၂၀၁၁-၁၂ ပညာသင်နှစ်တွင် အဆင့်မြှင့်ပညာရေးမြှင့်တင်ရန် B-Tech နှင့် B.E ပေါင်းကူးစာမေးပွဲများကို တင်းကြပ်စွာ စစ်ဆေးသည့်အတွက် ကျောင်းသား အနည်းငယ်သာ ဝင်ခွင့်ရပြီး ၂၀၁၃ ခုနှစ်တွင် ဝန်ကြီးပြောင်းလဲပြီးနောက် ကန့်ဘလူ မြို့နယ်ရှိ G.T.I ကျောင်းရှိ ကျောင်းသား/သူများ အောင်ချက်အလွန်ကောင်းခဲ့ ပါကြောင်း၊ ထို့ကြောင့် (က) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် B-Tech ခေါ် နည်းပညာအင်ဂျင်နီယာဘွဲ့သင်တန်းနှင့် B.E ခေါ် အင်ဂျင်နီယာဘွဲ့ သင်တန်းအတွက် Entrance (ဝင်ခွင့်)များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ။ (ခ) အစီအစဉ်ရှိပါက Entrance (ဝင်ခွင့်) စာမေးပွဲပြုလုပ်ပေးရာတွင် သတ်မှတ်ချိန်နှင့် လိုက်လျောညီထွေသော သင်ခန်းစာများကိုသာ လေ့လာခွင့်ပေးရန် မည်သို့ဆောင် ရွက်ပေးမည်နည်း။ (ဂ) နည်းပညာတက္ကသိုလ် အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူ များ ဝင်ခွင့်အောင်မြင်ပါက လက်ရှိပြောင်းလဲထားသော B-Tech ခေါ် နည်းပညာ အင်ဂျင်နီယာဘွဲ့သင်တန်း ၄ နှစ်၊ B.E ခေါ် အင်ဂျင်နီယာဘွဲ့သင်တန်း ၂ နှစ်၊ စုစုပေါင်း ၆ နှစ် ပညာရေးစနစ်တွင် အသုံးဝင်ပါမည်နည်း။ သို့မဟုတ် ယခင်ပညာရေးစနစ်တွင် အကျုံးဝင်မည်နည်း။ (ဃ) B-Tech ခေါ် နည်းပညာ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့် B.E ခေါ် အင်ဂျင်နီယာဘွဲ့သင်တန်းအတွက် Entrance (ဝင်ခွင့်) စာမေးပွဲကျင်းပမည့်ရက်ကို လက်ရှိကျောင်းသူ ၊ ကျောင်းသားများအတွက် ပြင်ဆင်မှုရရှိရန် အချိန်စောပြီး ကြိုတင်ကြေညာပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မေးခွန်း (က) နှင့်စပ်လျဉ်း၍ မိမိတို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စက်မှုနှင့် အသက်မွေးပညာဦးစီးအောက်ရှိ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများတွင် သင်တန်း ၂ နှစ်တက်ရောက်ရပြီး Second Year စာမေးပွဲပြီးလျှင် အရည်အချင်းပြီးမီပါက B-Tech သင်တန်းသို့လည်းကောင်း၊ B-Tech သင်တန်း ၂ နှစ် တက်ရောက်ပြီးှ အရည်အချင်းပြည့်မီပါက B.E သင်တန်းသို့ လည်းကောင်း ဆက်လက် သင်တန်းတက်ရောက်ခွင့် ရပါကြောင်း၊ သတ်မှတ်အရည် အချင်း မပြည့်မီ၍ ဝင်ခွင့်မရရှိသူများအား အခွင့်အရေးပေးသောအားဖြင့် B-Tech နှင့် B.E ဝင်ခွင့် အရည်အချင်းစာမေးပွဲ ထပ်မံဖြေဆိုခြင်းများကို ၂၀၀၇ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် ၁ ကြိမ် ဝင်ခွင့် စာမေးပွဲများ စစ်ဆေးပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၄ ခုနှစ်တွင် ဝင်ခွင့်စာမေးပွဲဖြေဆို၍ အောင်မြင်သူများအား လာမည့်ပညာသင်နှစ်တွင် တက်ရောက်ခွင့်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးမည် အစီအစဉ် ရှိပါကြောင်း။
မေးခွန်း(ခ)နှင့်စပ်လျဉ်း၍ ယခုနှစ် ဝင်ခွင့်ဖြေဆိုရမည့်စာမေးပွဲတွင် ယခင် ဝင်ခွင့်စာမေးပွဲများနည်းတူ အင်္ဂလိပ်စာ တစ်ဘာသာနှင့် ယခင်သင်ကြားပြီးစီးပြီဖြစ်သော သက်ဆိုင်ရာဘာသာရပ် တစ်ဘာသာ၊ စုစုပေါင်း နှစ်ဘာ သာ ဖြေဆိုရမည်ဖြစ်ပါကြောင်း၊ ဝင်ခွင့်စာမေးပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာချိန်မှစ၍ စာမေးပွဲဖြေဆိုရမည့် အချိန်ကို အနည်းဆုံး ၄ လခန့် ရရှိမည်ဖြစ်သောကြောင့် သင်ခန်းစာများကို ပြန်လည်လေ့လာရန် လုံလောက်သော အချိန်ဖြစ်ပါကြောင်း။
မေးခွန်း(ဂ)နှင့်စပ်လျဉ်း၍ ယခုသင်ကြားနေသော အင်ဂျင်နီယာပညာရေးစနစ်တွင် တက္ကသိုလ် ဝင်ခွင့်ကြေညာချက်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များတွင် ကြေညာထားပြီးဖြစ်သော ပညာရေးစနစ် သတ်မှတ်ချက်အတိုင်း သာဖြစ်ပြီး ပြောင်းလဲမှုတစ်စုံတစ်ရာမရှိပါသဖြင့် ယခင်ဝင်ခွင့်အောင်မြင်ပြီးသူများနည်းတူ သက်ဆိုင်ရာ သင်တန်းများသို့ တက်ရောက်ခွင့်ရှိမည်ဖြစ်ပါကြောင်း။
မေးခွန်း(ဃ)နှင့်စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာမှာဖွင့်လှစ်မည့် ပညာသင်နှစ်တွင် B-Tech ခေါ် နည်းပညာ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့် B.E ခေါ် အင်ဂျင်နီယာဘွဲ့သင်တန်းအတွက် စာမေးပွဲကျင်းပချိန် မတိုင်မီ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် လုံလောက်သောပြင်ဆင်ချိန် ရရှိစေရန်အတွက် ယခင်ဝင်ခွင့် စာမေးပွဲများနည်းတူ စာမေးပွဲကျင်းပမည့်ရက်ကို မကြာမီ ကြေညာပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
