ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ လယ်သမား ၅ ဦး ပိုင်ဆိုင်သော လယ်မြေ ၂၅ ဧကအား (န.စ.က)စခန်း အမှတ်(၂၂) ကို ၁၉၉၇ ခုနှစ်ကပင် တဲအဆောက်အဦဆောက်လုပ်ရန် သိမ်းယူထားရှိခဲ့ပါသည်။ သိမ်းယူထားသော မြေဧရိယာအချို့တစ်ဝက်ကို အဆောက်အဦဆောက်ပြီး ခြံစည်းရိုးကာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ခြံစည်းရိုး အပြင်ဘက်မြေများကို လယ်သမားများအား သီးစားချထားပေးခဲ့ပါကြောင်း၊ လယ်သမားများ၏ တင်ပြတိုင်တန်းချက်အရ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲမှ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ တိုင်ကြားသူလယ်သမားများနှင့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့ရာ ကော်မရှင် အစီရင်ခံစာတွင် တပ်ပိုင် အဆောက်အဦ များ ဆောက်လုပ်ထားသော လယ်မြေများမှာ ခေတ်ကာလနှင့် လျော်ညီသော လျော်ကြေးငွေများ ပေးအပ်ခြင်း တစ်စုံတရာမရှိသည့်အတွက် တပ်မှအသုံးမပြုဘဲ သီးစားချထားသည့် လယ်မြေများကို မူလပိုင်ရှင် လယ်သမားများသို့ ပြန်လည်ပေးအပ်သင့်သည်ကို အကြံပြုတင်ပြထားပါကြောင်း၊ ၂၀၁၃ ခုနှစ်က (န.စ.က)ကိုလည်း ရုတ်သိမ်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ လယ်သမားများက သိမ်းဆည်းခံလယ်ယာမြေများကို ပြန်လည်ရရှိခြင်း မရှိသေးသည့်အတွက် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ လယ်သမားများထံမှ (န.စ.က)တပ်စခန်းက သိမ်းယူထားသော မြေများအနက် တပ်ခြံစည်းရိုးပြင်ပရှိ ပိုလျှံသည့်မြေများကို ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်မှ တည်ဆောက်သည့် အချိန်တွင် စခန်းအမှတ် (၂၂) စေတီပြင် တပ်စခန်းတည်ဆောက်ရန် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအုပ်စု ကွင်းအမှတ်(၂၁၅) ဖြည့်ဆည်းခွင့်ရှိ မြေဧက ၂၅ ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ တပ်မြေ၊ တပ်ပိုင်မြေ သိမ်းဆည်းရေး ဆောင်ရွက်ခဲ့သည့်နေရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၇ ခုနှစ်၊ ဇွန်လ ၁၇ ရက် ရက်စွဲပါစာအမှတ်၊ ၄/၁၁/အခ-၂ ဖြင့် မြေ ၁၉.၂၁ ဧကကိုလည်းကောင်း၊ ၂၀၁၀ ခုနှစ်၊ နိုင်ဝင်ဘာလ ၃ ရက်နေ့တွင် စာအမှတ်၊ ၃၀၀၀-၅/၂ ဦး-၁ ဖြင့် မြေ ၅.၂၀ ဧကကိုလည်းကောင်း စုစုပေါင်းမြေ ၂၅ ဧက သိမ်းဆည်းယူရရှိပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏မေးခွန်းပါ မြေနေရာသည် စခန်းဧရိယာအတွင်း၌ တပ်ပိုင်မြေသိမ်းဆည်းခဲ့စဉ်ကပင် ပါဝင်ခဲ့သောမြေဖြစ်ပါကြောင်း၊ ၁၂.၇.၂၀၁၃ ရက်နေ့တွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်းပြီးနောက် ကွပ်ကဲမှုဌာနချုပ် အပါအဝင် တပ်စခန်းအမှတ် (၁) မှ အမှတ် (၂၆) အထိ တပ်ပိုင်မြေနှင့် အဆောက်အဦများအားလုံးကို ၂၃.၁၂.၂၀၁၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနကို လက်အောက်ခံအမှတ်(၁၃) ရဲတပ်ရင်းအား လွှဲပြောင်းပေးပြီး ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါစခန်းအမှတ်(၂၂)၊ အမှတ်(၁၃) လုံခြုံရေးရဲတပ်ရင်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(၃)ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အခြေပြုဆောင်ရွက်နိုင်ရန်အတွက် အဆောက်အဦမြေနေရာများ အခိုင်အမာ တည်ဆောက်ထားခြင်းနှင့် လုံခြုံရေးအတွက် စီမံထားသောမြေနေရာများဖြစ်နေခြင်းကြောင့် ပိုလျှံမြေမရှိပါသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်စောဝေ (ရသေ့တောင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေအရ မပတ်သက်သည့်မြေများကို ပြန်လည်စွန့်လွှတ်ပေးမည်၊ တပ်များမှ သိမ်းထားသည့် လယ်ယာမြေများကို သီးစားချထားခြင်းမပြုလုပ်ရပါကြောင်းနှင့် တပ်အပြင်ဘက်ရှိ မြေများကို ပေးထားမည်ဟူ၍ ပြောထားသည်များ ရှိပါကြောင်း၊ မိမိတို့ သွားရောက်စစ်ဆေးသည့်အခါ တပ်မှာ အပြင်ဘက်သို့ ရောက်နေသည် ကို တွေ့ရှိရပါကြောင်း၊ အသစ်ရောက်လာသော နယ်ခြားစောင့်တပ်ရဲက သီးစားချခတောင်းသည်ဟု ဖုန်းဆက်ပြီး အသိမ်းခံရသည့် လယ်သမားများ ဖုန်းဆက်သော်လည်း သီးစားချခွင့် မရှိသည့်အတွက် လုံးဝမပေးရန် ပြောထားသည့်အတွက် ၂ နှစ်ခန့် ကင်းလွှတ်ခွင့်ရနေပါကြောင်း၊ ၎င်းတို့အနေဖြင့် တပ်အပြင်တွင်လည်း ရသည့်အတွက် ၎င်းတို့မြေကို ပြန်ပြီး လိုချင်နေကြပါကြောင်း၊ အဓိကနစ်နာနေသူများသည် လယ်သမားများဖြစ်သည့်အတွက် ပြန်လည်စိစစ်ပြီး နစ်နာသူ လယ်သမားများကို ပြန်လည်ပေးအပ်ရန် ထပ်မံပြီး သေသေချာချာ စုံစမ်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်
မိမိတို့ စစ်ဆေးရေးကွပ်ကဲမှုအောက်ရှိ စခန်းအားလုံးဖြစ်သည့် အမှတ်(၁) မှ (၂၆)အထိ တပ်ပိုင်မြေအားလုံးကို ပြည်ထဲရေးဝန်ကြီးဌာနအား အားလုံးလွှဲပြောင်းပေးပြီး ဖြစ်ပါကြောင်း။ ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်စားလှယ်တော်ကြီးအနေဖြင့် မေးမြန်းဆောင်ရွက်သွားနိုင်ရန် မိမိအနေဖြင့် အကြံပြုဖြေကြားပါသည်။
မေးမြန်းချက်နှင့် ဖြေကြားချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်ထဲရေးကို မေးပေးပါဟု လွှဲပေးလိုက်ပြီဖြစ်သည့်အတွက် မေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အခုချက်ချင်း ဖြေချင်မှ ဖြေနိုင်မည်ဖြစ်သည့်အတွက် ဒေါ်ခင်စောဝေ၏ ဆက်စပ်မေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မှတ်သားပြီးသည့်အခါ အမြန်ဆုံး ပြန်လည်ပြီး လွှတ်တော်ထဲ တွင် ဖြေရှင်းပေးစေချင်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မူဝါဒအရ တာဝန်ရှိသည့်လူများက လိုက်ပါဆောင်ရွက်ရမည်ဖြစ်သော်လည်း မူဝါဒနှင့်အညီ ဆောင်ရွက်မပေးနိုင်ခြင်းသည် တပ်မတော်အပေါ်တွင်သော်လည်းကောင်း၊ အစိုးရအပေါ်တွင် သော်လည်းကောင်း ပြည်သူများ အထင်လွဲမှားနိုင်သည်ကိစ္စများ ရှိနေမည်ဆိုပါက မိမိတို့လိုချင်သော၊ မျှော်မှန်းသော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် များစွာ အနှောင့်အယှက် ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ဒေါ်ခင်စောဝေ၏ ပထမမေးခွန်းနှင့် ဒုတိယမေးခွန်းပါ ပြည်ထဲရေးဝန်ကြီးဌာနကို တစ်ပါတည်း ပေးပို့ပြီးသည့်အခါ ဆောင်ရွက်ပေးရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနကလည်း နောက်ဆုံးအခြေအနေကို ပြန်လည်ဖြေကြားပေး ရန် ဖြစ်ပါကြောင်း၊ ထို့အတူ ဒုတိယဝန်ကြီးသည်လည်း ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သည့်အတွက် ပို၍ သက်ဆိုင်သည့် ကိစ္စလည်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်ကာလက ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့် မေးမြန်းသည့် ထပ်ဆင့်မေးခွန်း အပေါ် မူတည်ပြီး ဦးဝင်းမြင့်အနေဖြင့် ယခုမေးခွန်းအပေါ် ပြန်လည်ပြီး တိတိကျကျမေးနိုင်ရန် စုံစမ်းပြီး တင်ပြလာသည့် စာများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနကို လွှတ်တော်က လွှဲပေးပြီးဖြစ်ပါကြောင်းနှင့် တစ်ပေါင်းတစ်စည်းတည်း ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်ပြောကြားသွားပါသည်။
