(ဂ)-လွှတ်တော်မှဖွဲ့စည်းထားသောကော်မတီများမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့မေးမြန်းခြင်း အပေါ် ပြန်ကြားချက် မရရှိသော ကိစ္စရပ်များအား အသိပေး ပြန်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၆. ၂.၂၀၁၄)

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့နယ်မြေ၏ လိုအပ်ချက်များ၊ မဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒနှင့် တင်ပြချက် များကို လွှတ်တော်ကဖွဲ့စည်းပေးထားသော ကော်မတီများကို တင်ပြခဲ့ကြပြီး ထိုမှတဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများ သို့  ဆက်လက်ကြောင်းကြား ပေးပို့ခဲ့ပါကြောင်း၊ သို့သော်လည်း တင်ပြချက်များ အပေါ် ဝန်ကြီးဌာနများက ဆောင်ရွက် ချက်များရှိသော်လည်း သက်ဆိုင်ရာကိုယ်စားလှယ်ထမှံ ပြန်လည် အကြောင်းခြင်း မရှိသည့်အတွက် ကိုယ်စားလှယ် များအနေနှင့် မဲဆန္ဒရှင်များကို ပြန်လည်အသိပေးရန် အခက်အခဲကြုံတွေမှုများ တွေ့ရှိခဲ့ရပါကြောင်း၊ သို့ပါ၍ ဝန်ကြီးဌာန များအနေဖြင့် ဆောင်ရွက်ချက်များကို သက်ဆိုင်ရာကိုယ်စားလှယ်များထံ  အသိပေးအကြောင်းနိုင်ခြင်းရှိ/မရှိ မေးမြန်းပါ သည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး၊ ဦးစိုးမောင်နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင် ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် Clean Government ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်သူတို့၏တင်ပြစာ၊ တိုင်ကြားစာ၊ အသနားခံစာ၊ အကြံပြုစာများကို တာဝန်ပေးချက်အရ သမ္မတရုံး၊ ဝန်ကြီးဌာန(၂)မှ အဓိကထားဆောင်ရွက် နေပါကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံး လုပ်နည်းအရ လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ တင်ပြသော ဒေသဆိုင်ရာလိုအပ် ချက်ကိစ္စရပ်များ သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှ လွှတ်တော်ရုံးသို့ ပေးပို့ပြီး လွှတ်တော်ရုံးမှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်ပေးပို့မှသာ ဝန်ကြီး ဌာနများမှ လိုအပ်သည့်စိစစ်မှု၊ သုံးသပ်မှုများကို ဆောင်ရွက်ရမှဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့လာသောတင်ပြစာ များ၊ နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်ပြည်သူ့အသံကဏ္ဍ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေး ကော်မရှင်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ စွမ်းဆောင်ရည် အဖွဲ့နှင့် လွှတ်တော်ရုံးမှပေးပို့ လာသောစာများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ၃၁-၁-၂၀၁၄ ရက်နေ့အထိ လွှတ်တော်ရုံး သို့ ပြန်ကြားပြီးအမှုပေါင်း (၁၃၂၈)မှု၊ မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ထံသို့ ပြန်ကြားပြီးအမှုပေါင်း (၃၃၇)မှုနှင့် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်ကဏ္ဍသို့ ပြန်ကြားပြီး အမှုပေါင်း (၂၂၉)မှု ရှိခဲ့ပါကြောင်း၊ ယခုလိုစိစစ်ရာတွင် အချို့သောအမှုကိစ္စများမှာ ကျေးလက်တောရွာအထိ သွားရောက်စိစစ်ရသည်ဖြစ် ရာ နှောင့်နှေးကြန့်ကြာမှုကို အထူးဂရုပြု စေလိုပါကြောင်းနှင့် အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာမရရှိသော ကိစ္စရပ်များနှင့် ပတ်သက်၍ ပေးပို့သည့် စာအမှတ်၊ ရက်စွဲ၊ အကြောင်း အရာ၊ ပေးပို့သည့် ဌာနနှင့် ဖုန်းနံပါတ်များကို လွှတ်တော်ရုံးမှ တိကျစွာဖော်ပြပေးပါက ယင်းကိစ္စအပေါ် ဆောင်ရွက်ထားရှိမှုအား မှန်ကန်စွာ အကြောင်းပြန် ကြားနိုင်မှာ ဖြစ်ကြောင်းဖြေကြားပါသည်။