တစ်ကမ္ဘာလုံးအတိုင်းအတာ အသုံးပြုနေသော ပြက္ခဒိန်ကို ခရစ်သက္ကရာဇ်ဟု လည်းကောင်း after dead of Christ (AD), before Christ (BC) ဟု လည်းကောင်းခေါ်ဆိုကြပါကြောင်း၊ ခရစ်သက္ကရာဇ်သည် နေ Solar System ကိုအဓိက ထားပြီး နှစ်တစ်နှစ်၏ ရက်၊ လ၊ ပြက္ခဒိန်ကိုသတ်မှတ်ပါကြောင်း၊ မူလက ခရစ်သက္ကရာဇ် တစ်နှစ်တွင် ဆယ်လသာရှိခဲ့သော်လည်း ရောမခေတ်ဘုရင် Julius Cesar လက်ထက်တွင် တစ်လနှင့် ဘုရင်သြဂတ်စတတ် လက်ထက်တွင် တစ်လ ထပ်မံတိုးခဲ့သဖြင့် ထိုအချိန်မှစ၍ တစ်နှစ်လျှင် ၁၂ လ ပြက္ခဒိန် ပေါ်ထွက်လာခဲ့ ပါကြောင်း၊ သို့သော် ကမ္ဘာကြီးသည် ၂၃၊ ၂ ပိုင်း ၁ ပိုင်း ဒီဂရီ တိမ်းစောင်းပြီး နေကို လှည့်ပတ်လျက်ရှိသောကြောင့် တစ်လလျှင် ၃၀ ရက်ဖြင့် ၄ လ၊ ၃၁ ရက်ဖြင့် ၇ လ နှင့် လိုအပ်လာသော ရက်တစ် ရက်ကို ဖေဖော်ဝါရီလတွင် လေးနှစ်တွင်တစ်ကြိမ် တစ်ရက်တိုးသတ်မှတ်ကာ ၃၆၅ ရက်ပြည့် စေရန် ထိန်းညှိပေးထားပါကြောင်း။
အစ္စလာမ်ဘာသာ၏ပြက္ခဒိန်သည်လည်း လ (Moon) ကို အခြေခံပြီး တစ်နှစ်ကို ၁၀ လဖြင့် အခြေခံ ထားသော ပြက္ခဒိန်ဖြစ်သကဲ့သို့ မြန်မာသက္ကရာဇ် ပြက္ခဒိန်သည် လ (Moon) ကို အခြေခံပြီးမှ သတ်မှတ်ထားရှိပါကြောင်း၊ မြန်မာပြက္ခဒိန်တွင် ၃၀ ရက် ရက်စုံ ၆ လနှင့် ၂၉ ရက် ရက်မစုံ ၆ လ ဖြင့် တစ်နှစ်လျှင် သာမန်အားဖြင့် ၃၅၄ ရက်ရှိပါသောကြောင့် တစ်နှစ်တွင် ၃၆၅ ရက်ပြည့်ရန် ၁၁ ရက်လိုနေပြီး သုံးနှစ်ပြည့်သည့် အချိန်တိုင်း ၃၃ ရက်လျော့နည်းနေသည်ကို ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ဝါဆိုလကို နှစ်လဖြင့် ဝါထပ်၍ ဝါဆိုလနှင့် ဝါခေါင်လများအတွက်လည်း နှစ်ရက်တိုးသတ်မှတ်ကာ ကျန်ရှိသော တစ်ရက်ကို နောက်နှစ် ဝါခေါင်လတွင် ထပ်တိုးပေးခြင်းအားဖြင့် ဝါငယ်ထပ်ရသည်ကိုလည်း လေ့လာမှတ်သားရပါကြောင်း။
မြန်မာ့သမိုင်းတစ်လျှောက်တွင် သာသနာသက္ကရာဇ်ကိုသာ အသုံးပြုခဲ့ခြင်း သက္ကရာဇ်ဖြိုမှုများ ပြုလုပ်ခဲ့ကြ ပါကြောင်း၊ ပုဂံမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်း ဆရာတော်ကြီးများမှ မြန်မာပြက္ခဒိန်၏ လပြည့်ရက်သည် တစ်ရက်စောနေကြောင်းနှင့် ရက်မစုံလကို တစ်ရက်တိုးနိုင်ကြောင်း အကြံပြုခဲ့သော်လည်း ပြင်ဆင်သတ်မှတ်ခြင်း မပြုနိုင်ခဲ့သည်ကို တွေ့ရှိရသည့်အပြင် ယနေ့အချိန်ထိ မဟာဒွါဟဂိုဏ်း သံဃာတော်များသည် လပြည့်ကျော် (၁) ရက်နေ့မှစတင် ဥပုသ်သီလ ဆောက်တည်နေကြသည်ကိုလည်း တွေ့မြင်ရပါကြောင်း။
