(ဂ)-ရွှေပြည်သာမြို့ကဲ့သို့ နှစ်ပေါင်း (၂၅)နှစ်ကျော် ကြာမြင့်ခဲ့သည့် မြို့သစ်များတွင် ကွန်ကရစ်လမ်း ခင်းပေးရန်နှင့်အခြေခံလူတန်းစားနှင့်အလတ်တန်း စားများအတွက် မြို့သစ်များ ဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ (၂.၂.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

မိမိတို့၏ လူနေမှုဘဝတွင် နေထိုင်ရေးကိစ္စရပ်များသည် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော အစိုးရများအနေဖြင့်လည်း နိုင်ငံအတွင်းရှိ ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး (City Development) စီမံကိန်းများကို အနှစ် ၂၀ တွင် အနည်းဆုံးတစ်ကြိမ် ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် မြို့သစ်များဖော်ထုတ်၍ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လူဦးရေများလွန်းသောနိုင်ငံများအနေဖြင့် အခြေအနေမဲ့များ ကျူးကျော် တိုးပွားလာသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့နိုင်ငံတွင်  ပြည်သူများအနေဖြင့်  နေထိုင်ရေးအတွက် အခက်အခဲကြုံတွေ့နေရသည့်အတွက် ကျူးကျော်အိမ်များထွက်ပေါ်လာပါကြောင်း၊ အခြေခံ လူတန်းစားနှင့် လူလတ်တန်းစားများအတွက် အိမ်ရာနေထိုင်မှု ရရှိရန်လိုအပ်လာခြင်းကြောင့် နိုင်ငံအတွင်းတွင် အငြင်းပွားမှုများ တိုးပွားလာသည်ကို တွေ့ရပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် မြို့သစ်များကိုဖော် ထုတ်ပြီး နောက်ပိုင်း ယနေ့အချိန်ထိ မြို့သစ်စီမံကိန်းများကို အစိုးရအစီအစဉ်ဖြင့် ထပ်မံ ဖော်ထုတ်ဆောင်ရွက်ခြင်း မရှိတော့ပါကြောင်း၊ နေထိုင်မှုအခက်အခဲဖြစ်နေသော ပြည်သူများအတွက် အဆင်ပြေစေရန် မြို့သစ်များကို စနစ်တကျ ဖော်ထုတ်၍ အမှန်တကယ်လိုအပ်သော ပြည်သူများကို နေရာချထားပေးနိုင်ရန် (၁) ပြည်သူများ မျှော်လင့်နေသော မြို့သစ်စီမံကိန်းများကို အစိုးရ၏  အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊  (၂) အစီအစဉ်ရှိခဲ့ပါက ရွှေပြည်သာတွင် မြို့ဖော်ထုတ်စဉ်က အခြေခံလိုအပ်ချက်ဖြစ် သော လမ်းပေါင်း ၅၀၀ ကျော် သည် ယခုအချိန်အထိ မြေသားလမ်းအဖြစ်မှ တိုးတက်မှုမရှိသေးပါကြောင်းနှင့်  တာဝန်ရှိသော ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာနှမှ ခင်းကျင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်နှင့် လုံလောက်မှုမရှိနိုင်သည်ကို လည်း တွေ့ရပါကြောင်း၊ (၃) မြို့သစ်ဖော်ထုတ်ရန်အစီအစဉ်ရှိပါက  ပြည်သူများ အမှန်တကယ်ရရှိရန် မည်သည့် အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ကိုသိလိုပါကြောင်းဖြင့် မေးမြန်းသွားပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
အဖြေ
ဖြေကြားချက် 

ပြည်သူများ၏ နေထိုင်ရေးကိစ္စကို မိမိတို့ အနေဖြင့် ပြန်လည်သုံးသပ်ရာတွင် နိုင်ငံတကာတွင် ရှိသော မြို့ကြီးများသကဲ့သို့ မြန်မာနိုင်ငံရှိ မြို့ကြီးများလည်း လူဦးရေတိုးတက်များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း  ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် အတွက် နိုင်ငံတော်အဆင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးပွဲသို့ နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အားလုံးပါဝင်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များအရ ပြည်သူများ နေထိုင်မှုအစဉ်ပြေစေရေးအတွက် အိမ်ရာစီမံကိန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်  မြို့သစ်များတွင် မြို့တွင်းလူသွားလမ်းများ ကွန်ကရစ်ခင်းနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရများ၏ ခွင့်ပြုငွေဖြင့်လည်းကောင်း၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အိမ်ရာစီမံကိန်း အစီအစဉ်ဖြင့်လည်းကောင်း စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊  ထို့ကြောင့် ရွှေပြည်သာမြို့နယ်အတွင်းတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ရပ်ကွက်အတွင်းလမ်း ၄၀၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရပ်ကွက် အတွင်းလမ်း ၉၆ လမ်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရပ်ကွက် အတွင်းလမ်း ၁၄ လမ်း စုစုပေါင်းရပ်ကွက်အတွင်းလမ်းပေါင်း ၁၅၀ ကို ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်သကဲ့သို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း ရပ်ကွက်အတွင်းလမ်း ၈၂ လမ်းကို ကွန်ကရစ်လမ်းဆောင်ရွက်ပေးရန် လျာထားပြီး ဖြစ်ပါကြောင်း။

