ရှေးယခင်ဘုရင်များလက်ထက်မှ ပြည်သူ့ဟစ်တိုင်များထားရှိခဲ့ပြီး ပြည်သူများသည် ဟစ်တိုင်တွင် လာရောက် တင်ပြသော ကိစ္စများကို ဘုရင်ကိုယ်တိုင်နားထောင်ပြီး လိုအပ်သည်များကို ဖြေရှင်းပေးခဲ့သည့် အစဉ်အလာများ ရှိခဲ့ပါကြောင်း၊ ပါလီမန် ဒီမိုကရေစီကျင့်သုံးခဲ့သော ဖဆပရအစိုးရလက်ထက်တွင်လည်း ရန်ကုန်မြို့ ဗန္ဓုလပန်းခြံအတွင်း ပြည်သူများ တစ်ဦးချင်း လွတ်လပ်စွာပြောဆို တင်ပြနိုင်သော အစီအစဉ်ကို ခွင့်ပြုပေးထားသည့် မှတ်တမ်းများကိုလည်း ဖတ်ရှုရပါကြောင်း၊ ထိုသို့ အစီအစဉ်ပြုလုပ်ရာတွင် ပရိသတ်များမှလည်း အပြန်အလှန်ဆွေးနွေးကြပါကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများသည် သီးသန့်နေရာ သတ်မှတ်ပေး ထားပြီး ပြည်သူအများက မိမိတို့၏ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ တင်ပြဝေဖန် ဟောပြော ဆွေးနွေးမှုပေးခြင်းသည် ဒီမိုကရေစီအစဉ်အ လာကောင်း တစ်ခုဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ဒီမိုကရေစီကျင့်စဉ်ကို ပြည်သူအများ အလေ့အ ကျင့်ကောင်းအဖြစ် ရရှိစေရန် အခွင့်အရေးကို ဖန်တီးဖော်ထုတ်ပေးခြင်းဖြစ်ပါကြောင်း။
England နိုင်ငံ၊ Landon မြို့ရှိ Hyde Park ပန်းခြံသည် ပြည်သူတစ်ဦးချင်းလာရောက်ပြီး လွတ်လပ်စွာတင်ပြ ဟောပြောဆွေးနွေးခွင့် ပြုထားသည့် နေရာတစ်ခုအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြား ပါကြောင်း၊ မိမိကိုယ်တိုင်လည်း Landon ကိုရောက်စဉ်က Hyde Park ပန်းခြံကို သွားရောက်လေ့လာ ခဲ့ရာ ပြည်သူများ ဝင်ရောက်ဆွေးနွေးသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယနေ့ခေတ် ပါတီစုံဒီမိုကရေစီ စနစ် ဖြစ်ထွန်းအောင်မြင်စေရန် ကြိုးစားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် နိုင်ငံသားများ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာဖော် ထုတ်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ ပုဒ်မခွဲ(က)တွင် ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း။
ယနေ့အချိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာစွာ တည်မြဲဖြစ်ထွန်းစေရန် ကြိုးပမ်းအားထုတ်နေ ရာ မြန်မာနိုင်ငံသားများ ဒီမိုကရေစီကျင့်စဉ်နှင့် အလေ့အကျင့်ကောင်းများ စွဲမြဲစွာရရှိစေရန် ဥပဒေနှင့်အညီ အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရသည် ပြည်သူများ တင်မြှောက်ထားသော အစိုးရဖြစ်ပြီး ပြည်သူဗဟိုပြု People Center စနစ်နှင့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်နေသည်ဟု ကြေညာထားရာ ပြည်သူများကို ယူဆချက်၊ ထင်မြင်ချက်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုလေ့ကျင့်နိုင်သော အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် အလေ့အကျင့်များ၊ အခွင့်အရေးများ ပေးမည်ဆိုပါက ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် မိမိတို့တိုင်းပြည်တွင် Rule of Law တရားဥပဒေစိုးမိုးရေးထိခိုက်နိုင်သော မလိုလားအပ်သည့် ဆန္ဒဖော်ထုတ်မှုများ တဖြည်းဖြည်း လျော့ပါး သွားနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (က)နှင့်အညီ မြန်မာနိုင်ငံသားများ ဒီမိုကရေစီကျင့်စဉ်နှင့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ပြီး အထောက်အကူပြုစေရန် မေးမြန်းပါသည်။
ြ
ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ၃၁-၃-၂၀၁၁ ရက်နေ့မှစ၍ ဒီမိုကရေစီနိုင်ငံတော်အဖြစ်ရပ်တည်ခဲ့ပြီး အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံတကာမှ အသိအမှတ်ပြုလာသည့် အပြင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်လျက်ရှိရာ မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်၊ လိုလားချက် များနှင့် ဆန္ဒများသည် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် တူညီနိုင်မည်မဟုတ်ပါကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ခ) အရ နိုင်ငံသားတိုင်း သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသောဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိသည်ဟူ၍ ပြဋ္ဌာန်းထားသည့် အလျောက် နိုင်ငံသားများက ယင်းအခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေ တို့ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဥပဒေအရ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်၊ လိုလားချက်များနှင့် ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်များကို ရယူဆောင်ရွက်နိုင်ပြီး နည်းဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ဖြစ်ပါကြောင်း၊ ပြည်သူများ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လိုက်နာကျင့်သုံးနိုင်ရေးကို စတင်နေချိန်လည်းဖြစ်ပါကြောင်း၊ နိုင်ငံရေးစနစ်တစ်ခုမှ အခြားနိုင်ငံရေးစနစ်တစ်ခုသို့ ကူးပြောင်းရာတွင် ဘေးပယောဂကင်းကင်းဖြင့် အေးချမ်းတည်ငြိမ်စွာ ကူးပြောင်းနိုင်ရန် ပြည်သူများအနေဖြင့် အဆိုပါစနစ်၏ ကျင့်စဉ်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရာစုနှစ်များစွာ ဒီမိုကရေစီစနစ်ကျင့်သုံးနေပြီး ဖွံ့ဖြိုးတိုးတက်မှု ရှိနေသော နိုင်ငံများနှင့် နှိုင်းယှဉ်နိုင်သော ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် London မြို့ရှိ Hyde Park ကဲ့သို့ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများမှ အများစုဝေးအပန်းဖြေသည့် ပန်းခြံကဲ့သို့သော နေရာများ တွင် ပြည်သူတစ်ဦးချင်း၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ တင်ပြနိုင်သောနေရာများကို သီးသန့်သတ်မှတ်ပေးထားပြီး ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ မည်သူမဆိုလာရောက်ပြီး ဟောပြောဝေဖန်ဆွေးနွေးနိုင်မည့် အစီအစဉ်ကို ဖန်တီးဖော်ဆောင်ခွင့်ပြုပေးရန် သင့်လျော်မှုမရှိသေးသည်ကို တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် ပြည်သူဗဟိုပြုစနစ် အဖြစ် ပြည်သူတစ်ရပ်လုံး ဆင်းရဲမှုလျော့ချရေးနှင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်သူတစ်ဦးချင်း ဒီမိုကရေစီစနစ်နှင့်အညီ လိုက်နာဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိနိုင်သေးသည့်အတွက် အဆိုပါ လိုအပ်ချက်များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော အနှောက်အ ယှက်များ၊ ဘေးပယောဂများမှ ကြိုတင်ကာကွယ်နိုင်ရန် ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သတ်မှတ်စည်းကမ်းများနှင့် အညီ မည်သူမဆိုလာရောက်ဟောပြောနိုင်မည့် သီးသန့်နေရာ သတ်မှတ်ဖန်တီး ဖော်ဆောင်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
