နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် AFTER ၊ AEC စသည်များနှင့် တွေ့ကြုံကြရမည်ဖြစ်သကဲ့သို့ အမျိုးသားစီမံကိန်းတွင်လည်း စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှု စသည့် ကဏ္ဍသုံးရပ်သည် ယခင်က AIS အဆင့်မှ ယနေ့ SIA အဆင့်အထိ ကူးပြောင်းတက်လှမ်းနိုင်ရန် ဆောင်ရွက်နေသည့်အတွက် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လာသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့သော် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို (၆) အတွင်း စက်မှုဇုန် ဖော်ထုတ်နိုင်ခြင်းမရှိသည့် မြေကွက်များကို ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်အတွင်း လာရောက်ဖြေကြားခဲ့ပါသော်လည်း ယနေ့ တစ်နှစ်ဝန်းကျင်ရှိလာသည့်တိုင် စက်မှုဇုန်များ အောင်မြင်စွာ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသော အခြေခံအကြောင်းတရားများမှ အဓိကကျသော အကြောင်းတရားနှစ်ခုမှာ စက်မှုဇုန်တစ်ခုကို နိုင်ငံတကာအဆင့်မီဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်းနှင့် မြေပိုင်ဆိုင်မှုကိစ္စများတွင် မူလမြေပိုင်ရှင်ဖြစ်ခဲ့သော လယ်သမားများနှင့် အစိုးရထံကနေ သတ်မှတ်ဈေးနှင့် ဝယ်ယူထားသော စက်မှုဇုန်ပိုင်ရှင်များကြား ဖြစ်ပေါ်နေသည့် မြေပြဿနာကို ဖြေရှင်းပေးရန် တာဝန်ရှိသော လယ်သမားထံမှ မြေသိမ်းခဲ့သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးဦးစီးဌာနက တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်ရေးအရ တာဝန်ရှိသော တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ ဖြစ်ပါကြောင်း၊ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် လက်ရှိစက်မှုဇုန် မြေနေရာများတွင် ရလာသောသူများထံမှ မူလလယ်သမားများက လျော်ကြေးတောင်းခံနေသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ စက်မှုဇုန်များကို နိုင်ငံတကာအဆင့်မီ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ စက်မှုဇုန်အလုပ်သမား၊ အလုပ်ရှင်အရေးကို ပိုမိုထိရောက်အောင် မည်သို့ဆောင်ရွက်ထားသည်နှင့် စက်မှုဇုန်မြေယာ အငြင်းပွားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပေါကြွယ်ဝသောသယံဇာတများနှင့် လူအင်အားအရင်းအမြစ်များကို အသုံးချပြီး စက်မှုနိုင်ငံတော်အဖြစ် ထူထောင်ရန် ရည်မှန်းထားရှိပြီးဖြစ်သဖြင့် စက်မှုဇုန်များတွင် စက်ရုံများတည်ထောင်၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန် အခွင့်အလမ်းဖွင့်ပေးခြင်း၊ မက်လုံးများပေး၍ ဆွဲဆောင်ခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ပံ့ပိုးကူညီပေးခြင်း၊ အကာအကွယ်ပေးခြင်းများကို ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များဖြစ်ပေါ်လာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ထောင်ပြီး စက်မှုဇုန်များကို ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတို့အတွက် ရည်ရွယ်တည်ထောင်ထားသည့်အပြင် ပြည်တွင်းရှိ လုပ်ငန်းရှင်အများစုမှာ နည်းပညာနှင့် အရင်းအနှီးတွင် အတွေ့အကြုံနည်းပါးသဖြင့် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များအဖြစ် တည်ထောင်နိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတကာမှ Developer များ၊ Investor များအား ဖိတ်ခေါ်၍ အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပင်လယ်ဆိပ်ကမ်းကောင်းမွန်မှုသည် အဓိကကျသောအချက် ဖြစ်သည့် အတွက် တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် တည်ထောင်ထားသော ကုန်တွင်းပိုင်းဒေသ စက်မှုဇုန်များကို နိုင်ငံတကာအဆင့်မီစက်မှုဇုန်များအဖြစ် ထည်ထောင်ရေးသည် ပထဝီအနေအထားဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတကာအဆင့်မီ စက်မှုဇုန် တည်ထောင်ရေးတွင် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းမှုကို ရှေ့ရှုသည့် ရေရှည်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ရပ်ကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ ရေးဆွဲရန်လိုအပ်မည်ဖြစ်ပါကြောင်း။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရှင်၊ အလုပ်သမားများအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို ရှေ့ရှုလျက် တည်ဆဲအလုပ်သမားဥပဒေ၊ နည်းဥပဒေများနှင့်အညီ စက်မှုဇုန်များရှိ အလုပ်သမားများအပါအဝင် တစ်နိုင်ငံလုံးရှိ ကာယ၊ ဉာဏလုပ်သားများအနေဖြင့် အခွင့်အရေးအပြည့်အဝရရှိ၍ လုပ်ငန်းခွင်အဆင်ပြေမှုရှိစေရန် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်လျက် ရှိသကဲ့သို့ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမားများအား လူမှုအကာအကွယ်ပေးရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အလုပ်သမား၊ အလုပ်ရှင်များ နှစ်ဦးနှစ်ဖက် အဆင်ပြေစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် International Labour Organization (ILO) ကဲ့သို့သော ပြည်ပအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများ ရက်တိုသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များပါ ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။
စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း စက်မှုဇုန်များတွင် ကျွမ်းကျင်လုပ်သားများရရှိစေရေးအတွက် ကြီးကြပ်မှု အောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် စက်မှုအခြေခံနည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည့်အပြင် ကျေးလက်နေပြည်သူများအတွက် စက်မှုအခြေခံအသိပညာ ပြန့်ပွားရေးအတွက် စက်မှုနည်းပညာဖွံ့ဖြိုးရေးတို့ကို အထောက်အကူပြုစေရန် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းများ ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဖော်ဆောင်ရန် အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအား စက်မှုဇုန်များရှိ မြေယာကိစ္စများအပါအဝင် တစ်နိုင်ငံလုံးရှိ မြေယာကိစ္စများနှင့်ပတ်သက်၍ မြေပိုင်ဆိုင်လုပ်ကိုင်ခွင့်များအား ဥပဒေနှင့်အညီ အာမခံပေးနိုင်ရေး၊ မြေယာကျူးကျော်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ နစ်နာမှုများကိုလည်း ကောင်းမွန်စွာ စိစစ်ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုဇုန်အသီးသီးမှ စီမံခန့်ခွဲကော်မတီကို ပူးပေါင်း၍ စက်မှုဇုန်များရှိ လုပ်ငန်းဆောင်ရွက်မှုမရှိသော မြေကွက်များကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်နှံနိုင်ရေးအတွက် မြေပြင် ကွင်းဆင်းစစ်ဆေးမှုများကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးတင်မောင်ဦး (ရွှေပြည်သာ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိမေးမြန်းထားသော မေးခွန်း (၁) မှာ နိုင်ငံတကာအဆင့်မီနှင့် ပတ်သက်၍ စက်မှုဇုန်များနှင့် သွားရောက်တွေ့ဆုံသည့်အခါ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများသည် အလွန်အားနည်းနေပြီဖြစ်သည့် အတွက် လိုအပ်သော အလုပ်သမားနှင့်ပတ်သက်သည့် ဆေးခန်းများ၊ လျှပ်စစ်မီးရရှိမှုများ မည်သည့် ပံ့ပိုးမှုကိုမျှ ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် အမှန်တကယ်လေ့လာကြည့်ပါက အောက်ခြေတွင် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများသည် ပြိုကွဲလုမတတ်နှင့် အခက်အခဲများစွာ တွေ့ကြုံရသည်ဟု မေးမြန်းထားခြင်းဖြစ်ပါကြောင်း၊ မေးခွန်း (၂) မှာ စက်မှုဇုန်များတွင် ယနေ့ လစာနှင့် ပတ်သက်၍ အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒပြမှုများ ဖြစ်နေကြပါကြောင်း၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီလည်း ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိပါသဖြင့် စက်မှုဇုန်တိုးတက်ရန် များစွာ ထိခိုက်နိုင်သော အချက်များဖြစ်ပါကြောင်း၊ မေးခွန်း (၃) မှာ စက်မှုဇုန်အားလုံးကို လေ့လာပါက ဥပမာအာဖြင့် ရန်ကုန်တွင် စက်မှုဇုန်ဖော်ထုတ်စဉ်က သိမ်းသည်မှာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဖြစ်ပါကြောင်း၊ စက်မှုဇုန်များပေါ်လာသည့်အခါတွင် ချပေးသည့်အတွက် တရားဝင်ရသည့်လူများက နိုင်ငံတော်ကို ငွေပေးပြီး စက်မှုဇုန်ထူထောင်ရန် မြေကွက်များ ရပါကြောင်း၊ ရရှိသောမြေကွတ်များကို အမှန်တကယ် စက်မှုဝန်ကြီးဌာနက ခြောက်လအတွင်း ဆောင်ရွက်ရမည့်ပြောသည့်အခါ စက်ရုံဆောက်ရန် သွားပါရာ မူလလယ်ပိုင်ရှင်များက ယခင် အသိမ်းခံရစဉ်က လျော်ကြေးငွေမရသည့်အတွက် သူတို့မြေနေရာများတွင် ခြံစည်းရိုးများ ခတ်ထားပါကြောင်း၊ စက်မှုဇုန်ပိုင်ရှင်တချို့က မဖြစ်မနေ လုပ်ရမည်ဖြစ်သည့်အတွက် ခြောက်လအတွင်း မပြီးပါက သိမ်းခံရမည်စိုး၍ ဒုတိယအကြိမ် သူတို့ပိုင်ဆိုင်သည့်ငွေဖြင့် လယ်ပိုင်ရှင်များကို ပေးလျော်သည့်သူများလည်း ရှိပါကြောင်း၊ မလျော်နိုင်ဘဲ ညှိနှိုင်းနေရသူများလည်း ရှိပါကြောင်း၊ တည်ဆဲဥပဒေအရ လေ့လာကြည့်မည်ဆိုပါက လယ်ပိုင်ရှင်များကို နိုင်ငံတော်အစိုးရဘက်က ထိုက်သင့်သော လျော်ကြေးပေးမည်ဆိုပါက လယ်သမားများလည်း တောင်းဆိုမည်မဟုတ်ပါသဖြင့် စက်မှုဇုန်ပိုင်ရှင်များလည်း နှစ်ခါပေးရမည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝှမ်း မအောင်မြင်သော စက်မှုဇုန်များ၏ အခြေခံ အကြောင်းတရားမှာ မြေအငြင်းပွားမှုဖြစ်ပါသဖြင့် သက်ဆိုင်သောဝန်ကြီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရက မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်ချက်များ များစွာရှိပါကြောင်း၊ သတ်မှတ်အချိန်ကာလအတွင်း၌ မိမိတို့အနေဖြင့် ယေဘုယျဆန်သော အဖြေကိုသာ ပေး၍ရပါကြောင်း၊ စက်မှုဇုန်များတွင် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကို စက်မှုဇုန်များတွင်ရှိသော စက်မှုလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ဆန္ဒဖြင့် စုပေါင်းပြီးဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ စက်မှုဇုန်များ ဖော်ဆောင်သည့်အချိန်တွင် ဦးဆောင်ပြီး ဖော်ဆောင်သွားသည်မှာ ယခင်အချိန်က ရှိခဲ့သည့် မြန်မာ့စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖြစ်ပါကြောင်း၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စက်မှုဇုန်များ ဖော်ဆောင်သွားခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဦးစီးပြီး ဖော်ဆောင်သွားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေယာကိစ္စများနှင့်ပတ်သက်၍ မိမိတို့ စက်မှုဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်ကိုင်တွယ်ခြင်းမရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များက တိုက်ရိုက်ကိုင်တွယ်ပါကြောင်း၊ ထို့ကြောင့် မေးခွန်း (၁)နှင့်စက်လျဉ်း၍ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး မြေကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် မြေကွက်လွတ်များ များစွာရှိနေပါကြောင်း၊ စက်ရုံဆောက်ထားသောမြေကွက်ရှိသကဲ့သို့ သိုလှောင်ရုံများ တည်ဆောက်ထားသော မြေကွတ်များလည်း ရှိပါကြောင်း၊ သိုလှောင်ရုံများတွင် စက်မှုလုပ်ငန်းနှင့်ပတ်သက်၍ သိုလှောင်ရုံရှိသကဲ့သို့ စက်မှုလုပ်ငန်းနှင့် မပတ်သက်သော သိုလှောင်ရုံများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် Proposal များ တင်ပါဟူ၍ တင်ခိုင်းထားရာ Proposal များ ရရှိပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ယင်းကိစ္စများကို စိစစ်နေပါကြောင်း၊ စိစစ်ရရှိသောအခြေအနေအပေါ် မူတည်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