၁၉၅၄ ခုနှစ် ဆဋ္ဌသဃာရတနာတင်ရာတွင်လည်း အခြားသောနိုင်ငံများမှ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ က မြန်မာပြက္ခဒိန်၏ လပြည့်ရက်သည် အခြားသောဗုဒ္ဓဘာသာနိုင်ငံများထက် တစ်ရက်စောနေသည် ကို ဝေဖန်ထောက်ပြခဲ့ခြင်း များနှင့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယနိုင်ငံများနှင့် နှစ်စဉ် ကမ္ဘာ့ကုလသမဂ္ဂက ကျင်းပနေသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့သည် မြန်မာနိုင်ငံထက် တစ်ရက်နောက်ကျနေခြင်း၊ မြန်မာနိုင်ငံ၏ ဒီရေအမြင့်ဆုံး နေ့ရက်သည် လပြည့်ကျော်တစ်ရက်နေ့ဖြစ်နေခြင်းတို့သည် သိသာထင်ရှားသော အကြောင်းပြချက်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးဖြစ်ကြသော ဗုဒ္ဓဘာသာဝင် များက မင်္ဂလာရှိသော နိုင်ငံတော်နှင့် ဘာသာရေးအခမ်းအနားများကို ကျင်းပရာတွင်လည်း လပြည့်ရက် များကိုသာ အဓိကထားပြီးမှ ကျင်းပလေ့ရှိကြသည့်အတွက် မြန်မာပြက္ခဒိန်နေ့ရက်ကို အမှန်အတိုင်းဖြစ်ရန် ပြန် လည်ပြင်ဆင် ရန် လိုအပ်လာပြီဟုလည်း ယူဆပါကြောင်း၊ နိုင်ငံတော်သံဃအဖွဲ့အစည်းများနှင့် နိုင်ငံတော်အကြီးအကဲများမှ ပူးပေါင်းပြီး နိုင်ငံတော်သံဃနာယကအဖွဲ့နဲ့ အဖွဲ့ကနေပြီးမှ နိုင်ငံတော် နက္ခတ္တဗေဒအနေဖြင့် ပြက္ခဒိန် ပညာရှင်အဖွဲ့ကို တာဝန်ပေးဆောင်ရွက်စေ ကာ နိုင်ငံတော အကြီးအကဲများက အတည်ပြု အမိန့်ပြန်တမ်းထုတ်ပေး ရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် လမပြည့်သော လပြည့်ညများကို အမှန်လပြည့်ညဖြစ်အောင် ဓမ္မစက်နှင့် အာဏာစက်ပူးပေါင်း ပြင် ဆင်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ယခုမေးမြန်းသော မေးခွန်းနှင့် ဆွေးနွေးချက်များသည် သိမ်မေ့ွနက်နဲသည့် အ တွက်ကြောင့် ဥက္ကဋ္ဌ ဆရာတော်ကြီး၊ သာသနာရေးဝန်ကြီးဌာနနှင့် မိမိတို့ ညှိနှိုင်းပေါင်း စပ်ဖြေဆိုခြင်းဖြစ်ပါကြောင်း၊ ယဉ်ကျေးမြင့်မားသော နိုင်ငံများသည် ကိုယ်ပိုင်ပြက္ခဒိန် ဖွဲ့ချီလေ့ရှိကြပါကြောင်း၊ ယင်းတို့တွင် နေသွားကိုမှီ၍ တစ်နှစ်ကို ရက်ပေါင်း ၃၆၅ ရက်၊ နာရီ ၆၀၀ ကျော်ခန့်ဖြင့် ဖွဲ့ချီထားသော ဂရေဂေါရီပြက္ခဒိန်နှင့် ယနေ့ ကမ္ဘာ သုံး ပြက္ခဒိန်ဖြစ်ပါကြောင်း၊ တစ်နှစ်အတိုင်းအတာကို နေသွား တစ်ပတ်အပြည့် အတိုင်း ထားရှိပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ စသော လများကို သင့်လျော်သလို ၁၂ ပိုင်းစီပိုင်းကာ တစ်ပိုင်းလျှင်သင့်လျော်သလို ရက်များကို ထားရှိသည်ဖြစ်သောကြောင့် ခရစ်နှစ်ပြက္ခ ဒိန်၌ လပြည့်လကွယ်စသည်များ မပါရှိသော်လည်း လပြည့်လကွယ် စသည်တို့ကို အလိုရှိသူများအတွက် သီးသန့် ထည့်သွင်းပေးကြပါကြောင်း။
