(ဃ)-ရေကြည်မြို့နယ်ရှိ ချောင်းဖျား-ဖက်သလက် -နွားရေတိုက် မြေသားလမ်းအား ကျောက်ချော လမ်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၈.၃.၂၀၁၄)

ဦးမောင်မောင်တင် (ရေကြည်)ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ချောင်းဖျား-ဖက်သလက်-နွားရေ တိုက်လမ်းသည် အရှည်ပေါင်း ၁၂၀၀၀ ကျော်ရှည်လျားသည့် မြေသားလမ်း အမျိုး အစားဖြစ်သည့်အပြင် ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့သည်မှာ  နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မြေသားလမ်းဟာ မွန်မြစ် အနောက်ကမ်းမှ ကွန်ရကမ်းသည် ဖလန်-ရေယာဉ်-ကွန်းကြီး-သပေါ့-ညောင်ဖော်-ကွန်းပေါက်-ရိုကုန်းပျောက်-ခြင်းဝင်းကျေးရွာ အုပ်စုရှစ်အုပ်စုနှင့် မွန်မြစ်အရှေ့ ဘက်ခြမ်းမှ သူကြီးသာ-ကွန်းကြီး- ချောင်းများ ကျေးရွာအုပ်စု ရှစ်အုပ်စု စုစုပေါင်း ကျေးရွာအုပ်စု ၁၆ အုပ်စုတို့မှ ပြည်သူများ အားကိုး အားထားပြုနေရသော လမ်းဖြစ်ေသော်လည်း  မြေသားလမ်းဖြစ်၍ မိုးရာသီ ကာလတွင် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးတို့တွင်  အခက်အခဲ များစွာ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ယင်းလမ်းကို  ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်ပါက ကျေးရွာအုပ်စု ၁၆ အုပ်စုရှိ အိမ်ထောင်စု ၅၂၈၀ စု၊ လူဦးရေ ၁၂၁၂၀ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ထိရောက်စွာ အကျိုးပြုမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်အကျိုးပြု ထိရောက် စေသော လမ်းဖြစ်သည့်အတွက်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ချောင်းဖျား-ဖက်သလက်-နွားရေ တိုက်မြေသားလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်မြတ်ဦး
အဖြေ

ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ချောင်းဖျား-ဖက်သလက်-နွားရေတိုက်လမ်းသည် အရှည်နှစ်မိုင်နှစ်ဖာ လုံရှိသည် မြေသားလမ်းဖြစ်ပြီး ကျေးရွာ ၈၈ ရွာရှိ လူဦးရေ ၂၂၁၂၀ ဦးကို အကျိုးပြုသောလမ်းဖြစ်ကြောင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ချောင်ဖျား-ဖက်သလက်-နွားရေတိုက်လမ်းကို  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ခု ဘဏ္ဍာရေးနှစ် မူလရန်ပုံငွေ တွင်ကျောက်ချော လမ်းအရှည် နှစ်မိုင်ဖောက်လုပ်ခြင်းကို ငွေကျပ် ၁၃၉.၇ သန်းဖြင့် လျာထား ပြီးဖြစ်ကြောင်း ဖြေကြားပါသည်။