ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းခဲ့သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးချိန်တွင် ပြည်သူလူထုက တင်ပြလာသည့်အခါ တပ်မတော်ကစွန့်လွှတ်လိုက်သော လယ်ယာမြေတပ်ရင်း ၄ ခု ရှိပါကြောင်း၊ ယင်းတပ်ရင်းများမှာ ခမယ (၄၃၁) သည် အန်တင်ရွာ၊ တူးမြောင်းရွာ၊ သင်္ဃန်းကျွန်းရွာ လယ်ယာမြေ ၄၂၅.၆၇ ဧက၊ အမြောက်သား (၃၁၆) သည် အန်တင်ရွာ ၂၀၂.၅၄ ဧက၊ ခလရ ၆၁ သည် ဒူးရားရွာနှင့် တူးမြောင်းရွာတွင် ၅၈.၄၃ ဧက၊ ခလယ (၁၀၆) သည် နစ်ကရင်ရွာနှင့် လေးလမိုင်းရွာတွင် ၁၀၀.၇၄ ဧက စွန့်လွှတ်ထားပါကြောင်း၊ တပ်ရင်း ၄ ရင်းနှင့် စုစုပေါင်း စွန့်လွှတ်ထားသော လယ်ယာမြေက ၈၈၇.၃၈ဧက ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို ပြန်လည်စွန့်လွှတ်ပေးသည့် အတွက်ကြောင့် ပြည်သူလူထုက ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိပါကြောင်း၊ ကျန်နေသော တပ်ရင်း ၇ ရင်းအနေဖြင့်လည်း ဒီမိုကရေစီနိုင်ငံဆိုသည့်အတွက် တန်းတူအခွင့်အရေးဆိုသည် ပြန်တန်းချက်နှင့် ကိုက်ညီစေရန် ကျန်ရှိနေသော တပ်ရင်း ၇ ရင်းနှင့် သိမ်းဆည်းထားသော လယ်ယာမြေများကိုလည်း ပြန်လည်စွန့်လွှတ်စေ ချင်ပါကြောင်း၊ ကျန်ရှိနေသောတပ်ရင်း ၇ ရင်းမှာ ခမရ ၅၈၆ သည် တူးမြောင်းရွာတွင် လယ်ယာမြေ ၇၄.၃၁ ဧက၊ ခမရ ၈၇၃ သည် သင်္ဃန်းကျွန်းရွာ၊ သောင်ပုံရွာနှင့် သောင်ပြင်ရွာတို့တွင် ၂၃၁.၉၁ ဧက၊ ကျောင်းရွာရှိ ခမရ ၅၈၃ တပ်ရင်းသည် မော့ကနင်ရွာတွင် ၂၂၈.၈၇ ဧက၊ မော့ကနင်ရှိ ခမရ ၅၈၈ သည် နှစ်ကရင်ရွာတွင် ၂၀၂.၃၄ ဧကဖြစ်ပါကြောင်း၊ ကျောင်းရွာရှိ မခမရ ၅၉၁ သည် မော့ကနင်နှင့် လမိုင်းမြို့တွင် ၂၁၁.၃ ဧက ဖြစ်ပါကြောင်း၊ အမတ ၃၁၇ သည် မော့ကနင်တွင် ၂၀၂.၆၁ ဧက၊ ရေးမြို့ရှိ စကခ ၁၉ သည် အံဒင်ကျေးရွာတွင် လယ်မြေ ၂၀၅ ဧက စုစုပေါင်း တပ်သိမ်းမြေဧက ၁၃၅၆.၄၁ ဧကဖြစ်ပါကြောင်း၊ ရေးမြို့နယ်သည် တပ်မတော်မှ တပ်ပြင်ပ စွန့်လွှတ်ရန် ကျန်ရှိနေသော လယ်မြေများအား ပြည်သူများ လက်ထဲသို့ ပြန်လည်စွန့်လွှတ်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စွန့်လွှတ်မြေများနှင့် ပတ်သက်၍ တောင်သူများလက်သို့ လွှဲပြောင်းပေးလျက်ရှိရာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ အထိ မွန်ပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ မြေဧရိယာ ၃၆၃၉.၆၄ ဧက ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသကဲ့သို့ တပ်ရင်းများအနေဖြင့် ၈၈၇.၃၈ ဧက ပြန်လည် စွန့်လွှတ်ပြီးဖြစ်ပါကြောင်း၊ တပ်ရင်း(၇)ရင်းနှင့် ပတ်သက်ပြီး ယခုအချိန်တွင် စွန့်လွှတ်ပေးရန် မရှိသေးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြေအရင်းအမြစ်များသည် အဖိုးတန်မှန်း၊ အသုံးဝင်မှန်းသိသည့်အတွက် ကော်မတီများဖွဲ့၊ Workshop များဖွဲ့ပြီး ဆွေးနွေးဆောင်ရွက်နေပါကြောင်း၊ မိမိတို့ တပ်မတော်ဌာနအကြီးအကဲအနေဖြင့်လည်း မြေယာနှင့်ပတ်သက်ပြီး မူဝါဒခိုင်ခိုင်မာမာချမှတ်ကာ မိမိတို့ထံရောက်လာသော စာများ၊ တိုင်စာများ၊ အသနားခံစာများ ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုခြင်းနှင့်ပတ်သက်၍ အသေးစိတ် စဉ်းစားပေးခဲ့ပါကြောင်း၊ တပ်မတော်မှ ပြန်လည်စွန့်လွှတ်သော မြေနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် မြေယာစီမံခန့်ခွဲရေးကော်မတီမှ စိစစ်လက်ခံသော မြေ ၂၀၈၆၄၉.၄၈၃ ဧက စွန့်လွှတ်ပြီးဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် တပ်မတော်အကြီးအကဲက ထပ်မံစွန့်လွှတ်ပေးထားသောမြေ ၄၂၄၂.၉၈ ဧက ထပ်မံ စွန့်လွှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းလေယာဉ်ကွင်းအတွင်းရှိ လက်ဖက်စိုက်ခင်း ၇၂၆ ဧကကိုလည်း ပြန်လည်စွန့်လွှတ်ပေးရန် မူဝါဒအားဖြင့် သဘောတူပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး၏ တင်ပြချက်များကိုလည်း အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်မိမြင့်သန်း (ရေး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်ရှိနေသော တပ်ရင်း ၇ ရင်းနှင့် လယ်မြေ ၁၃၅၆.၄၁ ဧက ကိုလည်း တစ်ချို့လယ်ယာများသည် ဆောင်ရွက်ထားခြင်း အခြေအနေမရှိပါသဖြင့် တပ်မတော်က ကျန်ရှိသော လယ်ယာများကို ပြန်လည်စဉ်းစားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်
မိမိအနေဖြင့် ပြန်လည်ပြီး အသေးစိတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
