(က)-လွိုင်လင်၊ပင်လုံဒေသရှိGSMမိုဘိုင်းဖုန်းလိုင်း များ၊တာဝါတိုင်များတိုးချဲ့တပ်ဆင်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ (၄.၇.၂၀၁၄)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ပင်လုံဒေသအတွက် အော်တိုအိတ်ချိန်စက်တစ်လုံး တပ်ဆင်ခဲ့ပြီးဖြစ်သဖြင့် ပင်လုံဒေသတွင်နေထိုင်ကြသော ပြည်သူများအတွက် ယခင်ရှိပြီး အော်တိုတယ်လီဖုန်းများနှင့်အတူ တိုးချဲ့အော်တို တယ်လီဖုန်းများကို သုံးစွဲခွင့်ရရှိတော့မည်ဖြစ်ပါကြောင်း၊ လွိုင်လယ်၊ လွိုင်လင်၊ ပင်လုံဒေသရှိ အော်တိုတယ်လီဖုန်းလိုင်းများ Internet ချိတ်ဆက်အသုံးပြုခွင့် ရ/မရ၊ ပင်လုံ အော်တိုတယ်လီဖုန်းလိုင်းများအား GSM ဖုန်းများကဲ့သို့ သက်သာသည့် နှုန်းထားများနှင့် တပ်ဆင်အသုံးပြုခွင့် အစီအစဉ်ကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်၊ လွိုင်လင် Auto Telephone Exchange မှ တိုးချဲ့၍ အော်တိုတယ်လီဖုန်းများအား သက်သာသောနှုန်းထားများဖြင့် တပ်ဆင်အသုံးပြုခွင့်ကို မည်သို့စီစဉ်ဆောင်ရွက်ပေးမည်နှင့် လွိုင်လင်၊ ပင်လုံဒေသမှ GSM မိုဘိုင်းဖုန်းလိုင်းများ၊ တာဝါတိုင်များ တိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

မကြာမီအချိန်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် လိုင်းအင်အား ၅၀၀ ပါ KY-1000XM အော်တိုအိတ်ချိန်းတစ်ခုနှင့် ပင်လုံမြို့နယ်ခွဲတွင် လိုင်းအင်အား ၅၀၀ ပါ TWD-06 အော်တိုအိတ်ချိန်းတစ်ခုကို တည်ဆောက်တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အော်တိုအိတ်ချိန်းတွင် ADSL စနစ် တပ်ဆင်ရေးအတွက် စီစဉ်ဆောင်ရွက်ရာတွင် Transition ရောက်ရှိပြီးဖြစ်ပါကြောင်း၊ ပစ္စည်းများကို စတင်ပို့နေပြီး ADSL 24 Ports တပ်ဆင်ပေးမည်ဖြစ်ပါကြောင်း၊ 24 Ports ပစ္စည်းများ၊ စက်ပစ္စည်းများကို ပေးပို့ရန် ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်းရောက်ရှိပြီး ဇူလိုင်ကုန်တွင် တပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများတယ်လီဖုန်းများကို ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန် တပ်ဆင်ခများကို အဆင့်ဆင့်လျှော့ချပြီး ရောင်းချပေးခဲ့ပါကြောင်း၊ လွိုင်လင်တွင် တယ်လီဖုန်း အော်တိုအိတ်ချိန် တပ်ဆင်ပေးထားသည်မှာ မကြာသေးပါကြောင်း၊ ၎င်းနှင့် ပတ်သက်ပြီး မိမိတို့ တစ်နိုင်ငံလုံးအနေအထားအရ နောင် တပ်ဆင်မည့် အော်တိုတယ်လီဖုန်းများကို သက်သာသောဈေးနှုန်း လျှော့ချရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးနှုန်းနှင့် အချိန်ကာလကို ပြည်သူများအား သတင်းစာများမှ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ပြီး ဈေးနှုန်း လျှော့ချရန်အတွက်လည်း စီစဉ်လျက်ရှိကြောင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့နယ်ခွဲတို့တွင် GSM ရေဒီယိုစခန်းတစ်ခု တည်ဆောက်တပ်ဆင်ထားရှိပါသည်။ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော မိုဘိုင်းတယ်လီဖုန်း တိုးချဲ့တပ်ဆင်ရေးစီမံကိန်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ရေဒီယိုစခန်း ၁၀ ခု တည်ဆောက်တပ်ဆင်ရန် လွိုင်လင်မြို့နှင့် ပင်လုံမြို့နယ်ခွဲတို့တွင် မူလလျာထားချက် ပါဝင်ခြင်းမရှိသော်လည်း လွိုင်လင်မြို့နယ်၊ မိုင်းပွန်ကျေးရွာတွင် GSM ရေဒီယိုစခန်းအသစ်တစ်ခု တည်ဆောက်လျက်ရှိပါကြောင်း၊ ပြည်ပကုမ္ပဏီတစ်ခုမှလည်း လွိုင်လင်မြို့နယ်တွင် တာဝါတိုင်လေးတိုင် စိုက်ထူရန် လျာထားဆောင်ရွက်ထားရှိပါကြောင်း၊ ၎င်း တာဝါတိုင်(၄)တိုင် နှင့်ပတ်သက်ပြီး တာဝါတိုင်(၁)တိုင်ကို မြေနေရာရွေးချယ်ပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိတာဝါတိုင်များအတွက်လည်း မြေနေရာများကို ဆက်လက်ကွင်းဆင်း ရွေးချယ်ဆဲဖြစ်သည့်အတွက် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲတို့တွင် တာဝါတိုင်များ တိုးချဲ့ရောက်ရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။