(ဂ)-ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရဇနီးနှင့်သားသမီး များကိုထောက်ပံ့ကြေးပေးရာတွင်တစ်လလျှင်၁၀၀ ကျပ်ထက်မပိုရဟူသော ပြဋ္ဌာန်းထားချက်ကိုခေတ်နှင့် အညီ ပြင်ဆင်ပြောင်းလဲရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၄.၇.၂၀၁၄)

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ဥပဒေအခန်း(၃၆) ပုဒ်မ ၄၈၈ ပုဒ်မခွဲ(၁)တွင် မည်သူမဆို လုံလောက်သော ဥစ္စာအင်အား ရှိလျက်နှင့် မိမိ၏ဇနီးကိုဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေစားသောက်နိုင်ခြင်းမပြုနိုင်သည့် တရားဝင် သို့မဟုတ် တရားမဝင် သားသမီး ကိုဖြစ်စေ၊ ထောက်ပံ့ကြေးမပြုဘဲ ပေါ့လျော့နေလျှင် သို့မဟုတ် ထောက်ပံံ့ရန် ငြင်းပယ်လျှင် ခရိုင်ရာဇဝတ် တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီး တစ်ဦးသည် ထိုကဲ့သို့ ပေါ့လျော့မှု သို့မဟုတ် ငြင်းပယ်မှုအတွက် ခိုင်လုံသောအထောက်အထား ရရှိသောအခါ အဆိုပါပျက်ကွက်သူသည် သူ၏ဇနီး သို့မဟုတ် သားသမီးကို တစ်လလျှင် မိမိသိသည့် ထင်မြင်သည့်အတိုင်း ကျပ် ၁၀၀ ထပ်မပိုသော လစဉ်ထောက်ပံ့ကြေးပေးရန်နှင့် ရာဇဝတ်တရား သူကြီးက အခါအားလျော်စွာညွှန်ကြားထားသည့်အတိုင်း အဆိုပါသူသို့ ပေးရန်အမိန့်ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းဥပဒေတွင် ၁၉၈၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ထောက်ပံ့စေရန် သတ်မှတ်ထားသောနှုန်းထားသည် ကျပ် ၁၀၀ ဆိုသည်မှာ ယနေ့ခေတ်အခါတွင် ငွေကြေးတန်ဖိုးအားဖြင့် များစွာ နိမ့်ကျကွာဟလျက်ရှိပါကြောင်း၊ ၁၉၅၀ ခုနှစ်တွင် အနိမ့်ဆုံးသန့်ရှင်းရေးဝန်ထမ်း တစ်လလျှင်  ၈၀ ကျပ်နှင့် အောက်တန်းစာရေး တစ်လ ၁၂၆ ကျပ် ဖြစ်ပါကြောင်း၊ ထိုအချိန် က တစ်လလျှင် ၅၀ ကျပ်နှင့် စားသောက်နေထိုင်၍ ရရှိခဲ့သည်ဟု ကြားသိရပါကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ဝင်ငွေပြဋ္ဌာန်းချက်အရ တစ်နှစ်လျှင် ဝင်ငွေ ရှစ်ထောင်ကျပ်ထက်ပိုလျှင် အခွန်ထမ်းဆောင်ရပြီး ၁၉၇၆ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ တစ်သောင်းကျော်လျှင် အခွန်ထမ်းဆောင်ရပါကြောင်း၊ ယနေ့တွင် သက်သာခွင့်များကို နုတ်ပြီး တစ်နှစ် သိန်း ၂၀ ကျပ်ကျော်လျှင် အခွန်ပေးဆောင်စရာ မိသားစု တစ်လ ကုန်ကျစရိတ်မှာ ၁၇၀၀၀၀ ခန့်ရှိသည်ဟု သတ်မှတ်ရာရောက်နေပါကြောင်း။ သို့ဖြစ်ပါ၍ ဇနီးနှင့် သားသမီးများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ထောက်ပံ့ကြေးပေးစေရာတွင် တစ်လလျှင် ၁၀၀ ကျပ်ထက်မပိုစေရ ဟူသော ပြဋ္ဌာန်းချက်ကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အစီအစဉ်ဖြင့် မည်သည့်အချိန်တွင် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

