(က)-လယ်သမားများ စိုက်ပျိုးစရိတ် ချေးငွေပြန် လည်ပေးဆပ်ရာတွင်သတ်မှတ်ကာလထက်ကျော် လွန်ပါကပေးဆောင်ရသောဒဏ်တိုးကျသင့်ငွေကို ပယ်ဖျက်ပေးရန်သို့မဟုတ်နှုန်းထားပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ (၃.၂.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

လွှတ်တော်နှင့် အစိုးရ စတင်ချိန်မှစပြီး လယ်သမားများအကျိုးအတွက် လယ်ယာမြေဥပဒေ ၂၀၁၂ နှင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သည့်အပြင် လယ်သမားများ နှစ်ပေါင်းများစွာ စုဆောင်းထားသော စုဆောင်းငွေများကိုလည်း ပြန်လည်ပေးအပ်ခဲ့ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးစရိတ်ချေးငွေဖြင့် တစ်ဧကကို ယခင်က ကျပ် ၂၀၀၀၀ နှုန်း ချီးမြှင့်နေရာ ယခုအချိန်တွင် ငါးဆတိုးပြီး တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်း တိုးမြှင့်ချေးပေးခဲ့သည့်အတွက် လယ်သမားများက များစွာကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ယခင်က စိုက်ပျိုးစရိတ်ချေးငွေ ချေးယူရာတွင် ငွေ ၁၀၀ လျှင် အတိုးနှုန်းဖြင့် တစ်ကျပ်၊ ပြား ၈၀ ခန့်ယူရာမှ ယခုအခါ လေးဆခွဲခန့်လျှော့ပြီး ၄၂ ပြားနှုန်းအထိ လျှော့ချပေးခြင်းအတွက်လည်း လယ်သမားများ ကျေးဇူးတင်ရှိပါကြောင်း၊ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆပ်ရန်ကာလကျော်လွန်ပြီးမှ ပေးဆပ်နိုင်သည့် လယ်သမားများအတွက် ဒဏ်တိုးဖြင့် သတ်မှတ်ထားသည့်နှုန်းထားများမှာ ယခင်နှုန်းထား အတိုးနှုန်း တစ်ကျပ်၊ ပြား ၈၀ နှုန်းထားက ယူခဲ့သည့်အတိုင်း တစ်ဧကကို ငွေ ၁၀၀ ကို တစ်လကို တစ်ကျပ်နှုန်းဖြင့် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ယခုအခါ အတိုးနှုန်း ၄၂ ပြားနှုန်း သတ်မှတ်ထားချိန်တွင် ငွေတစ်ရာကို တစ်လလျှင် ဒဏ်တိုးဖြင့် ၁ ကျပ်နှုန်း သတ်မှတ်ထားသည့်အတွက် အတိုးနှုန်း နှစ်ဆခွဲခန့်တိုးပြီး ကောက်ယူနေသကဲ့သို့ ဖြစ်နေသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရန်ခက်ခဲနေပြီး သတ်မှတ်ကာလထက်ကျော်လွန်သော လယ်သမားများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည့်အတွက် လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရာတွင် သတ်မှတ်ကာလထက်ကျော်လွန်ပါက ပေးဆောင်သောဒဏ်တိုးကျသင်‌့ငွေကို ပယ်ဖျက်ပေးရန် သို့မဟုတ် နှုန်းထားပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ
ဖြေကြားချက် 

လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရာတွင် သတ်မှတ်ထားသော ပေးဆပ်ကာလထက် ကျော်လွန်ပါက ဘဏ်က ဒဏ်အတိုးကောက်ခံခြင်းမှာ လက်ရှိတည်ဆဲဘဏ်နည်းဥပဒေ အခန်း(၇)၊ နည်းဥပဒေ အပိုဒ်(၃၃)တွင် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သည့်နေ့မှစ၍ ပျက်ကွက်နေသော အချိန်ကာလ အပိုင်းအခြားအတွက် ကျန်ရှိသောချေးငွေအရင်းပေါ်တွင် ကျသင့်အတိုးအပြင် ဘဏ်က သတ်မှတ်သည့်အတိုင်း ဒဏ်တိုးကို ကောက်ခံရမည်ဟု ဥပဒေ၊ နည်းဥပဒေတွင် ဖော်ပြထားသဖြင့် နည်းဥပဒေနှင့်အညီ ကျသင့်သောဒဏ်တိုးကို ကောက်ခံနေရခြင်းဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများသို့ ငွေချေးရန်အတွက် လိုအပ်သောရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်က ချေးယူရသည်ဖြစ်ရာ ဤဘဏ်က မြန်မာ့စီးပွားရေးဘဏ်သို့ သုံးလတစ်ကြိမ် ပုံမှန်အတိုးပေးဆောင်လျက်ရှိပါကြောင်း။

ထိုသို့ သုံးလတစ်ကြိမ် အတိုးပေးဆောင်နိုင်ခြင်းမရှိပါက ပေးဆောင်ခြင်းမပြုနိုင်သည့် အတိုးငွေ ပမာဏအပေါ် မူတည်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေးဘဏ်သို့ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းဖြင့် ပေးသွင်းနေရသော်လည်း တောင်သူလယ်သမားများ၏ ချေးငွေအတိုးကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းသာ ကောက်ခံပြီး ပေးဆပ်ရန် သတ်မှတ်ကာလ ကျော်လွန်မှသာ ဒဏ်တိုးအဖြစ် တစ်နှစ် ၁၂ ရာခိုင်နှုန်းသာ ကောက်ခံခြင်းဖြစ်ပါကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပေးဆပ်မှုအတွက် တောင်သူလယ်သမားများအပေါ် ဒဏ်တိုးကောက်ခံခြင်းကို လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ပယ်ဖျက်ပေးရန် သို့မဟုတ် နှုန်းထားပြင်ဆင်ပေးရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် လက်ရှိဥပဒေအား ပြင်ဆင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြင်ဆင်သော ဥပဒေအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။