မြန်မာနိုင်ငံတွင် စီးပွားရေးတွက်ခြေကိုက်သည့် စီမံကိန်းဝင်သီးနှံပင်သုံးမျိုးတို့ကို စမ်းသပ်စိုက် ပျိုးခဲ့ရာတွင် ရော်ဘာစိုက်ပျိုးရေး စီမံကိန်းသည် နိုင်ငံတော်၏ စီးပွားရေးအတွက် အောင်မြင်မှုရရှိခဲ့သော စီမံကိန်းဝင် စိုက်ပျိုးပင်တစ်ရပ်ဖြစ် ပါကြောင်း၊ မေးခွန်း အမှတ်(၁) မြန်မာနိုင်ငံတွင် နှစ်စဉ်ရော်ဘာ စိုက်ပျိုးသောမြေဧကနှင့် နှစ်စဉ်ထွက်ရှိသော ရော်ဘာကုန်ကြမ်းများကို ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်အထိ စာရင်းကိုနှစ်အလိုက် တိုင်းနဲ့ပြည်နယ်အလိုက် သိရှိလို ပါကြောင်း၊ မေးခွန်း အမှတ်(၂) အဆိုပါရော်ဘာကုန်ကြမ်းများအား ပြည်တွင်း တွင် မည်မျှသုံးစွဲပြီး မည်ပနိုင်ငံများသို့ မည်မျှတင်ပို့ရောင်းချခဲ့သည့် စာရင်းကို သိရှိလိုပါကြောင်း၊ မေးခွန်း အမှတ်(၃) ပြည်တွင်း၌ သုံးစွဲသည့်ရော်ဘာ ကုန်ကြမ်းများအား မည်သည့်ဌာနမှ မည်သည့်ကိစ္စအတွက် သုံးစွဲလျက်ရှိကြောင်းနှင့် မည်သည့်ကုန် ပစ္စည်းများကို ပြန်လည် ထုတ်လုပ်နေ ပါကြောင်း နှင့် မေးခွန်းအမှတ်(၄) မွန်ပြည်နယ်တစ်နယ်တည်း ရော်ဘာစိုက်ဧကနှင့် ရော်ဘာကုန်ကြမ်းထွက်ရှိမှု အတိုင်းအတာအား ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်အထိ စာရင်းကိုနှစ်အလိုက် မြို့နယ်အလိုက် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရော်ဘာစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက် ရေးအတွက်ကို အထူးအလေးထား ဆောင်ရွက် လျက်ရှိရာတွင် နှစ်စဉ်တိုးတက်လျှက်ရှိပါကြောင်း၊ ၂၀၁၀-၁၁ ခုနှစ် ရော်ဘာ စိုက်ဧက ၁.၂ သန်း၊ ၂၀၁၁-၁၂ ခုနှစ် ရော်ဘာစိုက်ဧက ၁.၃ သန်း၊ ၂၀၁၂-၁၃ ခုနှစ် ရော်ဘာစိုက်ဧက ၁.၄ သန်း၊ ၂၀၁၃-၁၄ ခုနှစ် ရော်ဘာစိုက်ဧက ၁.၅ သန်းထိ တိုးတက်စိုက်ပျိုးလာခဲ့ပါကြောင်း၊ Power Point ဖြင့်စာရင်းဇယားများကို ဆက်လက်တင်ပြရာတွင် ၂၀၁၀-၂၀၁၁ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ စိုက်ဧက ၂၆၀၀၀၀ သိန်းဧက တိုးတက်စိုက်ပျိုး လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် ရော်ဘာ စိုက်ပျိုးသော မြေဧကနှင့် နှစ်စဉ် ထွက်ရှိသော ရော်ဘာကုန်ကြမ်းများ၏ ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်အထိ စာရင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါကြောင်း၊
