ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသသည် ခနောက်စိမ်းအပါအဝင် အခြားဓာတ် သတ္တုများ အရည်အသွေးပြည့်မီစွာ ရာခိုင်နှုန်းအတော်များများ ထွက်ရှိသော ဒေသ တစ်ခု ဖြစ်ပါကြောင်း၊ မိဘဘိုးဘွားများ အစဉ်အဆက် ထားရစ်ခဲ့သော၊ မြေပေါ်/မြေအောက် သယံဇာတဖြစ်ထွန်းမှုကို နိုင်ငံတော်အတွက် ဘဏ္ဍာအခွန် အခသော် လည်းကောင်း၊ တိုင်းရင်းသား ပြည်သူများနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုလုပ်ငန်းများမှာ ပြန်လည်သုံးစွဲခံစားသင့်တယ်လို့ ထင်မြင်ယူဆမိ ပါကြောင်း၊ ခနောက်စိမ်း၊ ဓာတ်သတ္တု၊ သစ်တော၊ သယံ ဇာတစသည်ဖြင့် နှစ်စဉ်တန် ချိန် ထောင်ပေါင်းများစွာ အရည် အသွေးမြှင့်သော ခနောက်စိမ်းအပါအဝင် မြေအောက် ဓာတ် သတ္တုများ၊ သစ်တောများမှ ထုတ်လုပ်မှု များတွင် ဒေသတွင်း လာ ရောက်တူးဖော် လုပ်ကိုင်ကြသော တရုတ်၊ ကုလား၊ တိုင်းရင်းသား တရားဝင်/ တရားမဝင် ကုမ္ပဏီများမှ ထုတ်ယူသယ်ဆောင်သွားခြင်းတို့ရှိသည့်အတွက် မိမိတို့မြို့နယ်၊ မိမိတို့ပြည်နယ် အစိုးရများအတွက် အတွက် နှစ်စဉ် နိုင်ငံတော်ဘဏ္ဍာငွေ မည်မျှရရှိပြီး ရရှိသောနိုင်ငံတော်အခွန်ဘဏ္ဍာများထဲမှ ရာခိုင်နှုန်းမည်မျှကို မိမိတို့ မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက် ပြန်လည်သုံးစွဲခွင့်ပြုထားသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
သတ္တုတွင်းဝန်ကြီးဌာနသည် ကရင်ပြည်နယ်တွင် ဓာတ်သတ္တုလုပ်ငန်းဆောင်ရွက်ရန် အတွက် ဓာတ် သတ္တုအကြီးစား လုပ်ပိုင်ခွင့် ခွင့်ပြုမိန့် ၁၁ စောင်၊ အသေးစားလုပ်ပိုင်ခွင့် ခွင့်ပြုမိန့် ၂၈ စောင်၊ လက်လုပ်လက်စားထုတ်လုပ်ရန်ခွင့်ပြုမိန့် ၂၀ စောင် စုစုပေါင်း ၅၉ စောင်၊ စမ်းသပ်တိုင်းတာခွင့် ခွင့်ပြုမိန့် ၅၀ စောင် စုစုပေါင်း ၁၀၉ စောင်တို့ကို ထုတ်ပေးထားရှိရာ ယခုအချိန်ထိ ထုတ် ပေးခဲ့သော ခွင့်ပြုမိန့်ရရှိသူများသည်လည်း တိုင်းရင်းသားလုပ်ငန်းရှင်များကြီးသာ ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်တွင် ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်ထုတ်ပေးထားသော ဓာတ်သတ္တုအမျိုးအ စားနှင့် အရေ အတွက်များမှာ ခနောက်စိမ်း ၄၅ ကွက်၊ ကျောက်မီးသွေး သုံးကွက်၊ ထုံးကျောက် ခြောက်ကွက်၊ သံကျောက် တစ်ကွက်၊ မြေစေး နှစ်ကွက်၊ သွပ်ထုတ်လုပ်ရေး တစ်ကွက်၊ အလှဆင်ဂရိုက်နိုက် တစ် ကွက်တို့ ဖြစ်ကြပါကြောင်း၊
သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဓာတ် သတ္တုလုပ်ကိုင်ရန် လျှောက်ထား လာပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့၏ သဘောထားမှတ်ချက် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မြေစာရင်း ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် ကျေးရွာသားများ၏ ထောက်ခံ တင်ပြချက်၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက်ရရှိပြီးမှသာ စိစစ်ပြီး လက်လုပ် လက်စားနှင့် အသေးစားထုတ်လုပ်မှုကို ဝန်ကြီးဌာနမှ တာဝန်ယူ၍လည်းကောင်း၊ အကြီးစားထုတ်လုပ်မှုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတို့သို့ တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုမိန့်များ ထုတ်ပေး နေခြင်း ဖြစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးရာတွင် သတ္တုတွင်းဌာနအောက်ရှိ သက်ဆိုင်ရာသတ္တုတွင်းလုပ်ငန်းများအနေနှင့် ထုတ်လုပ်မှုပေါ်ခွဲဝေမှု ခံစား သည့် စနစ်ဖြင့် စာချုပ်ချုပ်ဆို၍ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထိုသို့ ဆောင်ရွက်ပေးရာမှာ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၁၈ မြန်မာ့သတ္တုတွင်း နည်းဥပဒေ ၈၃၊ ၈၄၊ ၁၁၅ တို့အရ ဓာတ်သတ္တုစမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့်အတွက် ခွင့်ပြုမိန့်ကြေး ပုံသေမြေငှားရမ်းခအတွက် အဆိုပြုငွေတို့ကို လည်းကောင်း၊ ဓာတ်သတ္တု လက်လုပ်လက်စား ထုတ် လုပ်ရန် ခွင့်ပြုမိန့်အတွက် ခွင့်ပြုမိန့်ကြေး ပုံသေမြေငှားရမ်းခနှင် ဓာတ်သတ္တုခွန်တို့ကိုလည်းကောင်း၊ ဓာတ်သတ္တုအကြီးစား၊ အသေးစားထုတ်လုပ်ရန်အတွက် ခွင့်ပြုမိန့်အတွက် ခွင့်ပြုမိန့်ကြေး ပုံသေမြေ ငှားရမ်းခ ဓာတ်သတ္တုခွန်၊ လက်မှတ်ထိုးဆုကြေးငွေနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေမှု အချိုးတို့ကိုလည်း ကောင်း သဘောတူစာချုပ်ချုပ်ဆို၍ ကောက်ခံလျက်ရှိပါကြောင်း၊
ကရင်ပြည်နယ်အတွင်း ဓာတ်သတ္တုလုပ်ငန်း လုပ်ကိုင်ရန်ထုတ်ပေးထားသော ခွင့်ပြုမိန့်များနှင့် စပ်လျဉ်း၍ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ကောက်ခံရရှိသော ချက်အခွန်အခများကတော့ ခွင့်ပြုမိန့်ကြေး ကျပ်သန်း ဝ.၀၈၆ သန်း၊ အဆိုပြုငွေကျပ်သန်း ၆.၆၄၉ သန်း၊ မြေငှားရမ်းခကျပ်သန်း ၇၆.၉၁၈ သန်း၊ ဓာတ်သတ္တုခွန်ကျပ်သန်း ၁၈၉.၉၆၀ သန်း၊ လက်မှတ်ထိုး ဆုကြေးငွေကျပ်သန်း ၁၈.၀၀၀ သန်း၊ ထုတ်လုပ်မှုအပေါ် ခွဲဝေမှုအချိုးကျပ်သန်း ၁၀၂၈.၂၉၈ သန်း စုစုပေါင်း ကျပ်သန်း ပေါင်း ၁၃၁၉.၉၁၁ သန်းလက်ခံရရှိခဲ့ပြီးဖြစ်ပါကြောင်း၊
အဆိုပါ ကျပ်သန်းပေါင်း ၁၃၁၉.၉၁၁ တွင် ဓာတ်သတ္တုခွန်၊ နိုင်ငံခြားငွေ အမေရိ ကန်ဒေါ်လာ ၁၂၁၄၀၄.၇၃၊ ထုတ်လုပ်မှုအပေါ် ခွဲဝေမှုအချိုး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၀၅၇၄၉၀.၇၇ စုစုပေါင်းနိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၇၈၈၉၅.၅၀ တို့ကို ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သို့ ကုမ္ပဏီများမှ တိုက်ရိုက်ပေး သွင်းပြီး သတ္တုတွင်းဝန်ကြီးဌာနမှ ကာလပေါက်ဈေးကျပ်ငွေဖြင့် တွက်ချက်တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ဖြစ်ပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနသည် နှစ်စဉ်ကောက်ခံရ ရှိသော ဓာတ်သတ္တုခွန်နှင့် ပုံသေမြေငှားရမ်းခတို့ကို အခွန်အခ အနေဖြင့်လည်းကောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနသို့ ပေးသွင်းသည့် ခွင့်ပြုမိန့်ကြေး၊ အဆိုပြုငွေ၊ လက်မှတ်ထိုး ဆုကြေးငွေ၊ ထုတ်လုပ်မှု အပေါ်ခွဲဝေမှုအချိုးတို့ကို သာမန်ရငွေအဖြစ်လည်းကောင်း ဖော်ပြပြီး ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ အပြည့်အဝ ပေးသွင်းလျက်ရှိသည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးချက်ကိုလည်း ခံယူ လျက်ရှိပါကြောင်း၊
