(ခ)-ဘဏ်ချေးငွေများ ထုတ်ယူရာ၌ အမှန်တကယ် လယ်လုပ်သူတောင်သူများမဟုတ်ဘဲလယ်မလုပ်သူ၊ လယ်မရှိသူများအမည်ဖြင့် ငွေထုတ်ယူထားသူများ အားမည်ကဲ့သို့အရေးယူပေးမည်ကိုသိလိုသည်နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၀.၆.၂၀၁၄)

ဒေါ်ခင်သန်းမြင့် (ငပုတော)မိမိတို့ ဒေသခံပြည်သူများသည် ဘဏ်ချေးငွေထုတ်ပေးသည့်အခါ ကျေးရွာအုပ်စုတစ်ခုတွင် တစ်ခုလုံးကျေပါမှ ဘဏ်ချေးငွေကို ထုတ်ပေးမည်ဆိုသည့် စိုးရိမ်နေသည့်အချက်ကို ယခုအချိန်တွင် ပထမဆုံးကျေသည့်လူများကို ပထမဆုံးထုတ်ပေး သည့်အတွက် စိုးရိမ်သောကရောက်နေမှုမှ ကျေလည်သွားပြီဖြစ်ပါကြောင်း၊ သင်္ဃန်းကုန်းကျေးရွာ ဒေသခံပြည်သူများတွင် လယ်မရှိဘဲ လယ်မရှိသူ၏ အမည်ဖြင့်ငွေထုတ်ယူခြင်းကို တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြသော်လည်း လက်မှတ်ထိုးတင်ထားရသည့်အတွက် မည်သို့မျှဖြစ်မလာသောကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်နေပါကြောင်း၊ ထို့နောက် ဘဏ်ချေးငွေတွေမကျေ၍ အုပ်ချုပ်ရေးမှူးရုံးတွင် ကြော်ငြာကပ်သည့် အမည်စာရင်းတွင် လယ်မလုပ်သူများ၊ သေဆုံးသွားသူများ၊ လယ်မလုပ်သည့်အပြင် ကျေးရွာတွင်မရှိတော့ဘဲ အခြားနေရာရောက်နေသူများ၏ အမည်များ ပါလာသည့်အတွက် လယ်မလုပ်ဘဲ ၎င်းတို့ရဲ့အမည်များပါလာသည့်အတွက် (၁) ဘဏ်ချေးငွေများ ထုတ်ပေးရာတွင် ကာယကံရှင်များမသိဘဲ ၎င်းတို့၏အမည်များဖြင့် ငွေထုတ်ယူ၍ရနိုင်ပါသလား၊ (၂) လယ်မရှိသူများအား ဘဏ်ချေးငွေများ ထုတ်ပေး၍ ရရှိပါသလား၊ (၃) အသက်အရွယ်ကြီးရင့်၍ လယ်မလုပ်သူတောင်သူကြီးများ၏အမည်ဖြင့် ငွေထုတ်ယူထားသော စိုးရိမ်သောကဖြစ်နေသည့် တောင်သူကြီးများအား မည်ကဲ့သို့ကူညီပေးမည်နှင့်  (၄) နိုင်ငံတော်၏ဘဏ်ငွေကို အမှန်တကယ် လယ်လုပ်သူတောင်သူများ မဟုတ်ဘဲ လယ်မလုပ်သူ၊ လယ်မရှိသူများအမည်ဖြင့် ထုတ်ယူထားသူများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းဘဏ်ချေးငွေထုတ်ချေးရာတွင် ချေးငွေမူ စနစ်အရ မြို့နယ်ဘဏ်ခွဲသို့ ငွေချေးသူကိုယ်တိုင် လာရောက်ချေးယူရပြီး ကိုယ်တိုင်လာရောက် ပေးဆပ်ရမည်ဟု သတ်မှတ်ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငွေချေး၊ ‌ငွေ‌ချေးရယူရန်တင်ပြ ထားသော တောင်သူလယ်သမားများသည် ၎င်း၏ကျေးရွာအုပ်စုကို ငွေချေးရန် ဘဏ်ရုံးသို့ ခေါ်ယူသည့်နေ့တွင် ၎င်းကိုယ်တိုင် လိုက်ပါ၍ ကာယကံရှင်မသိဘဲ ထုတ်ယူခြင်းမပြုရန် ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေးထိုးပြီး ၁၀ ဦး အစုအဖွဲ့ အလိုက်ငွေချေးစာချုပ်တွင် တစ်ဦးချင်းကိုယ်တိုင် လက်မှတ်ရေးထိုးထုတ်ယူရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ငွေချေးစည်းကမ်းသတ်မှတ်ချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိပြီးသူ သို့မဟုတ် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ကြောင်း သက်ဆိုင်ရာဌာန၏ ထောက်ခံချက် တင်ပြနိုင်သူကိုသာ ချေးငွေထုတ်ချေးခြင်းဖြစ်ပါကြောင်း၊ ငွေထုတ်ချေးရာတွင် လယ်ယာမြေမှတ်ပုံတင်လက်မှတ်ပုံစံ (၇) ရရှိပြီးသူများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ ကျေးရွာတာဝန်ခံဝန်ထမ်းများ၊ တောင်သူလယ်သမားများ ကိုယ်စားလှယ်များ ပါဝင်သော ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့၏ လယ်မြေပိုင်ဆိုင်ကြောင်းနှင့် အမှန်တကယ် စိုက်ပျိုးသည်မှန်ကန်ကြောင်း ထောက်ခံချက်ဖြင့် ဘဏ်က ငွေချေးခြင်းဖြစ်ပါကြောင်း၊ မိမိက ငွေချေးမယူဘဲ မိမိအမည်ဖြင့် တစ်စုံတစ်ဦးက ချေးငွေလိမ်လည်ထုတ်ယူပါက သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲသို့ တင်ပြတိုင်ကြားနိုင်ပါကြောင်း၊ ချေးငွေ ထုတ်ချေးရာတွင် အနည်း ဆုံး ၈ ဦးမှ ၁၀ အထိကို ဝိုင်းကြီးချုပ်စနစ်ဖြင့် အမှန်စိုက်ပျိုးသူများဖြင့် ဖွဲ့စည်းပြီး တာဝန်ခံချက် ဖြင့် ချေးငွေထုတ်ချေးခြင်းဖြစ်သောကြောင့် လယ်မလုပ်သူ၊ လယ်မရှိသူကို ငွေထုတ်ချေးခြင်း ခွင့်မပြုပါကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက တာဝန်ရှိထောက်ခံသူ ချေးငွေချေးသူကိုပါ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။