မိမိတို့ ကျောက်တန်းမြို့နယ်အတွင်းမှာရှိ မင်္ဂလွန်းကျေးရွာသည် အိမ်ခြေ ၁၄၅၃ အိမ် တည်ရှိပါသည် လူဦးရေအားဖြင့် လက်ရှိတွင် ၆၁၀၀ ကျော် မှီတင်းနေထိုင်လျက် ကျေးရွာတစ်ရွာ လည်းဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုတည်ရှိပြီး လက်ရှိတွင် ကျေးရွာလူဦးရေ များပြားပြီး မြို့နယ်ပြည်သူ့ဆေးရုံနှင့် ၁၆ မိုင် ကွာဝေးသည့်အတွက် ဒေသခံပြည်သူများမှ ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် မျှော်လင့်လျက်ရှိကြပါကြောင်း၊ တိုက်နယ်ဆေးရုံ အဆင့် တိုးမြှင့်ဆောင်ရွက်ပေးမည် ဆိုပါက မိမိတို့ ကျေးရွာများဖြစ်သည့် မင်္ဂလွန်း ကျေးရွာအုပ်စု၊ ခနောင်ကျေးရွာအုပ်စု၊ ကမာကလုပ်ကျေးရွာ အုပ်စုများမှ မိဘပြည်သူ ၄၁၀၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မင်္ဂလွန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဆင့် တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် မင်္ဂလွန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်းတွင် ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိရေးအတွက် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
