(ဆ)-တည်ဆဲဥပဒေများနှင့်အညီတစ်လုံးတစ်စည်း တည်းရှိသည့်တစ်ခုတည်းသောတောင်သူလယ်သ မားအဖွဲ့အစည်းသို့မဟုတ်အစည်းအရုံးဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ (၃.၇.၂၀၁၄)

မိမိတို့နိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့သည်မှာ ၃ နှစ်ကျော် ၄ နှစ်ကာလသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတို့ကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် ယခုထက်တိုင် တည်ဆဲဥပဒေများနှင့်အညီ တရားဝင်တောင်သူလယ်သမားများ အဖွဲ့အစည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံရေးပါတီတစ်ချို့၊ NGO တစ်ချို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ချို့ကသာ တောင်သူလယ်သမားများအဖွဲ့အစည်းများကို ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းပြီး၊ တောင်သူလယ်သမားများအရေး ဆောင်ရွက်ဖြေရှင်းပေးပါကြောင်း၊ ယင်းအဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းမှုပုံစံများ မတူညီကြသည့်အတွက် လုပ်ထုံးလုပ်နည်းများမှာ ကွဲပြားခြားနားမှုများ ရှိနေကြပါကြောင်း၊  လွတ်လပ်ရေးရစ ဖစပလ အစိုးရလက်ထပ်က အဖွဲ့အစည်းများ အမျိုးမျိုးကွဲပြားနေခြင်းကြောင့် ကျေးလက်နေပြည်သူများအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးတို့တွင် ထိပါးလာမှုများ ရှိနေခဲ့တာကို သင်ခန်းစားယူသင်‌့ပါကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃၈ တွင်လည်းကောင်း၊ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင်တင်ရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ င တွင်လည်းကောင်း၊ တည်ဆဲဥပဒေများနှင့် အညီ တောင်သူလယ်သမားအသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံများဖွဲ့စည်းပေးရင်းနဲ့ပတ်သက်၍ ဖွဲ့စည်းနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ယနေ့တိုင်း တည်ဆဲဥပဒေများနှင့်အညီ စည်းလုံးညီညွတ်သည့် တောင်သူလယ်သမားအဖွဲ့အစည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည့်အတွက် ကျေးလက်နေတောင်သူ လယ်သမားများမှာ အားကိုရာမဲ့နေသည့်အတွက် ပုဂ္ဂိုလ်ရေးအရ အားကိုးရမယ့်သူ အားကိုရမဲ့အဖွဲ့အစည်းကို ရှာဖွေဆောင်ရွက် နေကြရပါကြောင်း၊ ထို့အပြင် နည်းအမျိုးမျိုးဖြင့် လွဲမှားစွာ ဖြေရှင်းနေကြရခြင်းများကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာကာ စိတ်ဝမ်းကွဲမှုများလည်း ဖြစ်ပေါ်လာမည်ကိုစိုးရိမ်ရပါကြောင်း၊ သို့ဖြစ်ပါ၍ တည်ဆဲဥပဒေများနှင့်အညီ တောင်သူလယ်သမားများအဖွဲ့အစည်း သို့မဟုတ် အစည်းအရုံးဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသော တောင်သူလယ်သမားများ၏ လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် “လယ်သမားဘဝ ဝင်ငွေနှစ်ဆတိုးစေဖို့ ဝိုင်းဝန်းကူညီ ရိုင်းပင်းစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းကြီးဖြစ်သော  Seed Production, Training and Education, Research and Development စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အသင်းအဖွဲ့များ ဖွဲ့စည်းရန်အတွက် ကိုယ်တိုင်ဦးဆောင်၍ ဖွဲ့စည်းခြင်းသော်လည်းကောင်း၊ ကိုယ်တိုင်စိစစ် ခွင့်ပြုပေးခြင်းဖြင့် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းမဟုတ်ဘဲ အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ယူစိစစ်ခွင့်ပြုသော ပြည်ထဲရေးဝန်ကြီးဌာနမှ တောင်သူလယ်သမားများနှင့်သက်ဆိုင်သော အသင်းအဖွဲ့များဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက် မေးလာလျှင် ဖွဲ့စည်းမည့်အသင်းအဖွဲ့အနေဖြင့် ၎င်းတို့၏ အသင်းဖွဲ့စည်းပုံ၊ ရည်မှန်းချက်နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့် တောင်သူလယ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်လျက် ဖွဲ့စည်းမှုအပေါ်သဘောထားမှတ်ချက်ပြု ပြန်ကြားပေးရခြင်း ဖြစ်ပါကြောင်း။

မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများကို ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အဆင့်ဆင်‌့တို့နှင့် ချိတ်ဆက်ပြီး တောင်သူလယ်သမားများ၏ အခက်အခဲများကို ဥပဒေနှင့်ညီညွတ်စွာ ဖြေရှင်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တစ်ခုတည်းသော တောင်သူလယ်သမားအဖွဲ့ အစည်းကြီး ဖွဲ့စည်းရန်ကိစ္စမှာ လယ်ယာကဏ္ဍနှင့် ဆက်နွယ်ပတ်သက်သည့် အလွှာအသီးသီးမှ ပါဝင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ထူးခြားသောဝိသေသ အခြေခံ အကြောင်းအရာများအပေါ် မူတည်ပြီး ရပ်ကျေးအဆင့်မှ စတင်ကာ အဆင့်ဆင့်ဖွဲ့စည်းပြီး တိုင်းဒေသကြီး/ပြည်နယ် အဆင့်သို့ ဖွဲ့စည်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ၊ တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင့် တစ်လုံးတစ်စည်းတည်းရှိသော တစ်ခုတည်းသော တောင်သူလယ်သမား အဖွဲ့အစည်းတစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။