မိမိအနေဖြင့် ပြည်ပမှတင်သွင်းလာသော စားအုန်းဆီ ကောင်းကျိုး၊ ဆိုးပြစ်များကို စဉ်းစားချင့်ချိန်နိုင်ရန်အတွက်အောက်ပါမေးခွန်းများကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ စားအုန်းဆီသည် သန်း ၆၀ သော ပြည်သူများ စားသုံးရန် ကျန်းမာရေး နှင့် မသင့်လျော်သော ပြည့်ဝဆီဟုသမားတော်ကြီးများမှ သုံးသပ်ကြပါကြောင်း၊ ထို့ပြင် ၎င်းဆီကို ပြည်ပမှဝယ်ယူရမှုကြောင့် နိုင်ငံတော်အဖို့ တစ်နေ့အတွက် မည်မျှ ဒေါ် လာငွေ သုံးစွဲရမှုရှိနေသည်နှင့် ၎င်းသုံးစွဲငွေကို နိုင်ငံတော်အတွက် အခြားအကျိုးပိုရှိ မည့် နေရာများတွင် သုံးစွဲနိုင်လျှင် ပို၍သင့်တော်သည်ဟု ပြောဆိုချက်များကြား သိနေရပါသောကြောင့် ယင်းမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
၂၀၁၁-၂၀၁၂ ခုနှစ်နှင့် ၂၀၁၂-၂၀၁၃ ခုနှစ်ဘဏ္ဍာနှစ် များတွင် ပြည်ပမှ ဝယ်ယူတင်သွင်းရသည့် စားအုန်းဆီ ကုန်ကျငွေ၊ တိရစ္ဆာန်အစာဖြစ်သော ဆီကြိတ်ဖက်များတင်သွင်းမှုကြောင့် ကုန်ကျငွေ အထက်ပါ နှစ်ရပ်ပေါင်း မည်မျှကုန်ကျ၍ ပြည်တွင်းမှဆီထွက် သီးနှံပြည်ပပို့ခြင်းမှ ရရှိငွေမည်မျှရှိ၍ လိုငွေပိုငွေမည်မျှရှိသည်ကို သိရှိလိုပါကြောင်းနှင့် နိုင်ငံတော်၏ရေရှည်အကျိုးအတွက် မည်သို့သောကုန် သွယ်မှု မူ ဝါဒများ ဆက်လက်ချမှတ် ဆောင်ရွက်မည်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှဖြေကြားပေးပါရန် မေးမြန်းပါသည်။
မေးခွန်းများနှင့်ပတ်သက်၍ စားအုန်းဆီနှင့်ဆီကြိတ် ဖက်များ တင်သွင်းမှုအပိုင်းကို ပထမဦးစွာတင်ပြပါမည်ဖြစ် ပါကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပင် လယ်ရေ ကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စားအုန်းဆီ တင်သွင်းမှု တန်ချိန် ၃၂၈၀၇၄ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၈၇.၁၈၂ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန်စုစုပေါင်း ၂၇၇၈၇၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၇.၀၅၆ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ စားအုန်းဆီတန်ချိန် ၄၀၃၃၈၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၇.၄၉၈ သန်းရှိပြီး တိရစ္ဆာန်အစားအစာကုန်ကြမ်း ဆီကြိတ်ဖက်များ အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၂၁၇၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀.၇၃၈ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၇၃၃၈ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄.၆၆၇ သန်း တင်သွင်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
စားအုန်းဆီနှင့်ဆီကြိတ်ဖက် နှစ်ရပ်ပေါင်း တင်သွင်းမှုအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၉၇.၉၂ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁၂.၇၂၃ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဇန်န ဝါရီလ ၂၄ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၃၈၅.၉၄၆ သန်း တင်သွင်းပြီးဖြစ်ကြောင်း၊
