(ဃ)-ကျောက်ဖြူမြို့နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးရာတွင်ဗို့အားမပြည့်ခြင်း၊ နေ့ စဉ်ဖြတ်တာက်ခြင်းများရှိနေ၍စိစစ်ပေးနိုင်ရန်နှင့်ဒေ သခံများနေ့စဉ်(၂၄)နာရီဓာတ်အားအသုံးပြုနိုင်ရေး မည်သို့ဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၀.၆.၂၀၁၄)

ဦးဘရှိန် (ကျောက်ဖြူ)ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် အနီးဝန်းကျင်ကျေးရွာအချို့သည် လျှပ်စစ်ဝန်ကြီးဌာန၏ စီစဉ်ပေးမှု ကြောင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိကြသည့်အတွက် ဒေသခံပြည်သူများ အလွန် ဝမ်းသာကြပါကြောင်း၊ ထိုကဲ့သို့  လျှပ်စစ်မီး ၂၄ နာရီ ရရှိသည်ဆိုသော်လည်း နေ့စဉ် မီးမရသည့်အချိန်နှင့် နှစ်ကြိမ်မှ  လေးကြိမ် ကြုံတွေ့ရပါကြောင်း၊ကျောက်ဖြူမြို့တွင် မူလက မဂ္ဂါဝပ် ၁.၁ ထုတ်နိုင်တဲ့ Generator သုံးလုံးတပ်ဆင်ပြီး စက်(၂) လုံး ဖြင့် ဓာတ်အားဖြန့်ဖြူးနေသော်လည်း ဓာတ်အားမလုံလောက်မှုကြောင့် Generator တစ်လုံး ထပ်မံဖြည့်ဆည်းကာ စက် (၃)လုံးနှင့် ဓာတ်အားပေးနေသည်ဟု သိရှိရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ၂၄ နာရီအပြည့် အဖိုး နှုန်းထားသက်သာစွာဖြင့် လျှပ်စစ်မီးရရှိရခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ် ကြရသော်လည်း နေ့စဉ် အောက်ပါအခက်အခဲများ ကြုံတွေ့နေရပါကြောင်း-

