မိမိအနေဖြင့် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများ၏ သာရေးနာရေး အသင်းပိုင်ဆိုင်သော ၃၅ လမ်းမပေါ်က မြေနေရာနှင့် ပတ်သက်သော၍ မေးမြန်းလိုခြင်း ဖြစ်ပါကြောင်း၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလက မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ အမှတ်(၇၅၄) ဦးပိုင် အမှတ်(၁၁)ကနေ (၂၀)အထိ ၁၀ ကွက်တိတိနှင့် မြေဧရိယာ ၂.၄၆၈ ဧကကို ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေး အသင်း အဆောက်အဦတည်ဆောက်ဖို့ ရည်ရွယ်ချက်ဖြင့် ချထားပေးခဲ့ပါကြောင်း၊ လျှောက်ထားစဉ်က ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေးအသင်း ဆောက်လုပ်ရန်ဟု ရေးသားထားသော်လည်း ဂရန်လျှောက်ထားသူ နေရာသူနေရာတွင် အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းအိုက်ဖုန်း၏ ဇနီး အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ပါကြောင်း။ ဦးစိုင်းအိုက်ဖုန်း၏ ဇနီးဖြစ်သူသည် အဆိုပါမြေကွက်၏ အချို့တဝက်ကို တရုတ်သူဌေး ဦးကျန်းမင်အံ့ကို ရောင်းချ ပေးခဲ့ခြင်း၊ နေအိမ်နှင့် အဆောက်အဦများပါ ဆောက်လုပ်ခဲ့ ခြင်းဖြင့် အလွဲသုံးစားပြုလုပ်ခဲ့ခြင်းတို့ကြောင့် မန္တလေးခရိုင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၆ ခုနှစ်တွင် ၎င်းမြေကွက်၏ ဂရန်အမည်ပေါက်ကို အသင်းအမည်နှင့် ပြန်လည်ပြင်ဆင်ပေးရန်နှင့် အသင်းပိုင်မြေကို အလွဲသုံးစားပြုလုပ်ခြင်းများ တွေ့ရှိရသောကြောင့် အဆောက်အဦး ဆောက်လုပ်ခွင့်အမိန့်များ ပယ်ဖျက်ရုပ်သိမ်းပေးပါရန် စာအမှတ်၊ ၁၀၁/၁၆/ခဝတ-၀၁၁၆ နှင့် ၀၁၁၇ တို့ဖြင့် ညွှန်ကြားခဲ့သော်လည်း သက်ဆိုင်ရာ ကာယကံ ရှင်များက လိုက်နာခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊
ထိုနောက် မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တရားစီရင်ရေးလမ်းကြောင်းအတိုင်း သွားရန် ညွန်ကြားချက်ပေးခဲ့ပါကြောင်း၊ ဒေါ်နန်းခမ်းစိန်အနေဖြင့် မန္တလေးတိုင်းဒေသကြီးတရားရုံးတွင် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း ဆောက်လုပ်ထားသော အဆောက်အဦ များအားလုံး ဖျက်သိမ်းဖယ်ရှားပြီး မြေကို လက်ရောက် အပ်စေလိုမှုနှင့် အသင်းအဖွဲ့၏ အလုပ် အမှုဆောင် ၁၂ ဦးကို စတင်တရားစွဲဆိုခဲ့ပါသော်လည်း မြေကွက်သည် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းဆောက်လုပ်ရန် ချထားပေးသည့်မြေဖြစ်ကြောင်း သက်သေအထောက် အထားများက ခိုင်လုံစွာ ဖော်ပြနေသည့်အတွက် ၎င်းအမှုသည် ပလပ်ခံရကာ တရားရှုံးနိမ့်ခဲ့ပါကြောင်း၊ တစ်ဖန် အသင်းက ဒေါ်နန်းခမ်းစိန် တို့ကို ပြန်လည် တရားစွဲရာ သက်သေများ ခိုင်လုံသောကြောင့် တရား ရုံးအဆင့်ဆင့်က အသင်းကို အနိုင်ပေးခဲ့ပါသည့်အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမြင့်ဆုံးတရားရုံး၏ အနိုင်ဒီကရီကိုပင်ရခဲ့ပါကြောင်း၊
