သာစည်မြို့နယ်အရှေ့ဘက် ၂၂ မိုင်ခန့်ကွာဝေးသော ယင်းမာပင်ကျေးရွာ တွင် သောက်သုံး ရေခက်ခဲလျက်ရှိပြီး လွန်ခဲ့သော ၂၅ နှစ်ကျော်က ကျေးရွာအတွင်း ခုနစ်နေရာခန့် အဝီစိတွင်းတူးဖော်ခဲ့သော်လည်း ရေမထွက် ပါကြောင်း၊ အထူးသဖြင့် ဂျာမနီနိုင်ငံမှ စာသင်ကျောင်းအတွင်း ပေ ၁၀၀၀ ကျော်ခန့် တူးဖော်ခဲ့ သော် လည်း ရေမထွက်ပါကြောင်း၊ အဆိုပါကျေးရွာသို့ လွန်ခဲ့သော နှစ်ပေါင်း များစွာက တပ်မ ၉၁၉ မှ ရေများလာရောက် ပေးဝေခြင်း၊ ကျောက်မီးသွေး စက်လောင်းရုံမှ ရေပူရေအေး လဲလှယ်သည့် ရေတို့ကို တန်းစီပြီး ခွဲဝေသုံးစွဲခဲ့ကြောင်း၊ ယခုအခါ အချို့နေရာများတွင် အပေါ်ယံရေတွင်းများရှိသော်လည်း သောက်သုံးရေ အဖြစ် သုံးစွဲနိုင်မှုမှာ အနည်းငယ် သာရှိပြီး လုံလောက်မှုမရှိ၍ များစွာအခက်အခဲတွေ့နေရပါကြောင်း။
ကျေးရွာပြည်သူ ၈၀၀၀ နီးပါးအတွက် သောက်သုံးရေ ဖူလုံရေရရှိရန် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက် အကူပြု အဖွဲ့များနှင့်အတူ ကွင်းဆင်းလေ့လာရာ အဆိုပါကျေးရွာ၏ တောင်ဘက် နှစ်မိုင်ခန့်ကျော် ကွာဝေးသော နေရာတွင် စိမ့်စမ်းရေထွက်ပြီး စီးဆင်းနေသော တံခွန်တိုင်ကျောင်းရှိပြီး ယင်းမှတစ်ဆင့် သင့်တော်သော နေရာတွင်ပိတ်ဆို့ပြီး တမံအထက် တောင်ပေါ်တွင် ရေလှောင်ကန်များ တည်ဆောက်၍ ယင်းမာပင်ကျေးရွာသို့ ပိုက်ဖြင့်သွယ်တန်းပေးပါက ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေဖူလုံမည်ကို သိရှိရပါကြောင်း။
သို့ပါ၍ ယင်းမာပင် ကျေးရွာပြည်သူများ သောက်သုံးရေ ပြည့်စုံဖူလုံရရှိရေးအတွက် ပညာရှင်များနှင့် ညှိနှိုင်းပြီး တံခွန်တိုင်ချောင်းအား ပိတ်ဆို့၍ ပိုက်များဖြင့် သွယ်တန်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလို ပါကြောင်း မေးမြန်း ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းမှာ ကျေးရွာ အုပ်စုပေါင်း ၈၀ အုပ်စု၊ ကျေးရွာပေါင်း ၂၄၉ ရွာတည်ရှိပြီး၊ သာစည်မြို့နယ်အတွင်း ယင်းမာပင် ကျေးရွာ ရှိ သောက်သုံးရေ လိုအပ်သော အိမ်ခြေ ၁၁၆၂ အိမ်၊ လူဦးရေ ၆၁၁၀ ဦးအတွက် စက်ရေတွင်းတူးဖော်ရန် အခက်အခဲရှိကြောင်းနှင့် လက်ရှိ ရေသုံးစွဲမှုမှာလည်း လက်တူတွင်းများမှ တူးဖော်ပြီး ရေသုံးစွဲနေရတဲ့အကြောင်းကို ကွင်းဆင်းစစ်ဆေး ချက်များအရ သိရှိရပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသော သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ ရေရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းတွက်ချက်ခန့်မှန်းရာတွင် ကုန်ကျငွေမှာ မီးလိုင်းအတွက် ၁၃.၉ သန်း၊ ရေရရှိရေးအတွက် ၄၄.၈ သန်း စုစုပေါင်း ၅၈.၇ သန်း ဖြစ်ရာ ယင်းမာပင်ကျေးရွာ ရေရရှိရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၁၅ သန်း လျာထားပြီး တင်ပြထားတာဖြစ်ပါကြောင်း၊ ရေရရှိရေး လုပ်ငန်းအတွက် ထပ်မံလိုအပ်မယ့် ၂၉.၈ သန်းကိုလည်း လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်တွင် တင်ပြ တောင်းခံပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပြန် လည်ဖြေကြားပါသည်။