 (က) နေ့စဉ် (၃)ကြိမ်မှ (၄)ကြိမ် မီးပျက်နေခြင်းကြောင့် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားများကိုပင် ဈေးနှုန်းမြင့်မား စွာဖြင့် အားကိုး၍ သုံးစွဲနေရခြင်း၊ (ခ) မီးအားမနိုင်၍ ဓာတ်အားများစွာဖြင့် သုံးရသည့် စက်ကိရိယာများသည် မကြာခဏရပ်သွားခြင်း၊ ဒေသခံပြည်သူများ၏ ပြောပြချက်အရ လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းရာတွင် မိုးကြိုးလွှဲ မြေစိုက်ကြိုးနည်းခြင်း၊ ထရန်စဖော်မာနှင့် မီးကြိုးများ၏ အရည်အသွေး ညံ့ဖျင်းသည့်အတွက် မီးအားကမနိုင်ခြင်းများ ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် (၁) ကျောက်ဖြူမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် လျှပ်စစ်ဓာတ် မီးကြိုးများနှင့် ထရန်စဖော်မာများသည် အရည်အသွေး ညံ့ဖျင်းခြင်း၊ မိုးကြိုးလွှဲမြေစိုက်ကြိုးများ တပ်ဆင်မှုနည်းခြင်း၊ (ဂ) သုံးစွဲသူနှင့် ဓာတ်အားမမျှမတခြင်းကြောင့် အချို့သောရပ်ကွက်များအနေဖြင့် ဗို့အား ၁၅၀ ခန့်သာရရှိခြင်း၊ (ဃ) နေ့စဉ် သုံးကြိမ်၊ လေးကြိမ်မျှ ဓာတ်အား ပြတ်တောက်နေခြင်း စသည့်ဖြစ်ရပ်များကို စိစစ်ပေးနိုင်ပါမည်လား၊ (၂) နေ့စဉ် ၂၄ နာရီ ဓာတ်အား ပြတ်တောက်မှုမရှိဘဲ ဒေသခံများအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦးကျောက်ဖြူမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ဓာတ်အားရရှိဖို့အတွက်  လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန က 1.1 MW ရှိ Gas Engine လေးလုံး စုစုပေါင်း ၄.၄ မဂ္ဂါဝပ်ရှိ  စက်များ ငှားရမ်းကာ ဓာတ်အားဖြန့်ဖြူး ပေးနေ ပါကြောင်း၊ ၁၅-၉-၂၀၁၃မှ စတင်ကာ ဌာန၏ ဈေးနှုန်းအတိုင်း ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ကျောက်ဖြူ မြို့နေ ပြည်သူများ ကောင်းမွန်စွာ ဓာတ်အား အသုံးပြုနိုင်ရန် မြို့တွင်းရှိ ယခင် ဒီဇယ်စက်နှင့် ဓာတ်အားပေးခဲ့သော ဟောင်းနွမ်းနေသော ဓာတ်အား လိုင်းကြိုးများ၊ သံတိုင်၊ သစ်သားတိုင်များအားလုံးကို အစားထိုး လဲလှယ်ခဲ့သည့် အပြင် ယခင်က မီးမရရှိခဲ့သည့် ကျေးရွာ ၂၅ ရွာကို ကွန်ကရစ်တိုင်၊ သံလက်တန်း၊ ကြေးကြိုးများ အသုံးပြုပြီး၍ ဓာတ်အားလိုင်းသစ်များ တည်ဆောက်ပြီး ဆောင်ရွက်ဓာတ်အားပေးခဲ့ပါကြောင်း၊

အရည်အသွေးညံ့ဖျင်းတဲ့ ပစ္စည်းများ တပ်ဆင်ထားမှုရှိ/မရှိနှင့် ပတ်သက်လို့  ဌာနတွင် သတ်မှတ် ထားသော စံချိန်စံနှုန်းပြည့်မီသော ကြေးကြိုးနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ လည်းကောင်း၊ မြန်မာ နိုင်ငံမှ ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးတွင်လည်း သုံးစွဲနေသော  ထရန်စဖော်မာများကို အသုံးပြု၍ လည်းကောင်း၊ အခြားသောတိုင်းဒေသကြီး/ ပြည်နယ်များနည်းတူ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ တပ်ဆင် ဆောင် ရွက်ခဲ့ကြောင်း၊

တန်ဖိုးကြီးမားသော လျှပ်စစ်ပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုမရှိစေရန် ကျောက်ဖြူဓာတ်အားခွဲရုံ၏ အထွက် ၁၁ ကေဗွီလိုင်းပေါ်တွင် မိုးကြိုးလွှဲများ တပ်ဆင်ခြင်း၊ ရပ်ကွက်များရှိ ထရန်စဖော်မာများ ထိပ်တွင် မိုးကြိုးလွှဲများ တပ်ဆင်ခြင်း၊ ၄၀၀ ဗို့လိုင်းများတွင်လည်း မြေစိုက်ကြိုးများပါသော Earth Ring, Earth Bar များ တပ်ဆင်ခြင်း၊ Earth Point များရိုက်ပြီး မြေစိုက်ကြိုးများကိုလည်း ဆောင်ရွက်ထားပါကြောင်း။