အဖြေ

ဇနီးနှင့် သားသမီးများကို ထောက်ပံ့ကြေးပေးခြင်းကိစ္စသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၈ ပုဒ်မခွဲ(၁) ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ပါကြောင်း၊ အဆိုပါပုဒ်မ ၄၈၈ ပုဒ်မခွဲ (၁) သည် ဇနီးနှင့် ကိုယ်တိုင်ရှာဖွေစားသောက်ခြင်းမပြုနိုင်သော တရားဝင် သို့မဟုတ် တရားမဝင်သားသမီးများကို တစ်လတွင် ကျပ် ၁၀၀ ထက်မပိုစေဘဲ ထောက်ပံ့ကြေးပေးနိုင်ကြောင်း ပြဋ္ဌာန်းထား ပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်သည်         ခေတ်ကာလအခြေအနေနှင့် ကိုက်ညီလျော်ခြင်းမရှိဘဲ လွန်စွာနည်းပါးသည်ကို တွေ့ရှိရသည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆိုပါပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ပြုစုရေးဆွဲပြီး ပုဒ်မ ၄၈၈ ပုဒ်မခွဲ (၁) ပါပုဒ်မများအပြင် အခြားလိုအပ်သောပုဒ်မများကိုပါ ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂-၇-၂၀၁၂ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၂၈၀/စု-၉/၂၀၁၂ ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။

ပြည်ထောင်စုလွှတ်တော်ကို တင်သည့်အခါ ယင်းဥပဒေနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က လွှဲအပ်ပေးသည့် နေရာတွင် ပြည်သူ့လွှတ်တော် သို့မဟုတ်ရင် အမျိုးသားလွှတ်တော်ကို လွှဲအပ်ထားသည့်ကိစ္စများ၊ ဂရန်များ ဖြစ်ပါကြောင်းကို သုံးသပ်ပြောကြားသွားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရာသူကြီး ဦးစိုးညွန့်

အမျိုးသားလွှတ်တော်ကို ရောက်ရှိပြီဖြစ်ပြီး ရောက်ရှိပြီးတော့ အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီတွင် မိမိတို့ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဆွေးနွေးပြီး ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်ကို ဆက်လက်ပေးပို့သည်ကို မိမိတို့ မသိရသေးပါကြောင်း ရှင်းလင်းပြောကြားပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ မိမိတို့ ၂၀၁၂ ခုနှစ် ခုနှစ်လပိုင်းက ပြည်သူ့လွှတ်တော်တွင် ယခုကဲ့သို့ဖြေကြားခဲ့ပါကြောင်း၊ ထိုသို့ဖြေသည့်အတွက် ပြည်သူ့လွှတ်တော်၏အဖြေကို ပြည်ထောင်စုလွှတ်တော်သို့ ပို့မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ဖြေထားပါကြောင်း၊ ယင်းကိစ္စသည် အမြန်ဆုံး ပြင်ဆင်ပြဋ္ဌာန်းပေးရန် လိုအပ်သည်ဆိုသည်ကို မိမိတို့ သက်ဆိုင်ရာလွှတ်တော်နှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ ငွေကြေးနှင့်ပတ်သက်သော ကိစ္စမျိုးသည် အလွန်လျော့နည်းနေသည့်အတွက် ပြင်ဆင်ရန် ပြည်ထောင်စုတရားလွှတ်တော်က တင်ပြပြီးဖြစ်ပါကြောင်း၊ ဥပဒေ ပြဋ္ဌာန်းရန် မိမိတို့တွင် တာဝန်ရှိသည့်အတွက် ဆက်လက်ပြီး ဆောင်ရွက်မည့်ကိစ္စဖြစ်သည်ကို အားလုံးလက်ခံနားလည်ရန်နှင့် ဥပဒေအမြန်ပြီးမြောက်ရေးအတွက်လည်း မိမိတို့အားလုံးတွင် တာဝန်ရှိသည်ဆိုသည်ကို အသိပေးပြောကြားသွားပါသည်။