၄-၁၀-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော အဋ္ဌမအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး လာရောက် ရှင်းလင်းချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများအပေါ်ချေးငွေ များပေးဆပ်ရာ၌ နည်းလမ်းလေး သွယ်ဖြင့်ဖြေရှင်း ခဲ့ပါကြောင်း နောက် ထပ်ပေးဆပ်ရန် ကျန်ရှိသော နှစ်နိုင်ငံမှာ ဒိန်းမတ်နှင့် ကနေဒါနိုင်ငံများ ဖြစ်ပါကြောင်း ပဲလစ်ကရစ်နိုင်ငံ များနှင့် အကြွေးပြန်လည်ပေးဆပ်ရေး သဘောတူညီ ချက်ရရှိပြီးဖြစ် ပါကြောင်းရှင်းလင်း သွားခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ကမ္ဘာ့ ဘဏ်၏သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များကိုရှင်းလင်းရန် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ကြောင်းကို သိရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ပေးဆပ်ရန် ကျန်ရှိသည့်နိုင်ငံများ အရေအတွက်နှင့်နိုင်ငံတစ်ခုချင်း ပေးဆပ်ရန်ငွေပမာဏ မည်မျှရှိသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံ ၁၆ ခုနှင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်း များဖြစ်သော IDA၊ ADB နှင့် OPEC တို့ထံမှ ချေးငွေများချေးယူခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပေးဆပ်ရန် ကျန်ရှိ ချေးငွေပမာဏသည် အမေရိကန်ဒေါ် လာ ၉၅၈၄.၈၉၄ သန်းဖြစ်ပါကြောင်း၊ ပေးဆပ်ရန် ကျန်ရှိနိုင်ငံများ ငွေကြေးအဖွဲ့အစည်း များ၏ စာရင်းများနဲ့ နိုင်ငံတစ်ခုချင်းပေးဆပ်ရန် ကျန်ငွေပမာဏများမှာ IDAမှ ၈၆၂.၅၅၈ သန်း၊ ADBမှ ၆၁၃.၀၅၁ သန်း၊ OPECမှ ၁၈.၁၃၁ သန်း၊ အိန္ဒိယနိုင်ငံမှ ၁၉၃.၈၅၄ သန်း၊ ကိုးရီးယားနိုင်ငံမှ ၄၈.၂၁၁ သန်း၊ ဂျပန်နိုင်ငံမှ ၁၉၂၇.၉၆၃ သန်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ ၅၁.၅၂၅ သန်း၊ မလေးရှားနိုင်ငံမှ ၉၀.၀ သန်း၊ ဆာဗီးယားနိုင်ငံမှ ၁၁.၄၁၃ သန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၄၀၂၈.၁၉၃ သန်း၊ ဂျာမနီနိုင်ငံမှ ၉၂၃.၅၉၆ သန်း၊ ဖင်လန်နိုင်ငံမှ ၃.၄၄၇ သန်း၊ ပြင်သစ်နိုင်ငံမှ ၆၀၀.၅၉၈ သန်း၊ နယ်သာလန်နိုင်ငံမှ ၁၀.၈၈၄ သန်း၊ သြစတြေးယားနိုင်ငံမှ ၁၅၅.၃၄၆ သန်း၊ အင်္ဂလန် နိုင်ငံမှ ၄၄.၂၃၈ သန်း၊ ကနေဒါနိုင်ငံမှ ၅.၁၈၆ သန်း၊ အီတလီနိုင်ငံမှ ၃.၁၇၀ သန်း၊ ဆော်ဒီအားရေဗျနိုင်ငံမှ ၂.၅၃၀ သန်းဖြစ်ပါကြောင်း။ ၃၁-၃-၂၀၁၃ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF၏ ငွေလဲလှယ်နှုန်းအရ တွက်ချက်ထားသော ပမာဏဖြစ် ပါကြောင်း၊ ချေးငွေလက်ကျန်ပမာဏသည် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသောငွေလဲနှုန်း ပြောင်းလဲမှု၊ စာရင်းပိတ် တဲ့နေ့ရှိ ပြည်ပချေးငွေ ထုတ်ယူသုံးစွဲခြင်း၊ အရင်းအတိုးပြန်လည်ပေးဆပ်ခြင်းတို့ကြောင့် ကိန်းဂဏန်း ပြောင်းလဲမှု ရှိနိုင်ကြောင်း၊
ထပ်မံဖြည့်စွက် ရှင်းလင်းလိုသည့်အချက်က ယခုတင်ပြသောနိုင်ငံ ၁၆ ခုနှင့် နိုင်ငံတကာငွေရေး ကြေးရေးအဖွဲ့ အစည်း သုံးခုတို့ထံမှ ချေးငွေများချေးယူပြီးတော့မှ ပေးဆပ်ရန်ကျန်ရှိချေးငွေများသည် ချုပ်ဆိုခဲသော ချေးငွေ စာချုပ်တွေအရ ဆိုင်းငံ့ကာလ၊ ပြန်ဆပ်ကာလများတွင် အတိုးအရင်းများ ပေးဆပ်နေဆဲ ချေးငွေများဖြစ် ကြောင်း၊ ချွင်းချက်အနေနှင့် စာရင်းထဲမှာပါရှိသော Paris Club ဆောင်ရွက်ခဲ့သော ချေးငွေများတွင် ကနေဒါချေးငွေတစ်ခုသာ ကြွေးမှီပယ်ဖျက်ရေး၊ ပေးဆပ်ရေးကာလ ပြန်လည်သတ်မှတ်ရေးကို ဆွေးနွေး လျက်ရှိပါကြောင်းနှင့် ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြပါသည်။