အနိုင်ရဒီကရီကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အမှုစီရင် ဆုံးဖြတ်မှုသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ကို တရားအဆင့်ဆင့်က စွက်ဖက်ခြင်းဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွှတ်ခြင်း မရှိကြောင်း စွပ်စွဲခဲ့ခြင်းကြောင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ထံ လွှဲအပ်ခဲ့ပါကြောင်း၊ ယခုအခါတွင် ခုနစ်လကျော် ကြာမြင့်လာပြီဖြစ်သည့်အပြင် အုပ်ချုပ်ရေး အာဏာပိုင်များက တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်လျက်အသင်း၏ အသင်း၏ မြေကို ခွဲစိပ်ယူကြရန် အမှုဆောင်များကို ခေါ်ယူကာ ဖိအားပေး တိုက်တွန်းလျက်ရှိပါကြောင်း၊ ထို့ကြောင့် (၁) ကော်မတီ၏ လေ့လာသုံးသပ်ချက်ရလဒ် မည်သို့ မည်ပုံရှိသည်ကိုလည်းကောင်း၊ (၂) တရားစီရင်ရေးမဏ္ဍိုင်၏ အမြင့်ဆုံး တရားရုံးက နောက်ဆုံးဆုံးဖြတ်ချက်တစ်ရပ်ကို အုပ်ချုပ်ရေးမဏ္ဍိုင်မှ အကောင်အထည်မဖော်ဘဲ အသင်း၏ အမှုဆောင်အဖွဲ့ဝင်များကို ခေါ်ယူဖိအားပေးကာ တရားရုံးဆုံးဖြတ်ချက်ကို တလွဲ အကောင်အထည်ဖော်ရန် ပြုမူခြင်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဖောက်ဖျက်ရာ ရောက်/မရောက်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်ပြအဆုံးအဖြတ် ခံယူမှုပြု/မပြုကို သိရှိလိုပါကြောင်း မေးမြန်ပါသည်။ ထို့အပြေင် အဋ္ဌမပုံမှန်အစည်းအဝေးကျင်းပစဉ် ဦးခိုင်မောင်ရီက ယင်းကိစ္စနှင့် ပတ်သက်သော မေးခွန်းမေးမြန်းမည့်ရက်မတိုင်မီ တစ်ရက် ညနေပိုင်းတွေင် ဒေါ်နန်းခမ်းစိန်မိသားစုဝင်တစ်ဦးက ဦးကျန်းမင်အန်းတို့ အိမ်ကို ရောက်ရှိလာပြီး ဦးရွှေမန်းက နောက်ထပ်နှစ် ၅၀ အဆီးအတားမရှိ နေခွင့်ပြု လိမ့်မည်ဆိုသော သတင်းစကားကို ပြောကြားခဲ့သည်ဟု ဆိုပါကြောင်းနှင့် ဒေါ်နန်းခမ်းစိန် တို့အသိုင်းအဝိုင်းက ယင်းသတင်းကို ဆက်လက်သတင်းဖြန့်ဖြူးပေးခြင်းကြောင့် ရှမ်းတိုင်းရင်းသားများ အသိုင်းအဝန်းကြား စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်နေပါကြောင်းနှင့် ထိုသို့ အဓိပ္ပာယ်သက်ရောက်သော စကားမျိုးကို ဥက္ကဋ္ဌကြီးအနေဖြင့် ပြောကြားမိခြင်း ရှိ/မရှိကို သိရှိလိုကြောင်းမေမြန်းပါသည်။
မိမိအနေဖြင့် ဦးရဲထွန်း မေးခွန်း နံပါတ် (၁)သည် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် နှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ခြင်းကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဖြေကြားရန်မရှိပါကြောင်း နှင့် မေးခွန်းနံပါတ် (၂)နှင့် စပ်လျဉ်း၍လည်း တရားစီရင်ရေး မဏ္ဍိုင်၏ အမြင့်ဆုံးတရားရုံးက နောက်ဆုံး ဆုံးဖြတ်ချက်တစ်ရပ်ကို အုပ်ချုပ်ရေးမဏ္ဍိုင်မှ အကောင်အထည် မဖော်ဘဲ အသင်း၏ အမှုဆောင်များ၊ အဖွဲ့ဝင်များကိုခေါ်ယူ ဖိအားပေးခြင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်ကို တစ်လွဲ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုတင်ပြဆုံးဖြတ်ခံယူရန်ရှိ/မရှိနှင့် စပ်လျဉ်း၍လည်း မေးခွန်းအမှတ်(၂) နှင့် ပတ်သက်၍ တစ်စုံတစ်ယောက်(သို့) အဖွဲ့ အစည်းတစ်ရပ်ရပ်က တရားရုံးကို တင်ပြခြင်း၊ လျှောက်ထားခြင်း၊ အကြောင်းကြားခြင်း၊ တစ်စုံ တစ်ရာမရှိခြင်းကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြဆုံးဖြတ် ခံယူရန်အကြောင်း ပေါ်ပေါက်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ယင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဦးခိုင်မောင်ရည်(အလုံမဲဆန္ဒနယ်)မှ ဝင်ရောက်ဆွေးနွေးရာတွင်
ဥက္ကဋ္ဌကြီး၏ အမည်ကို အလွဲသုံးစား လုပ်ခြင်း၊ မိမ၏ အမည်နာမကို ပြောခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွှတ်တော်တွင် အမည်နာမများ တိကျခိုင်လုံမှုမရှိဘဲစွပ်စွဲခြင်းကို ကန့်ကွက်ပါကြောင်း၊ လွှတ်တော်၏ လုပ်ထုံးလုပ်နည်း ဥပဒေ၊ နည်းဥပဒေအရလည်း ဆန့်ကျင်ပါကြောင်း၊ လွှတ်တော် တစ်ရပ်တွင် မေးမြန်းပြီး ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်ကို လွဲအပ်ထားခြင်းကြောင့် ယင်းကော်မရှင်က ဆက်လက်ဆောင်ရွက် သွားသည်ကိုသာ ခံယူရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်တွင် အဆိုပါမေးခွန်းကို မေးမြန်းခြင်းနှင့် မတိကျသော စွပ်စွဲချက်များဖြင့် စွပ်စွဲခြင်းကို ကန့်ကွက်ပါကြောင်း တင်ပြသွားပါသည်။
ဦးရဲထွန်း(သီပေါမဲဆန္ဒနယ်)
မိမိပြောဆိုခဲ့သော ကိစ္စရပ်များသည် စာရွက်စာတမ်းနှင့် ရေးသားပြီးမှ တိတိကျကျပြောဆိုခြင်း ဖြစ်ပါကြောင်း၊ ဦးခိုင်မောင်ရည် ကပြောခြင်းဖြစ်သည်ဟု မပါရှိပါကြောင်း၊ ကျွန်တော်တစ်ခွန်းတစ်ပါမှ မပြောပါဘူး။ အဓိကအားဖြင့် ဥက္ကဋ္ဌကြီးက ပြောခဲ့ခြင်းရှိ/မရှိကို ဖြေကြားပေးရန်သာ မေးမြန်းခဲ့ခြင်းဖြစ်ပါကြောင်း ပြန်လည်ပြောကြားပါသည်။
သူရဦးအောင်ကို(ကန်ပက်လက်မဲဆန္ဒနယ်)မှ ယင်းမေးခွန်းဖြေကြားချက်များနှင့် စပ်လျဉ်းပြီး ဝင်ရောက် ဆွေးနွေးပြောဆိုပါသည်။
ယင်းကိစ္စသည် ဦးခိုင်မောင်ရည်က အဆိုတင်၊ မေးခွန်းမေးခဲ့ပြီးမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖြေကြားခဲ့ရာတွင် မိမိအနေဖြင့် ဝင်ရောက် ဝင်ရောက်ဆွေးနွေးခဲ့သော ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ယင်းမြေကွက်ကို မြေကွက်ကို ခွင့်ပြုမိန့်ပေးတာသည် မန္တလေးတိုင်းဒေသကြီး၊ (နဝတ) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည် (အငြိမ်းစား)က နေပြီး ပေးခဲ့တာဖြစ်ပါကြောင်း၊ ယနေ့အထိ ဥက္ကဋ္ဌကြီးနှင့် ၎င်း၏ ရုံးအဖွဲ့များ ရှိနေပါသေးသည့်အပြင် မန္တလေးမြို့သစ်ဖော် ဆောင်ရေးအဖွဲ့လည်း ရှိနေပါသေးကြောင်း၊ ထို့ကြောင့် ဒေါ်နန်းခမ်းစိန်သို့ပေးခြင်း