(က)-အင်းလျားကန်ပေါင်တွင် အပန်းဖြေသူများနှင့် ကျန်းမာရေးအတွက်လေ့ကျင့်ခန်းပြုလုပ်သူများလုံခြုံ မှုနှင့်တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် မင်္ဂလာဒုံ လမ်းဘက်ပိုင်းတွင်အရံအတားအဖြစ်သံပန်းခြံစည်း ရိုးခတ်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၇.၇.၂၀၁၄)

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် မင်္ဂလာဒုံ ပြည်လမ်းမကြီးအတွင်းရှိ အင်းလျားကန်ပေါင် မြတ်ခင်းပြင် ပန်းခြံဟာသာယာလှပသည့်အတွက် အပန်းဖြေသူများ ကျန်းမာရေး၊ လေ့ကျင်‌့ခန်း ပြုလုပ်သူများနှင့် နေ့စဉ် စည်းကားလျက်ရှိသော်လည်း အင်းလျားကန်ပေါင်သည် အတားအဆီးမရှိသည့်အတွက် လူအများ နေ့ရောညပါ ဝင်/ထွက်သွားလာလျက်ရှိပါကြောင်း၊ ညပိုင်းတွင် မူယစ်ရမ်းကားသူများ အုပ်စုဖွဲ့ လာရောက်ပြီး အင်းလျားကန်ပေါင်ပေါ် စည်းကမ်းမဲ့စွာ ဆူပူအော်ဟစ်ပြီး ရန်ဖြစ်လေ့ရှိသည့်အပြင် အကြမ်းဖက်မှုများနှင့် လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထို့ကြောင့် အင်းလျားကန်ပေါင်မြတ်ခင်းအား ကာရံပြီး စည်းကမ်းတကျ ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်လာပါကြောင်း၊ ထိန်းသိမ်းစောင်ရှောက်ရန်အတွက် အင်းလျားကန်ပေါင်ကို အလှအပနှင့် မျက်စိပဓါနမပျက်စေဘဲ မင်္ဂလာဒုံပြည်လမ်း ကားလမ်းမဘေး ပလက်ဖောင်းဘက်တွင် သံပန်းအလှကာထားပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် သတ်မှတ်ထားသော  ဝင်ပေါက်များမှ သတ်မှတ်အချိန်အတွင်း လူအများဝင်ခွင့်၊ ထွက်ခွင့်ပြုမည်ဆိုပါက မလိုလားအပ်သော စည်းကမ်းမဲ့ဥပဒေနှင့်ဖြစ်ရပ်များကို ကာကွယ်တားဆီးရန် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင်းရှိ အင်းလျားကန်ပေါင်တွင် လာရောက်အပန်းဖြေသူများနှင့် ကျန်းမာရေး၊ လေ့ကျင့်ရေးပြုလုပ်သူ ပြည်သူများ လုံခြုံမှုနှင့်တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် မင်္ဂလာဒုံပြည်လမ်းမကြီး ဘက်ပိုင်းတွင်  အရံအတားအဖြစ် သံပန်းခြံစည်းရိုး အလှခတ်ပြီး ပြည်သူများအပန်းဖြေရန် ကန်ပေါင်အတွင်းသို့ သတ်မှတ်ချိန်အတွင်း သတ်မှတ်ဝင်ပေါက်များမှ ဝင်ရောင်ခွင်‌့ပြုမည့်အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း၊ အင်းလျားကန်ပေါင်နှင့် ကပ်လျက်ရှိသော မင်္ဂလာဒုံပြည်လမ်းမကြီးအား ကားအသွားအလာ အလွန်များပြားပြီး ကားကလည်း အချိန်ပြင်းစွာမောင်းနှင်နေကြသည့်အတွက် အင်းလျားကန်ပေါင်တွင် လူများသည်လည်း လမ်းဖြတ်ကူးရာတွင် အန္တရာယ် အလွန်ကြီးမားကြပါကြောင်း၊ ထို့ကြောင့် အင်လျားကန်ပေါင်ဘက်မှ မင်္ဂလာဒုံပြည်လမ်းမကြီးအား ပြည်သူများအန္တရာယ်ကင်းရှင်းစွာဖြတ်ကူးရန် မြို့အင်္ဂါရပ်နှင့်ညီညွတ်ပြီး အင်လျားကန်ပေါင် အလှနှင့် ပဏနတင့်တယ်သော လူကူးတံတားတစ်ခုတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါ သည်။


 

အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် ဆက်စပ်နယ်မြေရှိ အင်းလျား ကန်ပေါင် (ပြည်လမ်း) နေရာသည် ရှေးယခင်ကပင် အများပြည်သူများ၊ ကျောင်းသားလူငယ်များ အပန်းဖြေအနားယူသည့် Open Space မြေနေရာ ဖြစ်ပါကြောင်း၊ ကိုယ်ကာယကျန်းမာရေး၊ စိတ်ချမ်းမြေ့မှု၊ လေကောင်းလေသန့်ရရှိရေးအတွက် လေ့ကျင့်အပန်းဖြေရန် ကောင်းမွန်သည့် မြေနေရာ တစ်ခု ဖြစ်ပါကြောင်း၊  ယင်းမြေနေရာအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက တာဝန်ယူထိန်းသိမ်းလျက်ရှိပြီး အများပြည်သူများအတွက် ၂၀၀၆-၂၀၀၇ ဘဏ္ဍာ ရေးနှစ်တွင် အဆင့်မြှင့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆင့်မြှင့် မွမ်းမံပြင်ဆင်ခဲ့သော လုပ်ငန်းများမှာ ကန်ပေါင်နှင့် ရေမြောင်းအကြား ကန်ပေါင်အောက်ခြေတစ်လျှောက် မြေကြီးသုံးပေထုဖို့ခြင်းနှင့် ကန်ပေါင်အောက်ခြေတွင် ကွန်ကရစ်လူလျှောက်လမ်းအသစ် တိုးချဲ့ဖောက်လုပ်ခြင်း ကန်ပေါင်ပေါ်ရှိ လူလျှောက်လမ်းအား ကတ္တရာခင်းခြင်း၊ စိမ်းလမ်းစိုပြေရေးအတွက် အလှပန်းကွက်များ ပြုပြင်စိုက်ပျိုးခြင်း၊ ကျောက်တုံးဥယျာဉ်ငယ်တစ်ခု တည်ဆောက်ပြီး ပန်းအလှပင်များ၊ အရိပ်ရပင်များ တိုးချဲ့စိုက်ပျိုးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လက်ရှိအစိုးရလက်ထက် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တို့တွင် ထပ်မံ၍ အဆင့်မြှင့်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများမှာ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်တည်ဆောက်ပေးခြင်း၊ လုံခြုံရေးမီးတိုင်များနှင့် ခေတ်မီအလှပန်းမီးတိုင်များ စိုက်ထူတပ်ဆင်ခြင်း၊ အလှပန်းကွက်များပြုပြင်ခြင်း၊ ကန်ပေါင်အပေါ်လမ်းအား ကတ္တရာထပ်ပိုးခင်းခြင်း၊ နားနေထိုင်ခုံများပြုပြင်ခြင်း၊ အမှိုက်စွန့်ပစ်ရန် အမှိုက်စင်၊ အမှိုက်ပုံးများချထားခြင်း လုပ်ငန်းများကို ဖြည့်တင်းဆောင်ရွက်ပေးခဲ့ပြီး ယခင်မြေယာရှုခင်း နေရာအဆင့်မှ အင်းလျားကန်ပေါင် (ပြည်လမ်း) ပန်းခြံအဆင့်သို့ တိုးမြှင့်သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ အင်းလျားကန်ပေါင် (ပြည်လမ်း) ပန်းခြံကို အများပြည်သူများ နေ့စဉ် လူဦးရေ ၃၀၀၀ ခန့်၊ နေ့ကြီးရက်ကြီးများတွင် ရုံးပိတ်ရက်များတွင် လူဦးရေ ၅၀၀၀ ကျော်ခန့် လာရောက်ပြီး ကိုယ်ကာယကျန်းမာရေးပြုလုပ်ခြင်း၊ စိတ်အပန်းဖြေအနားယူခြင်းများ များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အင်းလျားကန်ပေါင် (ပြည်လမ်း) ပန်းခြံကို သတ်မှတ်ထားသည့် ဖွင့်ချိန်/ပိတ်ချိန်အတွင်း လာရောက်အပန်းဖြေကြသော ပြည်သူများ အန္တရာယ်ကင်းရှင်းပြီး လွတ်လပ်ပျော်ရွှင်စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် လုံခြုံရေးစီမံချက်များရေးဆွဲပြီး စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲစခန်းတပ်ဖွဲ့ဝင်များ ဦးစီပြီး ပန်းဥယျာဉ်နှင့်အားမစားကွင်းများဌာနမှ တာဝန်ခံ ကြီးကြပ်သူများနှင့် လုံခြုံရေးလုပ်သားများ ပူးပေါင်းကာ လှည့်ကင်းများဖြင့် နေ့/ည လုံခြုံရေးတာဝန်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတင်ပြခဲ့သော အင်းလျားကန်ပေါင် (ပြည်လမ်း) ပန်းခြံမြေနေရာတွင် အရံအတားအဖြစ် သံပန်းခြံစည်းရိုး အလှ ခတ်မည်ဆိုပါက လက်ရှိမြေယာရှုခင်းမြင်ကွင်း အလှအပများကိုပေါ်လွင်စေရန် ရှုမြင်ခံစားမှုမရှိနိုင်တော့ခြင်း၊ အတားအဆီး တစ်ခုသဖွယ်ဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ခြင်းနှင့် အန္တရာယ်တစ်စုံတစ်ရာဖြစ်လာပါက အတားအဆီးသဖွယ် ဖြစ်စေနိုင်ခြင်း၊ နိုင်ငံတကာတွင်လည်း ယခုကဲ့သို့နေရာများ၌ သဘာဝအလှအပများကို ဖုံးလွှမ်းစိုးမိုးစေမည့် ရုပ်ဝတ္ထု ပစ္စည်းများကို အနည်းဆုံးလိုအပ်ချက်သာ တည်ဆောက်ပေးထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အင်းလျားကန်ပေါင် (ပြည်လမ်း) ပန်းခြံမြေနေရာ မင်္ဂလာဒုံလမ်းမကြီး (ပြည်လမ်း) ဘက်ပိုင်းတွင်လည်း အရံအတားအဖြစ် သံပန်းခြံစည်းရိုးအလှခတ်ပြီး ပြည်သူများအပန်းဖြေရန် ကန်ပေါင်အတွင်းသို့ သတ်မှတ်အချိန်အတွင်း သတ်မှတ်ဝင်ပေါက်များမှ ဝင်ရောက်ခွင့်ပြုမည့် အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။