(ဂ)-မိုင်းယန်းပြည်သူ့ဆေးရုံကြီးတွင်လက်ထောက် ဆရာဝန်များခန့်ထားပေးရန်နှင့်ဝန်ထမ်းများအတွက် ၆ ခန်းတွဲအိမ်ရာတစ်လုံး ဆောက်လုပ်ပေးရန် အစီ အစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ (၄.၇.၂၀၁၄)

မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ၂၅ ခုတင်ဆံ့ ဆေးရုံကြီးဖြစ်ပြီး မြို့နယ်ဆရာဝန်ကြီး(၁)၊ လက်ထောက်ဆရာဝန် (၃)ဦးအား ဖွဲ့စည်းပုံအရ ခန့်ထားခွင့်ပြုထားသော်လည်း မြို့နယ်ဆရာဝန်ကြီး(၁)သာရှိပြီး ယနေ့တိုင် လက်ထောက် ဆရာဝန်တစ်ဦးမျှ ခန့်ထားခြင်းမရှိသည့်အတွက် မြို့နယ်ဆရာဝန်ကြီး တစ်ဦးတည်းအနေဖြင့် လူနာများကို ကြည့်ရှုပေးနေရပါကြောင်း၊ မြို့နယ်ဆရာဝန်ကြီး အနေဖြင့်လည်း တာဝန်အရအစည်းအဝေး တက်ရောက်ခြင်း၊ သင်တန်းများ တက်ရောက်သည့်အခါတွင် မိုင်းယန်းပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်တစ်ဦးမျှ မရှိသည့်အတွက် လူနာများအနေဖြင့် အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရပါကြောင်း၊ ထို့အပြင် မိုင်းယန်းပြည်သူ့ဆေးရုံကြီး ဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် မြေအသင့်ရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် (၁) မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်များအား ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်ပေး နိုင်မည်နည်း၊ (၂) ပြည်သူ့ဆေးရုံဝန်ထမ်းများအတွက် ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာ တစ်လုံးအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

ရှမ်းပြည်နယ်၊ မိုင်းယန်းမြို့နယ်ဆေးရုံကြီးတွင် TMO တစ်ယောက်သာ ရှိနေသည်ဆိုသည်မှာ မှန်ကန်ပါကြောင်း၊ မိမိတို့အနေနှင့် ယခုကျိုင်းတုံတွင်ရှိသော တွဲဖက်ပြည်နယ် ဦးစီးဌာနမှူးကို ကျိုင်းတုံကနေပြီး Relieving တစ်ယောက်ထပ် ထည့်ပေးရန်လည်း ညွှန်ကြားထားပြီးဖြစ်သည့်အပြင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ မတိုင်မီ ခန့်ထားပေးရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊

ယခင်က  ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်များ လစ်လပ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနတို့နှင့်တိုင်ပင်ကာ ခန့်ထားခွင့်ပြုသော ဆရာဝန်အရေအတွက်ကို သတ်မှတ်ပါကြောင်း၊ ထို့နောက် ပြည်ထောင်စု ရာထူးဝန်အဖွဲက ရေးဖြေ/နှုတ်ဖြေစစ်ဆေးခြင်း ဝန်ထမ်းသင်တန်းများကို တက်ရောက် စေခြင်းများ ဆောင်ရွက်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ခွဲဝေနေရာချ ထားပေးခြင်း ဖြစ်ပါကြောင်း၊ ထိုနည်းပုံစံအတိုင်းပဲ ယခု အစိုးရလက်ထက်တွင်လည်း ဆရာဝန် ခန့်အပ်ခဲ့သည်မှာ ၃၅၀၀ ရှိသွားပြီဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများကိုလည်း ကျွန်တော်တို့ စတင်ဖြန့်ဝေနေပြီ ဖြစ်သည့်အတွက် မိုင်းယန်းဆေးရုံကိုလည်း မကြာမီရောက်ရှိလိမ့် မည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့် ပြောင်းလဲသွားသည့် မူအရ သုံးနှစ်အတွင်း ၃၅၀၀ ခန့်ထားသည့်အခါ အဓိကဆောင်ရွက်ရတာ သုံးခုရှိပါကြောင်း၊ လက်ရှိ အစိုးရတက်သည့် အချိန်တွင် ပြီးခဲ့သည့်သုံးနှစ်အတွက် Batch Lot ရှိပါသော်လည်း ယခုချိန်တွင် Batch Lot မရှိတော့ပါကြောင်း၊ အလုပ်သင်ဆရာဝန်ပြီး ဆ/မရပြီးပြီဆိုပါက တစ်နှစ်အတွင်း ခန့်နိုင်ရန် အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ပေးရန်အတွက် အောင်မြင်သွားပြီ ဖြစ်ပါကြောင်း၊

နောက်တစ်ဆင့်အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လိုအပ်ချက်များအလိုက် ခန့်အပ်ရာတွင် ရွေးချယ်သည့် စနစ်ပြောင်းပါကြောင်း၊  ယခုအချိန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လိုအပ်ချက်များကို ပြည်နယ်နှင့်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးများက ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ တင်ပြပါကြောင်း၊ လိုအပ်ချက်ကို ၎င်း အစိုးရအဖွဲ့အစည်းများက ညှိနှိုင်းပြီး စာရင်းဇယား တိုက်ဆိုင်စစ်ဆေး၍ သေချာပြီဆိုပါက ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်၌ ခွင့်ပြုသည်ဆိုပါက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများက သတင်းစာထဲတွင် ထည့်သွင်းပါကြောင်း၊ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကိုယ်စားလှယ်တစ်ဦး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်တစ်ဦးအား သက်ဆိုင်ရာတိုင်းဒေသကြီးများသို့ စာမေးပွဲသွား စစ်မည် ဖြစ်ပါကြောင်း၊ စာမေးပွဲအောင်မြင် ရွေးချယ်ခံရသူများက ရာထူးဝန်အဖွဲ့က ဖွင့်လှစ်သည့် ဝန်ထမ်းသင်တန်းကို တက်ရောက်စေကာ ခန့်ထားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လိုအပ်ချက်များ တင်ပြသည်ကိုစိစစ်ပြီး ရာထူးဝန်အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သွားရောက်စစ်ဆေးကာ ရွေးချယ်ခန့်ထားမည့် အစီအစဉ်ဖြစ်ခြင်းကြောင့် ရှေ့လျှောက်တွင် ယခုထက် ပိုမို အဆင်ပြေနိုင်လိမ့်မည့်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ခြောက်ခန်းတွဲအိမ်ရာ ကိစ္စနှင့်စပ်လျဉ်း၍လည်း ၂၀၁၄-၁၅ ဘတ်ဂျက်တွင် မပါရှိသေးပါကြောင်း၊ ယခု RE တွင် လုပ်ငန်းသစ်ကို လျာထားရန်ခက်ခဲသည့် အတွက် ရှေ့နှစ်များတွင် ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်းဖြေကြားပါသည်။