(ခ)-သင်္ဃန်းကျွန်း စံပြဈေးကြီးတွင် ဈေးသည်များ စည်းကမ်းတကျ ဖြစ်စေရေး မည်ကဲ့သို့ဆောင်ရွက် မည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၇.၇.၂၀၁၄)

မြန်မာနိုင်ငံတွင် ရန်ကုန်မြို့သည် လူဦးရေအများဆုံးနှင့် အသိပ်အသည်းဆုံးမြို့ဖြစ်ပြီး ကားပါမစ်များ လွပ်လပ်စွာ ချပေးနေသည့်အတွက် ကိုယ်ပိုင်ကားစီးနိုင်သူ များပြားလျက်ရှိပါကြောင်း၊ ရန်ကုန်မြို့မှ ယာဉ်ကြောများလည်း ပိတ်ဆို့လျက်ရှိပါကြောင်း၊ မြို့၏လူဦးရေနှင့် မော်တော်ကားများ များပြားလာခြင်းတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လမ်းများတိုးချဲ့ခြင်း၊ လမ်းများကောင်းမွန်ရန်ပြင်ဆင်ခြင်း များလည်း ဆောင်ရွက်နေပါကြောင်း၊ သို့ရာတွင် လူစည်ကားရာ ပလပ်ဖောင်းပေါ်တွင် ဈေးဆိုင်များခင်းကျင်းရောင်းချခြင်းကြောင့် လမ်းသွားလမ်းလာများ အနှောက်အယှက်ဖြစ်ခြင်း၊ ယာဉ်အန္တရာယ်ကြုံတွေ့ ရခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ သင်္ဃကျွန်းစံပြဈေးကြီးမှ ဈေးသည်များသည် လူစည်ကားသော မနက်ပိုင်း၊ ညနေပိုင်းနှင့် ညအချိန်အခါတွင် ပလပ်ဖောင်းပေါ်တွင်သာမက ကားသွား တစ်လမ်းစာသာချန်ပြီး ဈေးဆိုင်များခင်းကျင်းရောင်း ချလျက်ရှိရာ ၎င်းအချိန်များတွင် ယာဉ်သွားလာမှု ခက်ခဲခြင်းနှင့် ဈေးဝယ်သူများအတွက် အန္တရာယ်အလွန်များပါကြောင်း၊ သို့ဖြစ်ပါ၍ သင်္ဃန်းကျွန်း စံပြဈေးကြီးတွင် ဈေးသည်များ စည်းကမ်းပျက်ရောင်းချနေသည်ကို သိရှိမှု ရှိ/မရှိ၊ တရားဝင်ရောင်းချခွင်‌့ပေးထားခြင်းရှိ/မရှိနှင့် တရားဝင်ခွင့်ပြုထားခြင်း မရှိပါက စည်းကမ်းတကျဖြစ်စေရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းစံပြဈေးကြီးသည် လေးထောင့်ကန်လမ်းနှင့် သံသုမာလမ်းထောင့်တွင် ဧရိယာ ၄၀၀ ပေ၊ ၂၅၀ ပေ ကျယ်ဝန်းပြီး သုံးထပ်အဆောက်အဦဖြစ်ပါကြောင်း၊ မြေညီထပ်နှင့် ပထမထပ်တွင် ဆိုင်ခန်းပေါင်း ၁၁၅၂ ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဈေးဧရိယာအတွင်း ဈေးအဆောက်အဦ၏ အရှေ့ဘက် မြေကွက်လပ် ၁၀၀ ပေနှင့် ၁၅၀ ပေ ကျယ်ဝန်းသော ကားပါကင်ဧရိယာရှိပါကြောင်း၊ ဈေးနှင့်ကပ်လျက်ရှိ အရှေ့ဘက်သံသုမာလမ်းနှင့် တောင်ဘက် လေးထောင့်ကန်လမ်း၊ အနောက်ဘက် ဦးတင်ဦးလမ်းနှင့် မြောက်ဘက် ငမိုးရိပ်(၄)လမ်းများတွင် ပျံကျဈေးသည်များ စည်းကမ်းမဲ့ ဈေးရောင်းချလျက်ရှိပါကြောင်း၊ ၁၉၉၉ ခုနှစ်ခန့်က စတင်ရောင်းချခဲ့ရာမှ တစ်စတစ်စ များပြားလာပြီး ယနေ့အချိန်တွင် ပျံကျဈေးသည် ၈၀၀ ဦးခန့်ရှိရာ အခြားမြို့နယ်များရှိ ပျံကျဈေးသည်များကဲ့သို့ပင် ညနေ ၃ နာရီ နောက်ပိုင်းမှ ည ၈ နာရီထိ ဈေးရောင်းချခွင့်ပြုထားပါကြောင်း၊ ယင်းဈေးသည်များသည် လမ်းမများ၊ ပလက်ဖောင်းများ ပေါ်တွင် စည်းကမ်းမဲ့ရောင်းချခြင်း၊ သတ်မှတ်ချိန်မတိုင်မီ ခင်းကျင်းရောင်းချခြင်းများကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး လုံးခြုံဈေးများဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စည်းကမ်းထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းမများပေါ်တွင် ပျံကျဈေးသည်များ ဦးရေတိုးတက်များပြားလာခြင်းကြောင့် ဈေးပြင်ပတွင်သာမက ဈေးအတွင်း ယာဉ်ရပ်နား နေရာများတွင်လည်း ဝင်ရောက်ရောင်းချလာပါကြောင်း၊ ယင်းဈေးသည်များအား ဈေးအတွင်းတရားဝင် ရောင်းချခွင်‌့ပြုခြင်း၊ အခွန်အခကောက်ခံခြင်း မရှိသည့်အပြင် ဈေးဝန်ထမ်းများလည်း နေ့စဉ်ရှင်းလင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဈေးအတွင်းရှိ စည်းကမ်းမဲ့ လာရောက်ရောင်းချသည့် ပျံကျဈေးသည်များနှင့် ဈေးပြင်ပြလမ်းများပေါ်ရှိ ဈေးသည်များကို ဈေးအနီး ပြည်ထောင်စု ဂုံးကျော်တံတားအောက်ရှိ ကော်မတီမှ ဈေးဆိုင်ခန်းများ ဆောက်လုပ်နေရာ ချထားပေးခဲ့သော်လည်း ဝင်ရောက်ရောင်းချခြင်းမပြုကြပါကြောင်း၊ ထို့အပြင် အဆိုပါ ဆိုင်ခန်များနှင့်ကပ်လျက် ကျွန်းတောစိုက်ခင်းဟောင်း ၁.၁၆ ဧက နေရာတွင် ဝင်ရောက် ရောင်းချရေးအတွက်ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊       သို့ဖြစ်ပါ၍ သင်္ဃန်းကျွန်း စံပြဈေးကြီး ပတ်ဝန်းကျင်နှင့် ဈေးကြီးအတွင်း စည်းကမ်းပျက်ရောင်းချနေသော ဈေးသည်များအား စနစ်တကျရောင်းချရန် စီစဉ်ပေးထားသည့်နေရာများတွင် ဝင်ရောက်ရောင်းချေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင်‌့ ပူးပေါင်းပြီး ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။