မိမိအနေဖြင့် နိုင်ငံတဝှမ်းရှိ ကျေးရွာပေါင်း ၆၄၄၀၀ ကျော်အား ခေတ်စနစ် အရ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လိုအပ်မည်ဟုယူဆ ရသော ကျေးရွာအတွင်းရှိလမ်းများအား လိုအပ်သလို ချဲ့ထွင် ဖောက်လုပ် ပေးရန်နှင့် စပ်လျဉ်းမေးမြန်းလိုပါကြောင်း၊ နိုင်ငံတော်ကြီးအတွက် ကျေးလက်ဒေသများပါ မကျန် အလျှင်အမြန် တိုးတက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည်လည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ကျေးရွာတွင်းလမ်းများ ကျဉ်းမြောင်းကောက်ကွေ့နေ၍ နွေအခါ မီးဘေး အန္တရာယ် စိုးရိမ်ရသည့်အပြင် မီးသတ်ကားများ အတွင်းဝင်မရအောင် ကျဉ်းမြောင်းနေပါကြောင်း၊ ကျဉ်းမြောင်းနေသော ကျေးရွာ လမ်းများအား မြို့ကြီးများနည်းတူ လျှပ်စစ်မီးများ သွယ်တန်းပါကလည်း လိုအပ်သော လမ်းအကျယ် အဝန်းရှိရန်နှင့် ထိုသို့ရှိရန်လည်း ဥပဒေနှင့်အညီ နိုင်ငံတော်အစိုးရမှ အမိန့်၊ ညွှန်ကြားစာများ ထုတ်ပြန် ဆောင်ရွက်ပေးရန် အစီအစဉ်များ လိုအပ်မည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် ကျေးရွာပေါင်း ၆၄၄၃၀ ကျော်မှ လိုအပ်မည့် ကျေးရွာအတွင်း ကျဉ်းမြောင်းကောက်ကွေ့နေသော လမ်းများအား တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက ဆောင်ရွက်ပေးမည့် အချိန်ကာလကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက် ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများကို ဘတ်ဂျက်လျာထားရာ၌ အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ်စီမံကိန်အား အခြေခံ၍လည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် များမှ တင်ပြသည့် မေးမြန်းချက်များအပေါ် ကတိကဝတ်များ၊ အကြီးအကဲ ခရီးစဉ် လမ်းညွှန်ချက် များ၊ ဒေသ လိုအပ်ချက်များအရ လျာထားခြင်းများဖြစ်သည့် အတွက်ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာ ဗျူဟာ များနှင့် အတူ ဆောင် ရွက်နိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး၏ လူဦးရေ၊ ကျေးလက်၊ ကျေးရွာ အရေအတွက်၊ ဆင်းရဲမှုနှုန်းတို့ကိုအခြေခံပြီး့ ပြည်နယ်နှင့်တိုင်းအလိုက် ဒေသဖွံ့ဖြိုး တိုးတက်မှုများကို အချိုး ညီစွာ လျာ ထားဆောင်ရွက် လျက်ရှိပါကြောင်း၊
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် ကျေးရွာချင်းဆက်လမ်းများ၊ မြို့နှင့်ကျေးရွာချင်း ဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများ အသစ်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့် တင်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိ ပါကြောင်း၊ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုး တိုး တက်ရေး ဦးစီးဌာန၏ ၂၀၁၃-၁၄ ယခုဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ စုစုပေါင်း ၉၄.၆၄ ဘီလီယံ သုံးစွဲပြီး နိုင်ငံတဝှမ်းတွင် ကတ္တရာ လမ်းပေါင်း ၃၂၆ မိုင်နှင့် ၂ ဖာလုံ၊ ကျောက်ချောလမ်း ၇၈၉ မိုင်နှင့် ၇ ဖာလုံ၊ မြေသားလမ်း ၁၃၀၆ မိုင်နှင့် ၆ ဖာလုံ၊ သစ်သားတံတား ၂၇၀၀၀ ပေ၊ ရေကျော် ၂၁၀၀၀ ပေနှင့် ရေပြွန် ၁၃၆၈၅ ပေတို့ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကြီးကြပ်မှုဖြင့် အကောင် အထည် ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊
ပြည်နယ်/တိုင်းဒေသကြီးအတွင်းတွင် ယခုအခါ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ်ကျေးရွာဖွံ့ဖြိုးမှု အထောက်အကူပြုကော်မတီများမှ ကျေးရွာစီမံကိန်း (Village Plan)များအားရေးဆွဲ လျက် ပြည်နယ်/ တိုင်း ဒေသကြီးအစိုးရများသို့ အဆင့်ဆင့်တင်ပြ အကောင်အထည်ဖော်ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျေးရွာ များမှ လမ်းများချဲ့ခြင်း၊ ပြုပြင်ခြင်းများဆောင်ရွက်သည့်အခါတွင် အခိုင်အမာ အဆောက်အဦများ ဆောက် လုပ်ပြီးသော အဆောက်အအုံများ၊ ဝန်းခြံများ၊ သာသနာရေးဆိုင်ရာ အဆောက်အဦများ၊ ရှေးဟောင်း အမွေအနှစ်များ၊ အိမ်သုံးအများသုံး ရေတွင်းရေကန်များနှင့် သက်ရင့်သီးပင်စားပင်များစသည်တို့ကို ထိခိုက် အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်မည်ဖြစ်ခြင်းကြောင့် ကျေးရွာပေါင်း ၆၄၀၀၀ ကျော်အနက်မှ ရွာတွင်း လမ်းများ ပြုပြင်တိုးချဲ့ရန် လိုအပ်သော ရွာများကို ကျေးရွာနေပြည်သူများ၏ ဆန္ဒနှင့် ရေးဆွဲ ထားသော ကျေးရွာစီမံကိန်းများကို ကိုက်ညီမှုရှိအောင် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊
ထို့ကြောင့် ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ အစိုးရများမှ စိစစ်အဆိုပြု တင်ပြ လာလို့ရှိရင် မွေးမြူရေး၊ ရေ လုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် အင်ဂျင်နီယာပိုင်း ဆိုင်ရာ၊ စက်ယန္တရား ဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များကို တွက်ချက် လျာထားတင်ပြဆောင်ရွက် သွားမည် ဖြစ် ပါ ကြောင်း ပြန် လည်ဖြေကြားပါသည်။