ကျူးကျော်တဲအိမ်ဖြင့်နေထိုင်ရသော အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား ဝင်ငွေအသင့်အတင့် ရှိသူများ နေထိုင်မှုအဆင်ပြေစေရန်ရည်ရွယ်၍ အစိုးရပိုင်မြေနေရာများရှာဖွေပြီး မြို့ကွက်သစ်များ တိုးချဲ့ ဖောက်လုပ်ခြင်းစီမံကိန်းကို National Housing Policy နှင့် Urban Development Policy ရေးဆွဲဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအနေဖြင့် အိမ်ခန်းများ ဖော်ထုတ်လျက်ရှိရာ ဖော်ထုတ်ခဲ့သော အိမ်ခန်းအရေအတွက် ၂၀၆၄၂ ခန်းနှင့် ဆက်လက်ဖော်ထုတ်မည့် အိမ်ခန်းအရေအတွက် ၃၈၀၄၁ ခန်း စုစုပေါင်း အိမ်ခန်းပေါင်း ၅၈၆၈၃ ခန့် ဆောင်ရွက်ထားရှိမည်ဖြစ်ပါကြောင်း၊ မြို့သစ်စီမံကိန်း များဆောင်ရွက်နိုင်ရန် ပြည်သူကို ဗဟိုပြုသော နည်းစနစ်အရ ရပ်ကွက်/ မြို့နယ်အဆင်‌့ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီများနှင့် စတင်ညှိနှိုင်းဆွေးနွေး သဘောတူညီမှုရယူပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြေယာ ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မူဝါဒချမှတ်ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူတို့ကိုယ်တိုင်ပါဝင်စီမံခန့်ခွဲ၍ မြို့သစ်စီမံကိန်းများကို တည်ဆောက်ကြရမည်ဖြစ်ပါသဖြင့် အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများ မြေကွက်နှင့် အိမ်ရာများရရှိစေရေး စနစ်တကျ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးတင်မောင်ဦး (ရွှေပြည်သာ ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် တင်ပြမေးမြန်းလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)၊ (၂)တွင် ပြည်ထောင်စုအစိုးရ သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရသော်လည်းကောင်း မြို့သစ်များနှင့်ပတ်သက်ပြီး ဖော်ထုတ်ရန် ဥပဒေရေးဆွဲဆောင်ရွက်ခွင့်ရှိပါကြောင်း၊ မိမိအနေဖြင့် မြို့သစ်စီမံကိန်းအကြောင်း မေးခြင်းဖြစ်ပြီး လူနေတိုက်ခန်းများအကြောင်း မေးမြန်းခြင်းမဟုတ်ပါကြောင်း၊  ရွှေပြည်သာ၊ လှိုင်သာယာကဲ့သို့ သော မြို့သစ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ပြီး ယနေ့အခက်အခဲဖြစ်နေသော ဝန်ထမ်း ပြည်သူများကို  နေရာပေးရန် အစီအစဉ်ရှိမရှိမေးမြန်းခြင်းဖြစ်သည့်အတွက် အဆိုပါမေးခွန်းကို ပြန်လည်ဖြေကြား ပေးကြားပေးရန် တင်ပြပါကြောင်း၊  ဒုတိယမေးခွန်းနှင့်ပတ်သက်၍လည်း ယခင်တုန်းက စတင် ဖော်ထုတ်ခဲ့သော ဝန်ကြီးဌာနများမှ တာဝန်ရှိသည့်အတွက် အဆိုပါဝန်ကြီးဌာန၏ ကတိကဝတ်ကို လိုချင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ မည့်သည့်ဘတ်ဂျက်မှာ ခင်းပေးမည်ဆိုသည့် အဖြေကို အတိတကျ လိုချင်ပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်        

ကိုယ်စားလှယ်တော်ကြီး၏ ပထမမေးခွန်းဖြစ်သည့် နေထိုင်မှုနှင့်ပတ်သက်ပြီး တတ်နိုင်သမျှ ပြည်ထောင်စု အစိုးရအနေဖြင့်  ရန်ကုန်တိုင်းဒေသကြီးသာမက ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို တတ်နိုင်သမျှ စီစဉ်လျက်ရှိပါကြောင်း၊  အထူးသဖြင့် ရန်ကုန်တိုင်းသည် နေရေးထိုင်ရေးအတွက် ပိုမို အခက်အခဲဖြစ် နေခြင်းများကြောင့် မိမိတို့က ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နေထိုင်မှုအတွက် အိမ်ခန်းပေါင်း ၅၀၀၀၀ ကျော် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထပ်မံ၍လည်း Planning များ ကို အနှစ် ၂၀ စီမံကိန်း၊ အနှစ် ၃၀ စီမံကိန်း စသဖြင့် ရေးဆွဲပြီး တိုးတက်လာမယ့်လူဦးရေအတွက်ကို မျှော်မှန်း ဆောင်ရွက်လျက်ရှိ ပါကြောင်း။  

ဒုတိယမေးခွန်းနှင့် ပတ်သက်ပြီး မိမိတို့၏ မူဝါဒအရ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန အနေဖြင့်လည်း မိမိတို့က အဆိုပါ ကိစ္စများကို ဆောင်ရွက်ပြီးသည်နှင့် သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ် အစိုးရများကို လွှဲပြောင်းပေးရပါကြောင်း၊ သို့သော်လည်း ရန်ကုန်တိုင်းအစိုးရအနေဖြင့် သက်ဆိုင်ရာ ရရှိသော ရန်ပုံငွေနှင့် ဆောင်ရွက်ရခြင်းကြောင့် လုံလောက်မှုမရှိဘဲ အများကြီး ကျန်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ကျန်ရှိနေ သော လမ်းများကို နှစ်အလိုက် စီမံချက်ချပြီး ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ပါကြောင်း၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ကျန်ရှိလမ်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း ပြန်လည် ဖြေကြားပါသည်။