ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ရှိ ဒိုးကုန်းကျေးရွာအုပ်စုနှင့် ဝါးရုံလဟာကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသော ဒိုးကုန်း-သစ်ပုတ်လမ်းသည် မြေသားလမ်းဖြစ်ပြီး ပေ (၁၀၀၀၀) ရှည်လျားပါကြောင်း၊ အဆိုပါလမ်းအား ဒိုးကုန်း၊ ဝါးရုံလဟာ၊ ဝက်ရုပ်၊ ကွင်းသုံးဆင့်ကျေးရွာ လေးအုပ်စုမှပြည်သူများ အားကိုးအားထားပြု သွားလာနေရသောလမ်းဖြစ်ပြီး မြေသားလမ်း ဖြစ်ခြင်းကြောင့် မိုးရာသီကာလတွင် ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ သွားလာရေးနှင့် သီးနှံ ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးတို့တွင် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိပါကြောင်း၊ ဒိုးကုန်း-သစ် ပုတ်မြေသားလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် မြှင့်တင်ဆောင်ရွက် ပေးမည်ဆိုပါက အိမ်ထောင်စု ၁၇၄၇ စုနှင့် လူဦးရေ ၇၂၉၃ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရေကြည်မြို့နယ် ဒိုးကုန်းကျေးရွာနှင့် ဝါးရုံလဟာကျေးရွာအုပ်စုကို ဆက်သွယ်ထားသော ဒိုးကုန်း-သစ်ပုတ်မြေသားလမ်းကို ကျောက်ချော လမ်း အဖြစ် ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရေကြည်မြို့နယ်၊ ဒိုးကုန်းကျေးရွာအုပ်စုနှင့် ဝါးရုံလသည် ကျေးရွာအုပ်စုတို့ ဆက်သွယ်သော ဒိုးကုန်း-သစ်ပုတ်မြေသားလမ်း သည် ၁ မိုင်၊ ၇ ဖာလုံရှိပါကြောင်း၊ ယင်းလမ်းကို ကျောက်ချောလမ်းအဖြစ်ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ၁၀၄ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ချောလမ်းအဖြစ်အဆင့်မြှင်တင်ခြင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုနိုင်ခြင်း မရှိသော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဦးစားပေး တြင်ပြပြီး ရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