ကရင်ပြည်နယ်တွင် နိုင်ငံတော်၏ သယံဇာတများကို တရားမဝင်ထုတ်ယူနေမှုများ ကာကွယ်တားဆီးခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီလအထိ ဇာသပြင်တံတား၌ တစ်ကြိမ်၊ ဂျိုင်းတံတား၌ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ခန့်မှန်းတန်ဖိုးကျပ် ၂၄၄၆၅၈ ရှိသော ခနောက်စိမ်း သတ္တုရိုင်း ၁၄၇၃၂ ကီလိုဂရမ် အားဖမ်းဆီးရရှိခဲ့ပြီး သက်ဆိုင် သူများကို လည်း မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၁ ဖြင့် အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊
မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သီးခြားလျာထားသတ်မှတ် ထားခြင်းမရှိသော်လည်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် လုပ်ကွက်အနီး ဝန်းကျင်ဒေသရှိ ပြည်သူလူထုအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးကိစ္စများတွင် တတ်နိုင်သလောက် ဒေသခံများ၏လိုအပ်ချက်များကို ညှိနှိုင်း၍ ကူညီထောက်ပံ့ လှူဒါန်းလျက်ရှိသည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး၊ လူမှုရေး၊ ပညာရေးနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူ ဖြစ်စေပါကြောင်း၊ ယခုအခါ အကြီးစားသတ္တုထုတ်လုပ်မှုပြုလုပ်သော ကုမ္ပဏီများအား အဖွဲ့ အစည်းများ၏ လူမှုရေးဆိုင်ရာတာဝန်ယူမှု (Corporate Social Responsibility-CSR) အတွက် ရန်ပုံငွေနှင့် မိုင်းပိတ်သိမ်းမှု အစီအမံ (Mine Closure Plan)အတွက် ရန်ပုံငွေများ လျာထားသတ်မှတ်ပြီး သီးခြားထားရှိ သုံးစွဲရန်အတွက် သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် ထည့်သွင်း ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာ့သစ်တောသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး စီမံ ဆောင်ရွက်ရာတွင် သစ်ထုတ်လုပ်ခြင်း လုပ်ငန်းများကို မြန်မာ့သတ္တုတွင်းသစ်ထုတ်လုပ်ငန်းမှ သတ် မှတ်လုပ်ထုံးလုပ်နည်းစည်း ကမ်းများနှင့် အညီ ဆောင်ရွက်လျက်ရှိရာ သစ်ထုတ်လုပ်ရာတွင်ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကသစ်ထုတ်လုပ် ကုမ္ပဏီများ ကို ကန်ထရိုက်စနစ်ဖြင့် ဌားရမ်းသည့်နည်းလမ်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းသစ်တောလုပ်ငန်းမှ ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့ နယ်၊ ဖာပွန်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ကောကရိတ်မြို့နယ်များမှ ကျွန်းစစ် ၄၇ တန်၊ သစ်မှာ ၄၈၁၉ တန်၊ ပြည်တွင်းပြည် ပရောင်းအတွက်ထုတ်လုပ်ခဲ့ပြီးဒေသခံ ဒေသဖွံ့ဖြိုးရေးအတွက် သစ်မာ ၆၆၃၁ တန်ထုတ်လုပ်ပေးခဲ့ပြီးဖြစ် ပါကြောင်း