နေ့စဉ် သုံးကြိမ်ခန့်ဓာတ်အားပြတ်တောက်ရသည့်အကြောင်းအရင်းသည် ဓာတ်အားတည်ဆောက်ခြင်း လုပ်ငန်း ၏ အချောသတ်လုပ်ငန်းများဖြစ်သော မြေစိုက်ကြိုးတပ်ဆင်ခြင်း၊ တိုင်ဆိုင်းကြိုးမြေများတပ်ဆင်ခြင်းနှင့် Earth Ring, Earth Bar တပ်ဆင် ဆောင်ရွက်ရာတွင် ဓာတ်အားပိတ်ရန်လိုအပ်ခြင်း၊ မိုးရာသီ ကာလ ရောက်ရှိ လာ၍ သစ်ပင်သစ်ကိုင်းခုတ်ထွင်ရှင်းလင်းရာတွင် ဓာတ်အားပိတ်ရန်ဆောင်ရွက်ခြင်း လိုအပ်သည့်အတွက် ဖြစ်ပါ ကြောင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ခြင်းကြောင့် ဓာတ်အားပြတ်တောက်ရသည့်အချိန် အလွန် နည်းပါးပါ ကြောင်း၊ ထို့ကြောင့် ဓာတ်အားပိတ် လုပ်ငန်း၊ လိုင်းလုပ်ငန်း၊ သစ်ပင်အကိုင်းခုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် မည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အသိပေးကြေညာပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နောင်တွင် ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်များဖြင့်ပါ ကြေညာပြီး ဓာတ်အားပိတ် လုပ်ငန်းဆောင်ရွက်သွားရန် ညွှန်ကြားပြီးဖြစ်ပါကြောင်း၊

ဓာတ်အားလိုင်းများ တည်ဆောက်ရန်နှင့် သစ်ပင်အကိုင်းခုတ်ခြင်း ပြုပြင်ပြီးစီးပါက ထရန်စဖော်မာ ဓာတ်အားပိတ်ခြင်းကြောင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းသွားမည်  ဖြစ်ပါကြောင်း၊ ကျောက်ဖြူမြို့၏ ဇေယျဝတီရပ်ကွက် ဓာတ်အားလိုင်းအစွန်အဖျားရှိ (၄)လမ်းနှင့် အစိုးရရပ်ကွက်ရှိ ဓာတ်အားလိုင်း အစွန်အဖျား တို့တွင်ရှိသော (၁)လမ်းတို့တွင် ဝန်အားအများဆုံးအသုံးပြုချိန်၌ ဗို့အား ၁၆၀ မှ ၁၈၀ ခန့်ရှိပြီး အနည်းငယ် ဗို့အားကျဆင်းနေပါကြောင်း၊ ထို့ကြောင့် စေတီယျ ရပ်ကွက်နှင့် အစိုးရရပ်ကွက်(၅)လမ်းရှိ ဓာတ်အား သုံးစွဲ သူများအတွက် ဗို့အားပြည့်ဝစွာသုံးစွဲနိုင်ရန် ထရန်စဖော်မာ သုံးလုံးနှင့် ၁၁ ကေဗွီလိုင်း ပေ ၅၀၀၀ ခန့်ကို ထပ်မံ တပ်ဆင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေငွေတွင် ထည့်သွင်းတောင်းခံ ဖို့ ညှိနှိုင်းဆောင်ရွက်သွားပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

ဦးဘရှိန် (ကျောက်ဖြူ)မှ ထပ်ဆင့်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြေကြား၏ ဖြေကြားချက်တွင် လျှပ်စစ်လိုင်းများ ပြုပြင်ဆောင်ရွက်ပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ အကြောင်းကြား ဆောင်ရွက်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်း မရှိပါကြောင်း။ ထို့ကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် လွှတ်တော်တွင်ဖြေကြားသကဲ့သို့ သက်ဆိုင် ရာရပ်ကွက အုပ်ချုပ်ရေးမှူးများထံသို့  အကြောင်းကြား ဆောင်ရွက်ပေးမည်လားဆိုသည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦး

မိမိ၏ ဖြေကြားချက်အတိုင်း နောက်တွင် ဓာတ်အား ပိတ်မည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးများကို  စာဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း အကြောင်းကြားဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။