ပြည်တွင်းက စိုက်ပျိုးထွက်ရှိသော ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းမျိုးစုံ တင်ပို့နိုင်မအနေဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွက် မြေပဲတန်ချိန် ၁၄၇၀၁ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉.၅၆၅ သန်း၊ နှမ်းမျိုးစုံ တန်ချိန် ၁၁၈၁၃၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၉.၇၇၁ သန်း၊ ဆီထွက်သီးနှံစုစုပေါင်းတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၉.၃၃၆ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြေပဲတန်ချိန် ၆၄၈၆၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၇.၁၁၂ သန်း၊ နှမ်းမျိုးစုံတန်ချိန် ၁၃၅၈၂၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၂၃၅.၇ သန်းဖြစ်သောကြောင့် ဆီထွက်သီးနှံ စုစုပေါင်းတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၂.၈၀၂ သန်းဖြစ်ပါကြောင်း၊
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ မြေပဲတန်ချိန် ၄၃၄၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄.၈၅၅ သန်း၊ နှမ်းမျိုးစုံ ၁၇၆၈၈၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၅.၉၇၆ သန်းဖြစ်လို့ ဆီထွက် သီးနှံစုစုပေါင်း တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၈၀.၈၃၁ သန်းဖြစ်သည့်အတွက် ဆီထွက် သီးနှံစုစု ပေါင်းတင်ပို့မှုအနေဖြင့် စားအုန်းဆီ၊ ကြိတ်ဖက်နှစ်ရပ်ပေါင်း တင်သွင်းမှု လိုငွေ/ပိုငွေ ပမာဏကို တင်ပြရမည်ဆိုပါက ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် လိုငွေ အမေရိကန်ဒေါ်လာ ၂၀၈.၅၈၄ သန်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ပိုငွေအမေရိကန်ဒေါ်လာ ၂၀.၀၇၉ သန်းနှင့် ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လိုငွေ အမေရိကန်ဒေါ်လာ ၅.၁၁၅ သန်းဖြစ်ကြောင်း၊
ဆက်လက်တင်ပြရမည်ဆိုပါက နှမ်းကုန်ကြမ်း တစ်တန်လျှင် ဆီထွက်မှု ဝ.၄၇ တန်၊ မြေပဲဆံကုန်ကြမ်း တစ်တန်လျှင် မြေပဲဆီထွက်ရှိမှု ဝ.၃၉ တန်ဖြစ်ရာ ပြည်တွင်းစားသုံးမှုအနေဖြင့် တစ်နှစ်ကို တန်ချိန် သုံးသိန်းခွဲ၊ လေးသိန်းကြားရှိသည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်ပသို့တင်ပို့ခဲ့သော ဆီထွက်သီးနှံများမှ ရရှိနိုင်မည့် စားသုံးဆီတန်ချိန်သည် ပြည်တွင်းစားသုံးမှုမမာဏ၏ လေးပုံတစ်ပုံခန့်သာရှိကြောင်းကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် လိုအပ်သော စားအုန်းဆီများကို ပြည်ပမှ မှာယူတင်သွင်းနေရပါကြောင်း။ မြေပဲ၊ မြေပဲ ဆီနှင့် နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီတို့ကို ယခင်တင်ပို့မှုကန့်သတ်ထားရာမှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ က စတင် ဖြေလျော့ တင်ပို့ခွင့်ကိုပြုခဲ့ပြီး ဈေးနှုန်းအနေဖြင့်လည်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် နှမ်းတစ်တန် အမေရိကန်ဒေါ်လာ ၁၃၀၀ ခန့်မှ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၈၅၀ ခန့်အထိ တိုးမြှင့်ရရှိလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ ကုန်ကြမ်းတင်ပို့မှု အပြင် Value Added ထုတ်လုပ်တင်ပို့စေရေးကိုပါ တွန်းအားပေးသည့်အနေဖြင့် နှမ်းဆီ၊ မြေပဲဆီကိုလည်း တင်ပို့ ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ပြည်ပမှ ဘဏ္ဍာနှစ်အလိုက်တင်သွင်းခဲ့သည့် စားအုန်းဆီတန်ချိန်ပမာဏနှင့် ပြည်ပ သို့တင်ပို့ခဲ့သည့်ဆီထွက်သီးနှံများမှထွက်ရှိမည့် စားအုန်းဆီတန်ချိန် ပမာဏများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် စားအုန်းဆီတင်သွင်းမှု ၃၂၈၀၇၄ တန်၊ ပြည်ပသို့တင်ပို့သော ဆီထွက်သီးနှံများမှ ရရှိနိုင်မယ့်စားသုံးဆီတန်ချိန်သည် ၆၁၂၅၇ တန်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် စားအုန်းဆီတင်သွင်းမှုတန်ချိန် ၂၇၇၈၇၈ တန်၊ ပြည်ပသို့တင်ပို့ခဲ့သသော ဆီထွက်သီးနှံများမှ ရရှိမည့် စားသုံးဆီတန်ချိန် ၈၉၁၃၃ တန်ဖြစ်ကြောင်း၊ ၂၀၁၃-၁၄ ဇန်နဝါရီလအထိ စားအုန်းဆီ တင်သွင်းမှု တန်ချိန် ၄၀၃၃၈၇ တန်၊ ပြည်ပ သို့တင်ပို့ ခဲ့သောဆီထွက်သီးနှံများမှ ရရှိနိုင်မည့် စားသုံးဆီတန်ချိန်သည် ၁၀၀၀၈၀ တန်ဖြစ်သည့်အတွက် ပြည်တွင်းက ထွက်ရှိသော ဆီထွက်သီးနှံများနှင့် နိုင်ငံခြားကို တင်ပို့ ရောင်း ချခြင်းဖြင့် ရရှိနိုင်မည့် စားသုံးဆီတန်ချိန်ကို နှိုင်း ယှဉ်ပါက များစွာကွာခြားနေသည်ကိုလည်း တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး အခြေခံ သည့်နိုင်ငံဖြစ်သည့်အားလျော်စွာ ရေရှည်တွင် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ်တိုး တက်မှုနှင့် ကြွယ်ဝမှု ရရှိနိုင်ရေးအတွက်ကို National Export Strategyအား တန်ဖိုးမြှင့်ပို့ကုန် Value Added ထုတ်လုပ်ခြင်းနှင့် စဉ်ဆက်မပြတ်တိုးတက်မှုဖြစ်စေရန် ကမ္ဘာ့စီးပွားရေးပေါင်းစည်းမှုနှင့်ခိုင်မာသည့် အစိုးရ၊ ပုဂ္ဂလိက ဆွေးနွေးညှိနှိုင်း မှုကို အထောက်အကူပြုသော ပွင့်လင်း မြင်သာမှုရှိတဲ့ ကုန်သွယ်ရေးမူဝါဒနှင့် စည်းမျဉ်းမူဘောင်များဖြစ်ပေါ် လာစေရန် နိုင်ငံတကာ ဈေးကွက် အခွင့်အလမ်းများနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ပြီး ယှဉ်ပြိုင်မှုရှိသော အရည်အသွေး ကောင်းပို့ကုန်အမယ်စုံများ တိုးတက်လာစေရန်၊ ပို့ကုန်တိုးတက်မှုကို အထောက်အကူပြုမယ့် နည်း ပညာတီထွင်စမ်းသစ်မှု၊ ပို့ကုန်ဆိုင်ရာအရည်အသွေးနှင့် စွမ်းရည်ဖွံ့ဖြိုးမှုများ အားပေးရန်နှင့် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရန်၊ ပို့ကုန်လုပ်ငန်းရှင်များ၏ လိုအပ်ချက်အမျိုးမျိုးကို ပူးပေါင်းဖြည့်ဆည်းပံ့ပိုးနိုင်မည့် အဖွဲ့အစည်းများ ထူထောင်နိုင်ရန်၊ နိုင်ငံတစ်ဝှမ်းနှင့်ဒေသတွင်း အဆင့်ဆင့် ကုန်သွယ်မှု ဆိုင်ရာလိုအပ်ချက်များကို ထူထောင်နိုင် ရန်နှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကို တိုးမြှင့်ရန်နည်းဗျူဟာ၊ ရည်မှန်းချက်များနှင့် အစွမ်းကုန်ကြိုး ပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
ဦးကိုကြီး (အောင်မြေသာစံ)မှ ဆက်လက်၍ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