ဒေသဖွံ့ဖြိုးရေးအတွက် ထုတ်လုပ်သောသစ်များကို ကရင်ပြည် နယ်အတွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ စုပေါင်းအစုအဖွဲ့များမှ ပြည်နယ်အစိုးရ၏ ထောက်ခံချက်ဖြင့် ထုတ်လုပ်ပြီး ဒေသအတွင်းဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် ရောင်းချပေးလျက်ရှိပါသည့်အပြင် ကောက်ခံရရှိသည့် သစ်တောအခွန်ငွေများ ကို ပြည်ထောင်စု အစိုးရရန်ပုံငွေသို့ ပေးသွင်းရပါကြောင်း၊
သစ် ထုတ်လုပ်သည့်သစ်များအတွက် သစ်ထုတ်လုပ်ခ ပေးချေငွေနှစ်ရာနှုန်းကို With Holding Tax အဖြစ် ခုနှိမ်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်ငွေပေးသွင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဓါတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းကို သတ္တုတွင်းဝန်ကြီးဌာနက အဓိကစီမံဆောင်ရွက် ခြင်းဖြစ်ပြီး သစ်တောနယ်မြေ(ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ) အတွင်း ဓတ်သတ္တုတူးဖော်ထုတ် လုပ်လိုပါက ပတ်ဝန်းကျင်ထန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနသို့ သဘောထားညှိနှိုင်း ဆောင်ရွက်ပါကြောင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက သတ္တုတူးဖော်မည့်မြေ နေရာတွင် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောဧရိယာအတွင်း ကျရောက်ခြင်းရှိ/မရှိ၊ သဘာဝတောများ၏ အခြေအနေကို ကွင်းဆင်စစ်ဆေး၍ သတ်မှတ်ထားသည့် အချက်များနှင့်အညီ သစ်ပင်ပေါက်မှုနည်းပါးသော တောနိမ့်တော ပျက်မြေများတွင်သာ ပတ်ဝန်းကျင် ထိခိုက်မှုအားနည်း ဆုံးဖြစ်စေမည့် နည်းလမ်းများဖြင့် ဆောင်ရွက် ခွင့်ပြုရန် ပြန်ကြားဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တော နယ်မြေအတွင်း ကျရောက်သော သတ္တုတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုမိန့်ရရှိပါက သစ်တောဦးစီးဌာန အနေဖြင့် တူးဖော်ထုတ်လုပ်သည့် မြေဧရိ ယာအတွက် မြေငှားရမ်းခကိုသာကောက်ခံ၍ နှစ်စဉ်စာချုပ်စနစ်ဖြင့် စည်းကမ်းချက်များ သတ်မှတ်၍ ဆောင်ရွက်ခွင့်ပြုထားကြောင်း၊
ကရင်ပြည်နယ်၊ အတွင်းရှိ သုဇနပွင်းကုမ္ပဏီသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ၁၀-၁၀-၂၀၁၁ ရက်နေ့ စာချုပ်ချုပ်ဆိုလက်မှတ်ရေး ထိုးခဲ့ပြီး။ ပထမအကြိမ် ခွင့်ပြုကာလကို ၂၁-၇-၂၀၁၂ ထိလည်းကောင်း၊ ဒုတိယအကြိမ်ခွင့်ပြုကာလကို ၂၂-၇-၂၀၁၂ မှ ၁၄-၉-၂၀၁၂ ထိ လည်းကောင်း၊ တတိယအကြိမ်ခွင့်ပြုကာလကို ၁၅-၉-၂၀၁၂ မှ ၃၀-၁၀-၂၀၁၄ ထိလည်းကောင်း၊ ခွင့်ပြုမိန့်များ ထုတ်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သတ္တုရောင်းချ ရငွေမှ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းသို့ ၃၀ ရာခိုင်နှုန်းအား အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း၊ သတ္တုတွင်းဦး စီးဌာနသို့ ဓါတ်သတ္တုခွန် ၄ ရာခိုင်နှုန်းအား အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း ပေးသွင်းလျက်ရှိပါကြောင်း၊