မြန်မာပြက္ခဒိန်သည် သဘာဝလပြည့်လကွယ်နှင့် အနီးဆုံးတူညီပြီး သဘာဝယုတ္တိကျစေရန် တွက်ချက် ထားပြီး ပြက္ခဒိန် အကြံပေးအဖွဲ့ဝင် ပညာရှင်များသည် သုံးနှစ်ကြိုတင် ရေးဆွဲကြသော ပြက္ခဒိန်များဖြစ်ရာ ဝါထပ်၊ ရက်ငင်၊ နေကြတ်၊ လကြတ်၊ လပြည့်၊ လကွယ်များကို အောက်ပါအတိုင်းရေးဆွဲကြပါကြောင်း-
(က) တိထီ လပြည့်လကွယ်များကို အခြေခံ၍ ရေးဆွဲခြင်း။
(ခ) ဝေါဟာရလပြည့် စန္ဒြမာသကို ကြည့်၍ ရေးဆွဲခြင်း။
(ဂ) ဆိုလာနေ-သွား (ခရစ်နှစ်)သောရနှင့် ရေးဆွဲ ခြင်း။
(ဃ) လနှင့်လုပ်သော ပြက္ခဒိန်(လ-သွား)များကို ကြည့်၍ရေးဆွဲခြင်း တို့ဖြစ်ပါကြောင်း၊ မြန်မာပြက္ခဒိန်သည် တစ်နှစ်လျှင် ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆ စက္ကန့်ရှိသောကြောင့် ၃၆၅ ရက်ကိုသာကြည့်လျှင် လပြည့်နေ့၌ အနည်းငယ်လျော့၍ လမပြည့်သည့်ပုံကဲ့သို့ မြင်ရခြင်းမှာ ကျန်ရှိသော ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆ စက္ကန့်တိတိအချိန်ကြည့်လျှင် လပြည့်ခြင်းကို ပြည့်ဝစွာနှင့် တွေ့မြင်နိုင်မှာ ဖြစ်ပါသောကြောင့် လပြည့်ည ၁၂ နာရီတွင် နာရီ၊ မိနစ်၊ စက္ကန့် အနည်းငယ် ကွာခြားခြင်းသာရှိနိုင်ပါကြောင်း။
ရာဇဂြိုလ်ပြည့်ရှင် ဘုရင်ဗိမ္မိသာရမင်းကြီးသည် ဝါထပ် ရက်ငင်ကိစ္စနှင့် ပတ်သက်၍ သဘောထားကို ရဟန်းတော် များကို လျှောက်ထားပြီး ရဟန်းတော်များက ဘုရားရှင်အား ဆက်လက်လျှောက် ထားခဲ့ရာ မြတ်စွာဘုရားရှင်က ထို ကိစ္စမျိုးတွင် မင်း၏တာဝန်ပေးချက်အရ ပညာရှင် များ၏ ဆောင်ရွက်ချက်ဖြစ်သဖြင့် ငါ၏သာသနာတော်နှင့် ဆန့်ကျင်မှုမရှိသောကိစ္စများတွင် မင်းတို့အလိုသို့ အစဉ်လိုက်စိမ့်သောငှာ ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ကြောင်း ဝိနည်းမဟာဝါ စာမျက်နှာနှာ-၁၉၃ တွင် ဖော်ပြခဲ့ပါကြောင်း။
အမေးတော်အဖြေကျမ်းတွင် နန်းတော်တွင်း ရှိနေပြီးဖြစ်သော ဒိဗ္ဗစက္ခုမှန်ပြောင်းဖြင့် ညစဉ် လ ကို ဘုရင်ကကြည့်ရှု လေ့လာပြီး တိထီဖွဲ့ထားသော ပုံတော်ပြက္ခဒိန်အသစ်ကို ထီထွင်ခဲ့သော်လည်း သာသနာပိုင် ဆရာတော်နှင့် တကွ ပြည်သူအများက မကြိုက်နှစ်သက်သဖြင့် ပယ်ဖျက်ခဲ့ကြပါကြောင်း၊ အဆိုပါ အကြောင်း အရာနှင့် ပတ်သက်ပြီး အမေးတော်ဖြေကျမ်း စာမျက်နှာ ၃၄၆ မှ ၃၅၁ ထိ၊ စာမျက်နှာ ၄၈၉ မှ ၄၉၅ ထိ၊ စာမျက်နှာ ၄၉၉ မှ ၅၃၃ ထိ ဖတ်ရှုလေ့လာနိုင်ပါကြောင်း။
