ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်၏ အနောက်ဘက်ခြမ်း ဖားကပ်ကျေးရွာသည် ကျေးရွာပေါင်း (၅)ရွာ အိမ်ခြေပေါင်း ၇၆၆ ရှိပါပြီး လူဦးရေအားဖြင့် ၄၇၉၀ ဦးရှိပါသည်။ ၎င်း ကျေးရွာများသည် ကျေးရွာအုပ်စုကြီး တစ်ခုဖြစ်ပါကြောင်း၊ ၁၉၉၃-၉၄ ခုနှစ်နောက်ပိုင်းတွင် သံလွင်တံတား တည်ဆောက်ရာတွင်လည်းကောင်း၊ ကွန်ပျူတက္ကသိုလ် တည်ဆောက်ရာတွင်လည်းကောင်း မိမိတို့၏ နေအိမ်များပြောင်းရွှေ့ရခြင်း၊ လယ်ယာမြေ သိမ်းဆည်း ခံရခြင်း၊ ဥယျာဉ်ခြံမြေများ သိမ်းဆည်းခံရခြင်းများ ကြုံခဲ့ရပါကြောင်း၊ မိမိတို့၏ကျေးရွာများအတွက် ကျေးလက် ဆေးပေးခန်း ဌာနခွဲများ ယနေ့ထက်တိုင် မရှိပါကြောင်းကိုသိရှိရပါသည်။ ကျေးလက်ဆေးပေးခန်းကို ယခုလက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တွဲပြီးထားရှိသည်ကို သိရပါကြောင်း၊ ထို့ကြောင့် ဆေးပေးခန်းကို တည်ဆောက်ပေးနိုင်ရန် အတွက်လှူဒါန်းခဲ့သည့် အလှူရှင်မှလည်း သူ၏မြေကို လှူထားသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ကျော် လှူဒါန်းပြီးဖြစ်သည့် ဒီမြေကွက်သည် လန ၃၉ မှတ်ပုံတင်လည်း ကျပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဌာနအနေနှင့် ဆေးပေးခန်းဌာနခွဲတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်မရှိပါက ထိုမြေကို ပြန်လည်ရယူလိုပါကြောင်း တင်ပြလာသည့်အတွက် ဖားကပ်ကျေးရွာသူ/သားများ၏ ဆန္ဒအရ ကျန်းမာရေးဆေးပေးခန်း ဌာနခွဲတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်ပါသည်။
ဘားအံမြို့နယ်၊ ဖားကန့်ကျေးရွာ ကျန်းမာရေး ဌာနခွဲဆေးပေးခန်း တည်ဆောက်ရန် ၂၀၁၄-၁၅ တွင် မပါရှိသေးပါကြောင်း၊ မိမိတို့ ယခုလာမည့်လ ၂၀ အတွင်းတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၅၀ အသစ် တည်ဆောက်ရန်၊ ကျေးလက်ကျန်းမာရေးဌာန ၁၁၀၊ ၁၁၀ နှင့် နောက်ထပ် ၄၀၀ ကျော်ပါလာမည်ဖြစ်သည့်အတွက် ဌာနခွဲ ၈၀၀ ကျော်ကို လ ၂၀ အတွင်း တည်ဆောက်ပေးရန်ရှိပါကြောင်း၊ ၂၀၁၄-၁၅ တွင်မပါရှိသော်လည်း ဒီလ ၂၀ အတွင်းတည်ဆောက်မယ့် ဌာနခွဲပေါင်း ၈၅၀ ထဲမှာ ပါနိုင်ရန် မိမိတို့ ပြည်နယ်နှင့်တိုင်းအလိုက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွား ဖြစ်ကြောင်း နှင့် အခုချိနတွင် လ ၂၀ ကိစ္စများ ပြန်လည်ညှိနှိုင်းနေသည့်အတွက် မည်သည့်လတွင် ဆောင်ရွက်ပေးသွားမည် ဆိုသည်ကို လောလောဆယ် အတိအကျ မပြောနိုင်သေးပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
