(ခ)-ရသေ့တောင်မြို့နယ်နှင့်ဘူးသီးတောင်မြို့နယ် တို့ ဆက်သွယ်သည့် မော်တော်ကားလမ်းဖောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၅ ) ရက်မြောက်နေ့ (၇.၇.၂၀၁၄)

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိပြီး ဘင်္ဂလားပင်လယ်၊ ဘင်္ဂလားဒေ့်(ရှ်)။အိန္ဒိယနိုင်င်ငံတို့နှင့် နယ်နိမိတ်ချင်းထိ စပ်နေသော ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ၏ တောင်ပိုင်း တွင် ပြည်တွင်းကို ကုန်းကြောင်းဖြင့်သွားလာနိုင်သော်လည်း မြောက်ပိုင်းတွင် ကုန်းကြောင်းဖြင့် မသွားလာနိုင်သော နေရာများရှိနေပါကြောင်း၊ မော်တော်ကားနှင့် တိုက်ရိုက်သွားလာနိုင်သော ဘူးသီးတောင် -မောင်တောမြို့နယ် များသည် မော်တော်ကားနှင့် တိုင်ရိုက်သွားလားနိုင်ခြင်း မရှိသည့်အပြင် လေကြောင်းခရီးနှင့် သွားလာပါကလည်း လေယာဉ်ကွင်းမရှိသည့်အတွက် ခရီးသွားလာမှုမှာ အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ရသေ့တောင်မှ ဘူးသီးတောင်ကို မော်တောင်ကားလမ်း ဖောက်လုပ်ပေးမည်ဆိုပါက ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင် တိုင်းရင်းသာပြည်သူများ ပြည်တွင်းအတွင်းကို ကုန်းလမ်းခရီးဖြင့် တိုက်ရိုက်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းလမ်းကို ဖောက်လုပ်ပေးပါကလည်း နယ်စပ်ဒေသလုံခြုံရေး နှင့် ကာကွယ်ရေးအတွက် လုံခြုံရေးတပ်များ၊ စစ်တွေမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် သွားရသည့်အချိန်ထက် ကုန်းလမ်းခရီးဖြင့် သွားရအချိန်က ပိုပြီးတိုတောင်းသည့်အတွက် လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို အလျင်မြန်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရသေ့တောင်မြို့မှ ဘူးသီးတောင်မြို့ကို ဆက်သွယ်သော မော်တော်ကား လမ်းကို ဖောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဖောက်လုပ်ပေးနိုင်မည်နှင့်  မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

ရသေ့တောင်-ဘူးသီးတောင်လမ်းတွင် တစ်စိတ်တစ်ပိုင်းပါဝင်သော ပုဏ္ဏားကျွန်းလမ်းနှင်‌့ ဆက်သွယ်သည့်လမ်းပိုင်း ရသေ့တောင်မြို့နယ် အစအဆုံး (ရသေ့တောင်-ရေကောင်း ချောင်းလမ်းပိုင်း) သည် ၂၂ မိုင် ၂ ဖာလုံရှိပြီး ၎င်းလမ်းမှာ ၅၀၀ ပေအရှည်နှင့် ချောင်သုံးချောင် ၂၀၀ ပေ အရှည် ချောင်းတစ်ချောင်း ဖြတ်သန်းရမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် လူသွားလမ်းအဆင်‌့သာရှိပါကြောင်း၊ ရသေ့တောင်-ဘူးသီးတောင်လမ်းကြားရှိ ရသေ့တောင်-ရေကောင်း ချောင်းလမ်းပိုင်း (ရသေ့တောင်-ကျောက်တန်းလမ်း) မြေသားဖောက်လုပ်ခြင်း ၃ မိုင်ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ခန့်မှန်းကုန်ကျငွေ ၇၂.၀ သန်းနှင့် ဆောင်ရွက်ရန်လျာထားပြီးဖြစ်ပါကြောင်း၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင် မြို့နယ်ကိုဆက်သွယ်သော မော်တော်ကား လမ်းဖောက်လုပ်ပေးရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေ ၁၀.၀ သန်းဖြင့် လမ်းဒီဇိုင်းပုံစံ တိုင်းတာတွက်ချက်ခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစ၍ လမ်းအပိုင်းလိုက် ပြည်နယ် ဘဏ္ဍာရေးရန်ပုံငွေတွင် လျာထားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။