၂၀၁၃-၂၀၁၄ ခုနှစ် ထုပ်လုပ်မှုစာရင်းအရ နိုင်ငံအတွင်း ရော်ဘာကုန်ကြမ်း ၁၇၆၉၁၅ တန် ထုတ်လုပ်ရာတွင် ကောက်ယူရရှိသည့် စာရင်းများအရ ပြည်ပနိုင်ငံများကိုလည်း ရော်ဘာကုန်ကြမ်း ၈၁၅၆၂ တန် တင်ပို့ရောင်းချပေးနိုင် ခဲ့ပါသည်။ နိုင်ငံမှထွက်ရှိသည့် ရော်ဘာများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ပြည်ပနိုင်ငံများသို့ တင်ပို့မှုစာရင်းအားလည်း ပူးတွဲဖော်ပြ ထားခြင်းလည်း ဖြစ်ပါကြောင်း၊
ပြည်တွင်းတွင် သုံးစွဲလျက်ရှိသည့် အစိုးရဌာနများနှင့် ပုဂ္ဂလိကများမှ ရော်ဘာကုန်ကြမ်းများအား ရော်ဘာအစေးမှ အားကစားသုံးဘောလုံးအမျိုးမျိုး၊ လက်အိတ်အမျိုးမျိုး၊ ရော်ဘာရေမြှုပ်မွေ့ယာနှင့် သားရေကွင်းများ ထုတ်လုပ်ပြီး မှိုင်းခံရော်ဘာကို တာယာနှင့်ကျွတ်အမျိုးမျိုး၊ ပန်ကာကြိုးများနှင့် ဖိနပ်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ် ၂၀၁၀-၁၁ ခုနှစ် အစေးလှီးဆဲ ဧက၂၇၈၅၄၀ ဧက၊ အစေးမလှီးရသေးသည့် ဧက ၁၇၃၁၈၅ ဧက စုစုပေါင်း ၄၅၁၇၂၅ ဧကရှိပြီး ရော်ဘာကုန်ကြမ်း ၈၂၃၇၄ တန်ထွက်ရှိခဲ့ပါသည်။ ၂၀၁၁-၁၂ ခုနှစ်တွင် အစေးလှီးဆဲ ဧက၂၈၆၅၀၂ ဧက၊ အစေးမလှီးဧက ၁၇၇၉၇၅ ဧက စုစုပေါင်း ၄၆၄၄၇၇ ဧကရှိပြီး ရော်ဘာကုန်ကြမ်း ၉၇၄၈၉ တန်ထွက်ရှိခဲ့ပါသည်။ ၂၀၁၂-၁၃ ခုနှစ် အစေးလှီးဆဲ ၂၉၃၄၂၃ ဧက၊ အစေးမလှီး ဧက ၁၇၆၆၄၃ ဧက စုစုပေါင်း ၄၇၀၀၀၀ ကျော်ရှိပြီး ရော်ဘာကုန်ကြမ်း ၁၀၀၀၀၀ ကျော်တန်ထွက်ရှိခဲ့ပါသည်။ ၂၀၁၃-၁၄ ခုနှစ် အစေးလှီးဆဲ ဧက ၃၀၅၃၉၁ ဧက၊ အစေးမလှီး ရသေးသည့် ဧက ၁၇၄၈၃၃ ဧက စုစုပေါင်း ၄၈၀၀၀၀ ဧကရှိပြီး ရော်ဘာကုန်ကြမ်း ၁၀၁၀၀၀ ကျော်တန်ထွက်ရှိခဲ့ပါသည်။ ၂၀၁၀-၁၄ ခုနှစ်အထိ လေးနှစ်အတွင်း စိုက်ဧက မွန်ပြည်နယ်တစ်ခုတည်းတွင် ၂၈၄၉၉ ဧက တိုးတက်စိုက်ပျိုးလာခဲ့ပြီး ရော်ဘာကုန်ကြမ်း ၁၉၄၆၆ တန် ပိုမိုထွက်ရှိလာခဲ့ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
