(စ)-နိုင်ငံတဝှမ်းလုံးရှိရပ်ကွက်/ ကျေးရွာများမှ ရဝတ/ရယက ဥက္ကဋ္ဌများအား ထိုက်သင့်သည့် ချီးမြှင့်မှု ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၆. ၂.၂၀၁၄)

၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တပ်မတော် အစိုးရလက်တွင် ရပ်ကွက်ကျေးရွာငြိမ်ဝပ်အေးချမ်းမှု တည်ဆောက်ရေးအဖွဲ့ ရဝတနှင့် ရပ်ကွက်/ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ရယက  ဥက္ကဋ္ဌများအဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပြီး ယခုအချိန်အခါတွင် အသက်အရွယ် အိုမင်းလာသော အဆိုပါပုဂ္ဂိုလ်ကြီးများအား  ထိုက်သင့်စွာ ချီးမြှင့်ရန် အစီအစဉ် ရှိ/မရှိနှင့် ချီးမြှင့်ပါက မည်သို့ချီးမြှင့်မည်၊ မည်သည့်အချိန်ကာလတွင် ချီးမြှင့်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရနှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရတို့ သည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်ခဲ့ရာ တိုင်းနှင့်ပြည်နယ်များတွင် ရပ်ကွက်ပေါင်း ၃၀၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၄၉ အုပ်စုတို့ကို ဖွဲ့စည်းဆောင်ရွက် ခဲ့ကြောင်းသည်ကို စိစစ်သိရှိရပါကြောင်း၊  အဆိုပါအစိုးရများကာလက တိုင်းနှင့် ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲသော ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌများနှင့်စပ်လျဉ်း၍ ကာလအပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ခဲ့မှုများ၊ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပြစ်မှုဒဏ်ကင်းရှင်းမှု ရှိ/မရှိ၊ လုပ်ငန်းတာဝန်များ ထူးကဲကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းရှိ/မရှိ၊ မည်သည့်ကာလအထိ မည်မျှတာဝန် ထမ်းဆောင်ခဲ့သည်၊ မည်သည့်အတွက်ကြောက် တာဝန်မှရပ်နားခြင်၊ ထုတ်ပယ်ခြင်း၊ နုတ်ထွက်စေခြင်း ရှိခဲ့သည်များကို ယခင်တိုင်းနှင့်ပြည်နယ် ငြိမ်ဝပ်ပိပြားမှုအဖွဲ့များ၊ တိုင်းနှင့်ပြည်နယ် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများရဲ့ စီမံကြီးကြပ်မှုလုပ်ငန်းဖြစ်ခဲ့သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့်တာဝန် ယူဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ နိုင်ငံရေးတာဝန်ထမ်းဆောင်သူများအား နိုင်ငံရေးပင်စင်၊ ဆုငွေ၊ အခြားထောက်ပံ့မှုများကို ချီးမြှင့်နိုင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့မှသာ  ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သူများကို ချီးမြှင့်ရန်အတွက် နိုင်ငံရေးပင်စင်ဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ယခုလက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ချီးမြှင့်ရန် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း ၁၂ တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်သော်လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီတို့လက်ထက်တွင် ရဝတ/ရယက ဥက္ကဋ္ဌများကို ချီးမြှင့်ရန်နှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းထားရှိခဲ့ခြင်းမရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊  ထို့ကြောင့် ယခင်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့လက်ထက်တွင် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိပါသောကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ရပ်ကွက်/ ကျေးရွာများတွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တာဝန်ထမ်းဆောင် ခဲ့ကြသော ရဝတ/ ရယက ဥက္ကဋ္ဌများအား ထိုက်သင့်သည်‌့ချီးမြှင့်မှုများ ဆောင်ရွက်ပေးရန် အစီအစဉ်မရှိ ပါကြောင်း ဖြေကြားပါသည်။