မိမိအနေဖြင့် တောင်သူလယ်သမားများအတွက် အမှန်တကယ်လိုအပ်နေသော ဥပဒေ တစ်ခုအကြောင်းကို မေးမြန်းမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ သည် ခေတ်အဆက်ဆက်တွင် နည်းမျိုးစုံဖြင့် အမြတ် ထုတ်ခံခဲ့ရပါကြောင်း၊ ယခုအခါ တွင်လည်း မြေယာသိမ်း ဆည်းခံရမှုများကို ခံစားခဲ့ကြရပါကြောင်း၊ ထိုကိစ္စများ ကို မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် နိုင်ငံစီးပွား တည်ဆောက်ရေးအုတ်မြစ်တို့ ပီပြင်စွာ ချနိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု အစိုးရ၊ လယ်ယာ မြေစုံစမ်းရေးကော်မရှင်မှ တွေ့ရှိချက်များ အပေါ်မှာမူ တည်၍ ပြည် သူများအတွက် ပြတ်သားသည့် လယ်ယာမြေမူဝါဒနှင့် လယ်ယာမြေပြုပြင် ပြောင်း လဲရေး ပြုလုပ်၍ ပြည်ထောင်စု လွှတ်တော်မှ ပြည်သူအားလုံး၏ အကျိုးကိုမျှော်ကိုး ၍ မြေယာဝေခြမ်း ရေးဆိုင်ရာဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းပေးရန်၊ ပိုမိုမြန်ဆန် ထိရောက်အောင်ဆောင် ရွက်နိုင်ရန် အစီအစဉ်သစ်များရေး ဆွဲ၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ တောင်သူလယ်သမားများရဲ့ အကျိုးစီး ပွား ဖော်ဆောင်နိုင်ရေးအတွက် အောက်ပါ အတိုင်း တိကျစွာပြဋ္ဌာန်းထားပါတယ်-
ပုဒ်မ ၂၃။ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ (က) အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်တဲ့ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်။ (ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီ ဆောင်ရွက်မည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ လယ်ယာမြေဥပဒေကို ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး၏ ၁၉-၃-၂၀၁၂ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးသော လယ်ယာမြေ ဥပဒေ ၂၀၁၂ ခုနှစ်ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ အဖြစ် နိုင်ငံတော်သမ္မတက ၃၀-၃-၂၀၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံတော်သမ္မတရုံး၏ ၃၁-၈-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၆၂/၂၀၁၂ ဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်ခဲ့၍ လယ်ယာမြေ ဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ(က)အရ လယ်ယာမြေနည်းဥပဒေများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ သဘောတူ အတည်ပြုချက်အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၃၁-၈-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်၊ ၂/၂၀၁၂ ဖြင့် ထုတ်ပြန်အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၁၅ ပုဒ်မခွဲ(က) အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ ၁၂-၉-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၆၂/၂၀၁၂ ဖြင့် ဗဟို လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ကို အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး၊ ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(က)အရ ဗဟို လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ၁၆-၁၀-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၁၂ နှင့် ၂/၂၀၁၂ တို့အရ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်ထိ အဆင့်ဆင့်သော လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းပေးခဲ့ပြီး ၎င်းတို့ရဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုလည်း သတ်မှတ်ပေးခဲ့ပါကြောင်း၊
လယ်ယာမြေဥပဒေ အခန်း (၂)၊ လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုခြင်းအခန်း၊ လယ်ယာမြေဥပဒေပုဒ်မ ၄၊ ၅ နှင့် ၆ တို့ပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်စွာ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက် မှတ် ထုတ်ပေးခြင်းများကို ၁-၁-၂၀၁၃ ရက်နေ့မှစပြီး နိုင်ငံအဝှမ်းတစ်ချိန်တည်း၊ တစ်ပြိုင်တည်းဆောင် ရွက်ပေး လျက်ရှိရာမှာ ၁၇-၃-၂၀၁၄ ရက်နေ့အထိ ၉၉.၁၇ ရာခိုင်နှုန်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ကို တောင်သူလယ်သမားများ လက်ဝယ်အရောက်ထုတ်ပေးပြီးဖြစ်၍ လက်ရှိ လယ်ယာ မြေများကို အသုံးပြုလျက်ရှိ သည့်တောင်သူပေါင်း ၅.၀၄ သန်းအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုင်ရာကိစ္စရပ်များအား ၁၄ လတာကာလ အတွင်းမှာ မြန်ဆန်စွာ အင်တိုက်အားတိုက် ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇ နှင့် ပုဒ်မ ၃၅ တို့မှာလည်းပဲ အောက်ပါ အတိုင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊
ပုဒ်မ ၇။နိုင်ငံတော်ဟာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။
ပုဒ်မ ၃၅။ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေသည် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် ခေတ်အဆက် ဆက်ကတောင်သူလယ်သမားများ မရရှိခဲ့ဘူးတဲ့ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ် ခြင်း၊ ငှားရမ်းခြင်း၊ ပေး ကမ်းခြင်း စသည်တို့ကို ခွင့်ပြုပေးထားသည့် မြေယာစနစ်ပြုပြင်ပြောင်းလဲရေးအတွက် ရည်မှန်းချက်ပန်းတိုင် ကို ဖော်ပြပြီး လုပ်ထုံးလုပ်နည်းများကိုပါ အသေးစိတ် ဖော်ပြကာ ဥပဒေပုဒ်မ ၉ နှင့် နည်းဥပဒေ ၄၇၊ ၄၈၊ ၄၉ တို့မှာ ပြဋ္ဌာန်းထားရှိချက်နှင့်အညီ တောင်သူ လယ်သမားများ၏ အကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော လယ်ယာမြေဥပဒေသည် ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် (Multi-Party Democracy Political System) နှင့် ဈေးကွက်စီးပွားရေးစနစ် (Market Economic System) စံနှုန်းများနှင့် ကိုက်ညီသော ဥပဒေဖြစ်ပြီး နိုင်ငံသားတိုင်း လက်တွေ့လိုက်နာကျင့်သုံးနိုင်သော ဥပဒေ တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ လယ်ယာမြေမှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရာတွင်လည်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးစုံ စမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း(၁၊၂၊ ၃) ပါကိစ္စရပ်များနှင့်ပတ်သက်ပြီး လယ်ယာမြေအငြင်းပွားမှုများ အတွက် လယ်ယာမြေဥပဒေအခန်း (၈)၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံခြင်းတို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် လယ်ယာမြေဥပဒေပုဒ်မ ၂၂ ကနေ ၂၅ အထိ တိကျစွာပြဋ္ဌာန်းထားရှိပြီး လယ်ယာမြေဥပဒေပုဒ်မ ၂၅(ဂ)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု တိကျစွာပြဋ္ဌာန်းထားရှိပြီး ဖြစ် ပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေ အခန်း(၈)၊ ပုဒ်မ ၂၂၊ ၂၃၊ ၂၄၊ ၂၅ နှင့် နည်းဥပဒေ အခန်း (၇)၊ ပုဒ်မ ၆၀ အရ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်း ပြီးပြတ်ရန် ဥပဒေအရ သာမန်အားဖြင့် ရက်ပေါင်း ၁၃၅ ရက်ခန့် ကြာမြင့်သည်ကို ဥပဒေတွင် ပြဋ္ဌာန်း ထားပြီးဖြစ်သည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေတွင် တည်ဆဲဥပဒေဖြစ်နေပါသဖြင့် ထိုဥပဒေအရ စီမံဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၇ မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကိစ္စရပ်နှင့် ပတ်သက်၍ ပြန်လည် သိမ်းယူသော အသစ်ဖော်ထုတ်သော လယ်ယာမြေ များနှင့်ပတ်သက်၍ တိကျစွာလည်းပြဋ္ဌာန်း ထားရှိပြီးဖြစ် ပါကြောင်း။ လယ်ယာမြေဥပဒေ ၁၆ မှ ၂၃ အထိ လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်သိမ်းယူသော လယ်ယာမြေများ၊ နိုင်ငံတော်က အခါအားလျော်စွာ အသစ်ဖော်ထုတ်သော လယ်ယာမြေများနှင့်စပ်လျဉ်းပြီး လုပ်ပိုင် ခွင့်လျှောက်ထားခြင်းအပါအဝင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စိစစ်ဆောင်ရွက်ရမည့်လုပ်ငန်း လမ်းညွှန် ချက်များကိုလည်း တိကျစွာပြဋ္ဌာန်းဖော်ပြထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကိုလည်း၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀ အဖြစ် နိုင်ငံတော်သမ္မတက ၃၀-၃-၂၀၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ပြီး မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၃၄ ပုဒ်မခွဲ(က)အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူအတည် ပြုချက်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ၃၁-၈-၂၀၁၂ ရက်စွဲပါ အမိန့် ကြော်ငြာစာ ၁/၂၀၁၂ နဲ့ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါကြောင်း။ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း (၁၊ ၂၊ ၃)ပါ မြေယာကိစ္စရပ် များကို ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးနိုင်ရေးအတွက်လည်း နိုင်ငံတော်ဒုတိယ သမ္မတ(၂) ဦးဉာဏ်ထွန်းခေါင်းဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟို ကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၉/၂၀၁၃ ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌများအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး များကလည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီးကလည်းကောင်း စုစုပေါင်း ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးကော်မရှင်၏ အစီရင်ခံစာပါကိစ္စရပ် များကို မြေပြင်ပကတိ အခြေအနေမှန်အတိုင်း မြန်ဆန်စွာ ဖြေရှင်းနိုင်ဖို့အတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့် မြေအသုံး ချမှုစီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်း ခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် လုပ်ထုံးလုပ်နည်းများ အသေးစိတ်ကိုလည်းပဲ ဆက်သွယ်ဆောင်ရွက် ရမည့်ရုံးများ ဖွင့်လှစ်ထားရှိပြီး ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ၇-၃-၂၀၁၄ ရက်နေ့မှာ ကျင်းပတဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၄)တွင် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများအပေါ် ပြန်လည်စွန့်လွှတ်သော မြေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာလက်ဝယ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေးအတွက် အောက်ပါအတိုင်းလမ်းညွှန် ထားပါကြောင်း၊
ပြန်လည်စွန့်လွှတ်မြေများအား သက်ဆိုင်ရာ မြေအသုံးချခွင့်တောင်းခံသူများ လက်ဝယ်သို့ အမြန်ပြန်လည်ရောက် ရှိစေရေး၊ မြေအသုံးချခွင့်ရှိကြောင်း စာရွက်စာတမ်း၊ သက်သေခံ အထောက်အထားခိုင်လုံစွာ ပြသနိုင်သူများအား ယာယီပြန်လည်လွှဲပြောင်းပေးလိုက်ရန်နှင့် အသုံးချ ပိုင်ခွင့်အမည်ပေါက်ရရှိရေးအတွက် ဌာနဆိုင်ရာတည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လုံလောက်သောကာလအပိုင်း အခြား သတ်မှတ်ပြီး ဆက်လက်ဆောင်ရွက်ရန်၊ သက်သေခံ စာရွက်စာတမ်း အထောက်အထား မပြနိုင်သော်လည်း ရပ်မိရပ်ဖများ၏ ထွက်ဆိုထောက်ခံချက်များနှင့် မြေအသုံးချပိုင်ခွင့် သက်သေခံအထင် အရှားပြနိုင်ပါကယာယီ လွှဲပြောင်းပေးလိုက် ရန်၊ လွှဲပြောင်းခံရသူ အသုံးချပိုင်ခွင့် အမည်ပေါက်ရရှိရေးအတွက် ဌာန ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းခဲ့ ဖူးပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ အရ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးများတွင်လည်း ပြည်သူများကိုယ် တိုင်ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တော်ကြီးများ ဖွဲ့စည်းထားပြီးဖြစ် ပါကြောင်း။ ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်၊ ၃၂ အဖြစ် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ၈-၁၀-၂၀၁၃ ရက်နေ့တွင် တောင်သူလယ်သမား အခွင့်အရေးကာ ကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကိုလည်း ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တောင်သူလယ် သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေး ဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ(ခ)၊ (ဃ)နှင့် (င) တို့မှာ ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမားများ ရသင့်ရထိုက်သော အောက်ပါအခွင့်အရေးများနှင့် အကျိုးစီးပွားများ ကို ဆောင်ရွက်ပေးရန် အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊
ပုဒ်မ ၉ (ခ) တောင်သူလယ်သမားများ လိုအပ်တဲ့သွင်းအားစုများရရှိစေရေးနှင့် မြေယာနှင့် ပတ်သက်သော တည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ (ဃ) တည်ဆဲ ဥပဒေ များနှင့်ညီညွတ်မှုမရှိသော တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ် ပေးခြင်း၊ (င) လယ်ယာလုပ်သားများ၏ ရထိုက်သောအခွင့်အရေးများကို အပြည့်အဝရရှိစေရန်လို့ အတိအကျ ပြဋ္ဌာန်းထား ရှိပြီးဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့လည်းပဲ တောင်သူလယ် သမားအခွင့် အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး နည်းဥပဒေ(မူကြမ်း)ကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်းရေးဆွဲပြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာ ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးခေါ်ယူပြီး နည်း ဥပဒေ(မူကြမ်း)အား ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း၊
ဒုတိယသမ္မတ ကိုယ်တိုင် ဦးဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ မျက်ခြေမပြတ်ကြီးကြပ် ကွပ်ကွဲမှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များ၊ အဆင့်ဆင့်သော မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများနှင့် ၁၉၈၄ ခုနှစ်၊ မြေသိမ်း အက်ဥပဒေတွင် လက်ရှိတည် ဆဲကျင့်သုံးလျက်ရှိခြင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဦးဆောင်အဖွဲ့နှင့်လုပ်ငန်းအဖွဲ့များက အတည်ပြုပြဋ္ဌာန်းပေးသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းညွှန်ကြားချက်များနှင့်အညီ မှန်ကန်မြန်ဆန်စွာဆောင် ရွက်လျက်ရှိပါကြောင်းနှင့် မြေယာဝေခြမ်းရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန် လိုအပ်မှုမရှိပါကြောင်း ပြန်လည်ဖြေကြားပေးပါသည်။
ဦးအောင်ဇင်(ပုဇွန်တောင်)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
တိုင်းဒေသကြီးအသီးသီးက ဥပဒေနှင့် အညီ မူလပိုင်ရှင်လက်သို့ရောက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စနစ်တကျဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဥပမာ မြေသိမ်းစဉ်က လယ်သမား အယောက် ၁၀၀၏ ဧက ၁၀၀၀ ကိုသိမ်းပြီး ဧက ၅၀ ပြန်ပေးမည်ဆိုပါက မူလလက်ငုတ် လက်ရင်း လက်ရှိလက်ငုတ်ရင်း ပြဿနာများနှင့် ပုဒ်မ ၂၂၊ ပုဒ်မ ၂၃၊ ပုဒ်မ ၂၅ အထိ ရင်ဆိုင်နေရသော အမှုတွဲများပါ ကြုံတွေ့ ကြန့်ကြာနေကြပါကြောင်း၊ ယခင်သိမ်းစဉ်တုန်းက့ နိုင်ငံတော် လိုအပ်ချက် အတွက် သိမ်းခဲ့သကဲ့သို့ ပြန်လည်ဝေချမ်းသည့်အခါတွင်လည်း နိုင်ငံတော်မှ လယ်မြေများကို အတိအကျ၊ အညီအမျှ မဟုတ်လျှင်တောင် ပြေလည်စွာ ဆောင်ရွက်ပေးရန် လယ်ယာမြေ ဝယ်ခြမ်းရေးဥပဒေတစ်ရပ် ပြုသင့်/မပြု သင့်ကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ မေးမြန်းဖြေကြားချက်များအပေါ် သုံးသပ်ဆွေးနွေးပြောကြားပါသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ရှင်းလင်းတင်ပြချက်များပြည့်စုံပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား ကာကွယ်ရေးဥပဒေကို ကြိုးစားပမ်းစား အချိန်ပေးပြဋ္ဌာန်းခဲ့သည်မှာလည်း ငါးလထဲရောက်ရှိလာပြီဖြစ်ပါကြောင်း၊ နည်းဥပဒေထွက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန်နှင့် ထွက်ရှိနိုင်မည့် အချိန်ကို ခန့်မှန်းပြီး လွှတ်တော်ကို ပြန်ပြောဖို့လိုပါကြောင်း၊ နည်းဥပဒေနှင့် ဆက်စပ်သော နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ ထုတ်ပြန်ပေးမည်ဆိုပါက ယင်းကဲ့သို့ မေးခွန်းများ ထုတ်လာစရာအကြောင်းမရှိပါကြောင်း၊ ထို့ကြောင်း ယင်းကိစ္စကို ပြီးပြတ်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်းကို လွှတ်တော်ဥက္ကဋ္ဌအနေနှင့် အကြံပြုတင်ပြ ပါကြောင်းနှင့် ၁၈၉၂ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်း အက်ဥပဒေနှင့် ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ရန် သက်ဆိုင်ရာ စီမံခန့်ခွဲသော ဝန်ကြီးဌာနအနေဖြင့် အဆိုပြုတင်ပြရန်လိုအပ်ပါကြောင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာန မလာပါက မြန်မာနိုင်ငံ မြေသိမ်းအက် ဥပဒေကို ပြန်လည် သုံးသပ်ပြီး ခေတ်စနစ်နှင့် လျော်ညီစွာ ဆောင်ရွက်ပေး နိုင်မှသာလျှင် မိမိတို့အစိုးရ အုပ်ချုပ်ရေး အဖွဲ့အပါအဝင် ဥပဒေပြုအဖွဲ့လည်း တာဝန်ကျေမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း မိမိတို့ တာဝန်ယူရမယ့်ကိစ္စများအတွက် ဆောင်ရွက်ပေးရန်နှင့် လွှတ်တော်အနေဖြင့်လည်း အမြဲတမ်းကူညီဆောင်ရွက်ရန် အသင့်ရသည်ကို ပြောကြားပါသည်။