မြန်မာသက္ကရာဇ် (ပြက္ခဒိန်)သည် လ(Moon)ကို အခြေခံပြီး မြန်မာပြက္ခဒိန်ဖွဲ့ချီထားရှိမှုအနေဖြင့် (၁) သူရိယ၊ (၂) စန္ဒ၊ (၃) နက္ခတ္တ၊ (၄) သာဝန၊ (၅) ပိဋကတ်၊ (၆) ဝေါဟာရ ဟူ၍ အချက် (၆) ချက်ကို အခြေခံထားပြီး ဖွဲ့ချီ ထားခြင်း ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံကြီးများတွင် နှစ်စဉ်ကျင်းပနေသော ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ကမ္ဘာ့နိုင်ငံများနည်းတူ ဖြစ်စေလိုပါက အမှန် ကဆုန်လပြည့်နေ့၊ ရက် စသည်တို့ကို ကြေညာပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဤအချက်နှင့် ပတ်သက်ပြီး LAHIRI'S INDIAN EPHEMERIS of PLANETS' POSITIONS, ACCORDING TO THE NIRAYANA' or SIDEREAL SYSTEM FOR 2013 A.D ကြေညာချက်ကို လေ့လာဖတ်ရှုပါက ရှင်းလင်းစွာ သိရှိနိုင်မည်ဖြစ်ပါကြောင်း။
ရန်ကုန်မြစ် ဒီရေအတက်အကျ တိုင်းတာရာ Yangon River View ဌာနထုတ် TIDE TABLE တွင် လဆန်း ၃ ရက်နှင့် လဆုတ် ၃ ရက်သည် ခေါင်ရေအမြင့်ဆုံးတက်သည့်နေ့များ ဖြစ်ကြောင်း။
ယခုစီရင်ထားသော ပြက္ခဒိန်တွင် လပြည့်ညတွင် အမှန်လပြည့်အောင် ပြုပြင်၍ မရပါ။ အခြားပြက္ခဒိန်များနည်းတူ တိထီလပြည့်၊ လကွယ်တို့ကို ပူးတွဲကြေညာပေးလိုက်လျှင် အဆင်ပြေနိုင်မည်ဟု ထင်မြင်မိပါကြောင်း ဥက္ကဋ္ဌ ဆရာတော် က မိန့်ကြားပါတယ်။ ယခုအခါ စီမံခန့် ခွဲမှု အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စီးပွားရေးဆောင် ရွက်နေ သူများ၊ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးနှင့် မြန်မာနိုင်ငံသား များအနေဖြင့် မြန်မာ့ပြက္ခဒိန်ကို အသုံးပြုရာတွင် ၎င်းတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်ရေး စသည့် လူမှုရေးရာကိစ္စ အရပ်ရပ် ကို ရှေးအစဉ်အလာများအတိုင်း ယုံယုံကြည် ကြည်လက်ခံပြီး ဆောင်ရွက်နေကြခြင်း တို့ကြောင့် ပြင်ဆင်ရန် မသင့်ပါသေးကြောင်းကို အထောက်အထား ကျမ်းကိုးစာရင်းများနှင့်အတူ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးက မိန့်ကြားပါကြောင်း၊ ကျမ်းကိုးစာရင်းများမှာ ယနေ့ ကမ္ဘာသုံးပြက္ခဒိန်၊ ကလန်ဒီရို လူနာ DMDR.Organization 2014၊ ဆရာတော်ကြီး ဦးသရိယ ထုတ်ပြန်ထားသော အမေးတော်အဖြေကြမ်းစာအုပ်မှ စာမျက်နှာ ၃၄၆ မှ ၃၅၁၊ စာမျက်နှာ ၄၈၉ မှ ၄၉၅၊ စာမျက်နှာ ၄၉၉ မှ ၅၉၃ အထိ၊ လာဟူး အိန္ဒိယံ ကဖီမားရစ် of Planet Position according to the နာရေရာနား or ဆိုက်ဒေးရိယံ System for 2013 AD ကြေညာချက်၊ ရန်ကုန် Interview ဌာနထုတ် Tide Table 2013 စာအုပ်နှင့် ပြက္ခဒိန်အကြောင်းသိကောင်းစရာ ကာပြမိသက္ကာစာအုပ်တို့ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
