးမြန်းသည်မှာ (၁) ပခုက္ကူမြို့ရှိ အာဇာနည်ကျောက်တိုင် အားသင့်လျော်သောနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည်နည်း။ (၂)မရှိပါက အဘယ့်ကြောင့်နည်းဆိုသည်ကို မေးမြန်းပါသည်။
ပခုက္ကူမြို့မှာ ၁၉၄၈ ခုနှစ်မှစပြီး မြို့ပေါ်တွင် မြို့မဈေး တစ်ခုတည်းသာရှိပါကြောင်း၊ ၁၉၅၀ ခုနှစ်နှင့် ၁၉၅၅ ခုနှစ်ခန့် အကြားကာလတွင် ယခုအမှတ် (၁၂) ရပ်ကွက်၊ ခန်တောရပ်၊ ဗိုလ်ချုပ်လမ်း ဘေးအကျယ် ၁.၉၉၂ ဧကရှိ ခန်တောဈေးအမည်ဖြင့် ဈေးတစ်ခုထပ်မံပေါ်ပေါက်ခဲ့ပါကြောင်း၊ ၁၉၇၄ ခုနှစ် အမှတ်(၁၂) ရပ်ကွက်ရှိ ခန်တောရပ်ရှိ ခန်တောဈေးကို ဖျက်သိမ်းရန်စီစဉ်ခဲ့ပြီး ၂၅-၁၂-၁၉၈၃ ခုနှစ်တွင် အမှတ်(၁၅) ရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံ၏ မြောက်ဘက်ရှိ ခန်တောသုဿန်နေရာတွင် အမှတ်(၂) ဈေးသစ်ကို ဖွင့်လှစ်ခဲ့သည့်အတွက် အမှတ်(၁၂) ရပ်ကွက် ခန်တောဈေးဟောင်းတွင် ကွက်လပ်အဖြစ်ကျန်ရှိခဲ့ပြီး ၁၉၈၆-၁၉၈၇ ခုနှစ် မြို့နယ်ပါတီယူနစ်ကော်မတီနှင့် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုစောင်အဖွဲ့များဖြင့် ညှိနှိုင်းပြီး အမှတ်(၈)ရပ်ကွက် အာဇာနည်ကျောက်တိုင်ကို ဖျက်သိမ်းပြီး မြေကွက်လပ်ဖြစ်နေသည့်အတွက် အမှတ်(၁၂) ရပ်ကွက်တွင် ပြောင်းရွှေ့တည်ဆောက်ခဲ့ကြောင်းသိရှိရပါသည်။
ခန်တောဈေးမှ ပြောင်းရွှေ့တည်ဆောက်ခဲ့သည့် သုဿန်မြေဟောင်းတွင် အမှတ်(၂)ဈေး ဆောက်လုပ်ခြင်း ဖြစ်ပြီး ရိုးရာအစွဲအလန်းများ၊ အဆိုပါရပ်ကွက်အနီး လူနေအိမ်ကျဲပါးခြင်း၊ အရောင်းအဝယ်စည်ကားမှုမရှိဘဲ ဈေးဆိုင်ခန်းအများ စုပိတ်ထားကြပြီး လစဉ်ဆိုင်ခန်းခွန် ပေးဆောင်ခြင်းမရှိကြခြင်း၊ အဆောက်အဦများတွင် လူသူကင်းမဲ့ပြီး မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်လာခြင်းတို့ကြောင့် ၁၃-၃-၂၀၀၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြခွင့်ပြုချက်ရယူပြီး ဖျက်သိမ်းသွားရန် ညွှန်ကြားသည့်အတွက် ဖျက်သိမ်းခဲ့ပါကြောင်း၊
အမှတ်(၁၂)ရပ်ကွက်၊ ခန်တောရပ်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ခန်တောဈေးဟောင်းနေရာမှာ အမှတ်(၂) ဈေးသစ်အဖြစ် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်အတွင် တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ တည်ဆောက်သဖြင့် ခန်တောဈေးဟောင်းနေရာတွင် အာဇာနည်ကျောက်တိုင်မှာ ဈေးဧရိယာအတွင်း ပါဝင်သွားခဲ့ပြီး အကျယ်အဝန်း ၅၅ ပေx ၄၇ ပေ မျှသာ ကျန်ရှိပါကြောင်း စိစစ်တွေ့ရှိရပါသည်။ အာဇာနည်ကျောက်တိုင်တွင် ဈေးရောင်းဈေးဝယ်များနှင့် ရှုပ်ထွေးနေသည့်အတွက်ကြောင့် ဂါရဝပြုသူများ အခက်အခဲဖြစ်နေပါကြောင်း၊ အာဇာနည်ကျောက်တိုင် ပြောင်းရွှေ့တည်ဆောက်ရေးအတွက် ဦးပိုက်ကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌများ ပါဝင်သည့်အဖွဲ့ ဗုဒ္ဓကုန်းရပ်ရှိ အမှတ်(၁)ရက်ကွက်ရှိ ရွှေချောင်းတံတားအနီး မြေကွက်လပ် ၁.၁၈ ဧကကို ခွင့်ပြုပေးရန် မြို့နယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ၂၅-၄-၂၀၁၄ ရက်နေ့တွင် တင်ပြခဲ့ပါကြောင်း၊
၂၅-၆-၂၀၁၄ ရက်နေ့တွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးသည့်အခါ အဆိုပါမြေနေရာတွင် ရွှေချောင်းတံတားအနက် ကင်းလွတ်နယ် ၁၅၀ ပေ မြေနေရာတွင် အာဇာနည်ကျောက်တိုင် တည်ဆောက်ရန် သင့်တော်သည့် အကျယ်အဝန်းမကျန်ရှိခြင်း၊ အဝင်/အထွက် လမ်းကျဉ်းမြောင်းခြင်းတို့ကြောင့် အခြားသင့်လျော်သော မြေနေရာရရှိမှသာ အာဇာနည်ကျောက်တိုင် ရွှေ့ပြောင်းတည်ဆောက်ရေး တင်ပြဆောင်ရွက်သွားကြရန် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