ဟောင်သရောအောင်မြေကုမ္ပဏီသည် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားသည့် စနစ်ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ခွင့်ပြုသက်တမ်းကာလကို ၂၈-၁၀-၂၀၁၀ မှ ၂၇-၁၀-၂၀၁၅ ရက်နေ့ထိ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှစ၍ အမှတ်(၁) သတ္တုတွင်း လုပ်ငန်းသို့၃၀ ရာခိုင်နှုန်းအား အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း၊ သတ္တုတွင်းဦးစီးဌာနသို့ ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းအား အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း ပေးသွင်းလျက်ရကြောင်း၊
သဗြု သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီလီမိတက်သည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် သဗြုဒေသမှ ခနောက်စိမ်းတူးဖော်ရန် ပထမအကြိမ်ခွင့်ပြုကာလအနေဖြင့် ၁၂-၁၂-၂၀၀၁ ရက်နေ့မှ ၁၁-၁၂-၂၀၁၁ ရက်နေ့အထိ လည်းကောင်း၊ ဒုတိယအကြိမ် ၁၂-၁၂-၂၀၁၁ ရက်နေ့မှ ၁၁-၁၂-၂၀၁၆ ရက်နေ့အထိ လည်းကောင်း ထုတ်လုပ်ခွင့် ရရှိခဲ့ ပါကြောင်း၊
သဗြုသတ္တုတူးဖော်ရေးကုမ္ပဏီလီမီတက်အနေဖြင့်နိုင်ငံတော်အစိုးရ သို့ အခွန်ပေးသွင်းမှု အနေဖြင့် နှစ်စဉ် နိုင်ငံခြား သို့ တင်ပို့ရောင်းချရငွေမှ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း သို့ ၃၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ သတ္တုတွင်းဦးစီးဌာနသို့ ဓါတ်သတ္တုခွန် ၄ ရာခိုင်နှုန်းအား အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း ပေးသွင်းလျက် ရှိပါကြောင်း သဗြုသတ္တုတူးဖော် ရေး ကုမ္ပဏီလီမိတက်အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ခနောက်စိမ်း သတ္တုရိုင်း တန်ချိန် ၁၁၅၃ တန်၊ ရောင်းချမှုအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ်များမှ ထုတ်လုပ်ရရှိသော ခနောက်စိမ်း သတ္တုများ အပါအဝင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့် ခနောက်စိမ်း ၁၅၂၂ တန်ကို နိုင်ငံခြား သို့ ရောင်းချခဲ့ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ အောက်တိုဘာ လအထိထုတ်လုပ်မှုဖြင့် ခနောက်စိမ်း သတ္တုရိုင်းတန်ချိန် ၃၀၃ တန် ထုတ်လုပ်ခဲ့ပြီး ရောင်းချမှု အနေဖြင့် အဆင့်မြင့် ခနောက်စိမ်း ၄၀၀ တန်နှင့် ခနောက်စိမ်း ထရိုင်အောက်ဆိုဒ် ၂၀၀ တန်ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချခဲ့ပါကြောင်း၊
သစ်တောထွက်ပစ္စည်းများမှ အခွန်ကောက်ခံရရှိမှုမှာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ၅၈၉၃၃၅၀ ကျပ်၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၄၈၅၃၉၀၀ ကျပ် ကောက်ခံရရှိရန် လျာထားရာ ဧပြီလမှ အောက်တိုဘာ လအထိ ၃၅၆၆၆၆၈ ကျပ် ကောက်ခံရရှိခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးသစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သစ် ၇၀၀ တန် ခွင့်ပြု ထားပြီးဖြစ်ပါကြောင်း၊
ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ပညာရေး ကဏ္ဍတွင် ၁၀၄.၄၀ သန်း၊ ကျန်းမာရေးကဏ္ဍတွင် ၁၃၀ သန်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် (၆)သန်း၊ ပညာရေးကဏ္ဍအနေဖြင့် ၃၉၂.၄၀ သန်း၊ ကျန်းမာရေးကဏ္ဍ အနေဖြင့် ၄၁၀ သန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှုလျော့ချရေး လုပ်ငန်းအနေဖြင့် ၂၁၃.၃၄ သန်း အသုံးပြုဆောင်ရွက်ခဲ့ပါကြောင်း၊
ကြာအင်းဆိပ်ကြီးမြို့နယ်၊ စည်ပင်သာယာလုပ်ငန်းအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၁၈၃.၀၄၂ သန်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာရန်ပုံငွေများ သုံးစွဲမှုများမှာ ပြည်ထောင်စုရန်ပုံငွေမှ ၂၀၁၂-၁၃တွင် ကျပ်သန်း ၅၀၀.၀၀၀၀ကို ငွေလုံးငွေရင်း၊ ပြုပြင်ထိန်းသိမ်းရေး ၃၂.၃၅၆၁သန်းနှင့် အထူးပြုပြင်တည်ဆောက်ရေးအတွက် ၂၂၁.၈၁ ပြည်နယ်ရန်ပုံငွေအဖြစ် ၁၃၄၀.၅၂၉ ကျပ်သန်းကိုလည်းကောင်း၊ ဖြစ်ပါတယ်။ ပြည်ထောင်စုရန်ပုံငွေမှ ၂၀၁၃-၂၀၁၄တွင် ငွေလုံးငွေရင်း ကျပ်သန်း ၃၀၀၊ ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၈၇၂.၈၃ ငွေလုံးငွေရင်း ဖြစ်ပြီး အထူးပြုပြင်ရေးအတွက် ၁၇၆၀ ကျပ်သန်း သုံးစွဲပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်း သတ္တုကဏ္ဍနှင့် သစ်တောကဏ္ဍတို့မှ နှစ်စဉ်ကောက်ခံရ ရှိငွေများကို သက်ဆိုင်ရာငွေစာရင်း ခေါင်းစဉ်များအလိုက် ခွဲခြားပြီး ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အပြည့်အဝပေး သွင်းကြရသည့်အပြင် ေငွေစာရင်းများကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးလျက်ရှိပါကြောင်း၊
ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ နိုင်ငံတော်ဘဏ္ဍာငွေမှ ခွဲဝေသတ်မှတ်ပေးပြီး ပြည်နယ်/တိုင်းဒေသကြီးသို့ မိမိတို့ဝန်ကြီးဌာန၏ ရယူငွေမှ ရာခိုင်နှုန်းဖြင့် ခွဲဝေ ပေးခြင်းမရှိပါကြောင်း၊ တရားမဝင် တူးဖော်/ထုတ်ယူ သယ်ဆောင်မှုများကိုလည်း ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ယခုအချိန်အထိ သက်ဆိုင်ရာ ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးပြုလုပ်ငန်းများကို လိုအပ်သလို ပူးပေါင်းညှိနှိုင်းဆောင် ရွက်ပေးနေပါကြောင်း၊ အကြီးစားသတ္တုလုပ်ငန်းများနှင့် ပတ်သတ်ပြီး ရင်းနှီးမြှပ်နှံမှုငွေပမာဏ နှင့် အကျိုး အမြတ်ပေါ်မူတည်၍ လူမှုရေးဆိုင်ရာ တာဝန်ယူမှု အတွက် ရန်ပုံငွေမည်မျှ၊ မိုင်းပိတ်သိမ်းမှု အစီအမံအတွက် ရန်ပုံငွေ မည်မျှ သတ်မှတ်စုဆောင်းပြီး ဒေသခံများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သီးခြားသတ်မှတ် စာရင်း ဖွင့်လှစ်စုဆောင်းရွက်ရေးအတွက် သတ္တုတွင်းဥပဒေနည်းဥပဒေများတွင် ထည့်သွင်းရေး ဆွဲပြဋ္ဌာန်းရေး စီစဉ်လျက်ရှိပါကြောင်းနှင့် ပြင်ဆင်ရေးဆွဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သယံဇာတခွဲဝေပေးအပ်မှုကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