ဒုတိယဝန်ကြီး၏ ဖြေကြားချက်တွင် ၂၀၁၁-၁၂ ခုနှစ်တွင် ပို့ကုန်နှင့် စားအုန်းဆီသွင်းမှုကို နှိုင်းယှဉ် ချိန်ဆချိန်တွင် ၂၀၈.၅၈ သန်း၊ ၂၀၁၂-၁၃တွင် ပိုငွေ ၁၀.၇၃ သန်း၊ ၂၀၁၃-၂၀၁၄တွင် ၅.၂၁၅ သန်း အနုတ်ငွေ၊ လိုငွေပြနေသည်ကို ကြည့်ခြင်းအားဖြင့် ပို့သမျှသည် ပြန်သွင်းနှင့်ပင် ကုန်နေသည့် သဘောရှိ ပါကြောင်း၊နိုင်ငံတော် ၏ ရေရည်အကျိုးအတွက် စီးပွားရေးမူဝါဒများကိုချမှတ်ဆောင်ရွက်ပါက ပိုကောင်းမည်ဟူသော သုံးသပ်ချက်များ ကို ကြားနေရခြင်းကြောင့်လည်း ဆက်စပ်မေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အတွက် ၁၉၉၀-၁၉၉၅ အတွင်း ပြည်တွင်းဆီ ထွက်သီးနှံစိုက်ပျိုးမှုသည် ကြိတ်ဝါးမှုနှင့်ပြည်တွင်း စားသုံးမှုလုံလောက် ပါကြောင်း၊ သို့သော် ယခုအချိန်တွင် လိုငွေပြနေမှုများကို ပြန်လည်လေ့လာရာတွင် ၁၉၉၀ နောက်ပိုင်း စားအုန်းဆီ ဆက်တိုက်သွင်းမှုကြောင့် ဆီထွက်သီးနှံဈေးများသည် ရသင့်သည့်ဈေးမျိုးအောက်ကို လျော့နည်းရရှိ ကာ တောင်သူများအရှုံးပြခြင်းကြောင့် စိုက်ပျိုးမှုကျကာ ပြည်တွင်းစားသုံးမှုကို မဖူလုံတဲ့အခြေအနေကို ရောက်ရှိ လာပါကြောင့်၊ ပြည်သူများ၏ ကျန်းမာရေး၊ တောင်သူများ၏ စိုက်ပျိုးရေး ၊SMT လုပ်ငန်းများအပြင် မွေးမြူရေး လုပ်ငန်းများအတွက်ပါ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုမူဝါဒများကို ပြန်လည် စဉ်းစားနိုင်ပါက နိုင်ငံတော်အတွက် အကျိုးရှိသည့် အဖြေတစ်ခုရနိုင်လိမ့်မည် ဟုမျှော်လင့်ကြောင်း ဖြည့် စွက်ဆွေးနွေးရင်း နိဂုံးချုပ် ပါကြောင်းဖြင့် မေးမြန်းပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဒေါက်တာပွင့်ဆန်း
ကိုယ်စားလှယ်တော်ကြီး ထပ်မံမေးမြန်းသော မေးခွန်းနှင့်ပတ်သက်၍ စားသုံးမှုအပိုင်းတွင် ပြည်တွင်း၌ တိုးတက်လာသော စားသုံးသူ လူဦးရေနှင့် စားသုံးမှုပမာဏသည် တစ်လကိုတန်ချိန်သုံးသောင်း ပတ်ဝန်းကျင်နှင့် တစ်နှစ်ကို တန်ချိန် သုံးသိန်းခွဲနှင့်လေးသိန်းကြားရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု အနေနှင့် ဆီထွက်သီးနှံများ ထွက်ရှိမှုနှင့် မြေပဲဆီ၊ နှမ်းဆီထွက်ရှိမှု ပမာဏသည် နိုင်ငံခြားသို့ တင်ပို့ရောင်းချမှုမပြုပါကလည်း ပြည်တွင်းစားသုံးနိုင်သည့် ပမာဏ၏ လေးပုံတစ်ပုံလောက်ကိုသာ ထုတ် လုပ်နိုင်သေးသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အဓိကကအားဖြင့် စားသုံးနိုင်သည့် ပမာဏ၊ လိုအပ်သည့် ပမာဏကိုပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ပြီး ထွက်ရှိလာသော ဒီဆီထွက်သီးနှံများကိုမှ လုံးဝမတင်ပို့ဘဲ ပြည် တွင်းတွင် ကြိတ်မည်ဆိုပါက စိုက်ပျိုးရေးပိုင်းနှင့် ဆီစက်ကိစ္စများ၊ စက်မှုဖွံ့ဖြိုး တိုးတက်မှု ကဏ္ဍတွေပါ စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါတွင် စားသုံးသူများက နှမ်းဆီ တစ်ပိဿာ ၃၅၀၀- ၄၀၀၀ ပတ်ဝန်း ကျင်နှင့် စားအုန်းဆီ တစ်ပိဿာ ၁၈၀၀ ပတ်ဝန်းကျင်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီးတော့ဝယ်ယူစား သုံးနိုင်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