ဟုတ်/မဟုတ်၊ ရှမ်းတိုင်းရင်းသားများသို့ ပေးခြင်း ဟုတ်/မဟုတ်ဆိုသည်ကို ၎င်းတို့ ထံသို့ မေးမြန်းကြည့်နိုင်ပါကြောင်း၊ မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သော အုပ်ချုပ်မှု ကိစ္စရပ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆုံးဖြတ်ရခြင်းကြောင့် ပြည်ထဲရေးဝန်ကြီး ဌာနက လည်း တရားလွှတ်တော်အဆင့်ဆင့် ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် သက်ရှိ ထင်ရှားရှိနေသေးသော မန္တလေးတိုင်းဒေသကြီး၊ (နဝတ)ဥက္ကဋ္ဌကြီး၏ ရုံးအဖွဲ့များကို ပြန်လည်မေးမြန်းကြည့်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဦးရဲထွန်း (သီပေါ)
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးကတင်ပြ လျှောက်ထားခဲ့သူရှိမှဟူ၍ ဖြေသွားသည်ကို သတိထားမိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ခုံရုံးကို တင်ပြနိုင်တဲ့ပုဂ္ဂိုလ်သည် ခုနစ်ဦးသာရှိခြင်းကြောင့် သာမန်ပြည်သူများ လျှောက်ထားခွင့် မရှိနိုင်ပါကြောင်း၊ တရားရုံးကဆုံးဖြတ်လိုက်သည့် အမိန့်တစ်ခုကို အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းက ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခု တရားမမှုတွင်လည်း ဒေါ်နန်းခမ်းစိန် တို့က ် မြေဖယ်ရှားရန် ဒီဂရီကျပြီး မဖယ်ပေးပါက အုပ်ချုပ်ရေးပိုင်းအနေဖြင့် အင်အားသုံးပြီးဖယ်ရှားစေခြင်းများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊
အုပ်ချုပ်ရေးပိုင်းက သဘောထားကွဲနေပြီး အကြောင်းအမျိုးမျိုးပြပြီး မလုပ်ပေးဘူးခြင်းကြောင့် ရှမ်းတိုင်းရင်းသားများ သာရေး/နာရေးအသင်းက ဒီဂရီကို သက်တမ်းမကုန်ရန် သက်တမ်းတိုးနေရပါကြောင်း၊ တရားရုံး အဆုံးအဖြတ်ကို အကောင်အထည မဖော်နိုင်ပါက တရားဥပဒေကို ရိုသေလေးစားလိုက်နာဖို့၊ ဥပဒေစိုးမိုးမှုအတွက် များစွာ အခက်အခဲရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အုပ်ချုပ်ရေးပိုင်းကမဆောင်ရွကပါက မိမိတို့ ဘာဆက်လုပ်ရမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးစိုးညွန့် (တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)
တရားရုံးအဆင့်ဆင့်ကတော့ ဥပဒေနှင့်အညီ သက်သေထွက်ချက်များ၊ ဥပဒေကြောင်းဆိုင်ရာများ အပေါ်၊ လေ့လာသုံးသပ်ပြီးတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်ထိအောင် ဆုံးဖြတ်ချက်ချပြီး ဖြစ်ပါကြောင်း၊ မေးခွန်းနှင်ပတ်သက်ပြီး တရားရုံးချုပ်ကချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ဇာရီမှု အဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းမျိုးရှိပါကြောင်း၊ သို့သော် အင်အားသုံးပြီး ဆောင်ရွက်ရန် အခြေအနေမပေးခြင်းကြောင့် ယခုချိန်ထိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်းဖြစ်ပါကြောင်း၊ ရှမ်းတိုင်းရင်းသားများဘက်ကလည်း မိမိတို့ ဆောင်ရွက်ရန် အချိန်လေးလ တောင်းထားသည့်အတွက် ဆိုင်းငံ့ပေးထားခြင်းကို မေးခွန်းထဲတွင် တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် တရားလွှတ်တော်ချုပ်အနေနှင့် တင်ပြချင်တာကတော့ တရားရုံးအသီးသီးက ဥပဒေနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေပြင်ပက ဖိအားပေးခြင်း၊ တွဲဖက်ခြင်းမျိုးကို လက်ခံမည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ မေးခွန်းဖြေကြားချက်များအပေါ် သုံးသပ် ဆွေးနွေးရာတွင်-
လွှတ်တော်ဥက္ကဋ္ဌ ဖြေရန်တာဝန်ရှိပါကြောင်း လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် အများရှေ့တွင်ဘဲ ယင်းကိစ္စကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ လွှဲပြီး ကော်မရှင်၏ သုံးသပ်အကြံပြုချက်အရ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်သာ ပြောကြားမည်ဖြစ်ပါကြောင်း၊ ပြဿာနာကိုဖြေရှင်းရာတွင် ဥပဒေလုပ်ထုံး လုပ်နည်းနှင့် အညီသာ ဆောင်ရွက်ရန် ပြောကြားမည်သာ ဖြစ်ပါကြောင်း၊ ထို့ပြင် နာမည်ပါဖြင့် ပြောဆိုမှုများသည် ဥပဒေအရသော် လည်းကောင်း၊ လုပ်ထုံးလုပ်နည်းအရသော်လည်းကောင်း၊ ကျင့်ဝတ်အရသော်လည်းကောင်း ပြောဆိုရန် သင့်မသင့်ဆိုသည်များကို ပြန်လည်သုံးသပ်ဖို့ လိုပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များပီပီ မိမိတို့၏ အကျင့်သိက္ခာသီလများကိုလည်း လိုက်နာဆောင်ရွက်ဖို့လိုကြောင်း၊ မူလမေးခွန်းထက်ကျော်လွန်သော မေးခွန်းထက် ကျော်လွန်သော မေးမြန်းမှုမျိုးနှင့် လွှတ်တော်ထဲရောက်သည့်အခါမှ ဦးရွှေမန်း အဖြေပေးပါဆိုသည် ပြေဆိုမှုမျိုးများသည်လည်း မှန်ကန်ခြင်း ရှိ/မရှိ ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းရာတွင် မူလမေးထားသည့်အကြောင်း အရာမှတပါး ကျန်သည့်မေးခွန်းများကို မမေးရန် လွှတ်တော်ကို သတိပေးကြေညာပါကြောင်းဖြင့် ပြောကြားပါသည်။
ဦးရဲထွန်း (သီပေါမဲဆန္ဒနယ်)
မေးခွန်းမေးမြန်းရန် ကြိုတင်ထားရှိသည့်အခါတွင် မပါသောမေးခွန်းကို ထပ်ဆင့် မမေးရဘူးဆိုသည်မျိုး မပါရှိပါကြောင်း၊ ယခုအချက်သည်လည်း မေးခွန်းတင်ပြီးမှ ထပ်မံရရှိလာခြင်းဖြစ်ပြီး ဥက္ကဋ္ဌကြီး၏ ဂုဏ်သိက္ခာကို ထိခိုက်မည် စိုးရိမ်ခြင်းကြောင့် မေးတာဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌကြီးအနေဖြင့် မိမိကိုရည်ရွယ်ပြီး ကန့်ကွက်သည်ဆိုပါက မိမိက အဆိုပါ ကန့်ကွက်ချက်အပေါ် ကန့်ကွက်ပါကြောင်း ပြောကြားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က သုံးသပ်ပြောကြားပါသည်။
လွှတ်တော်နည်းဥပဒေ ၁၄၄(က)အရ ထပ်ဆင့်မေးခွန်းမေးမြန်းနိုင်သော်လည်း ယခုကဲ့သို့ မေးမြန်းခြင်းမျိုးသည် တစ်ပါတည်း မေးမြန်းခြင်းဖြစ်ခြင်းကြောင့် ဥပဒေ၊ နည်းဥပဒေအရ မှန်ကန်စွာဆောင်ရွက်ရန် ဖြစ်ပါကြောင်းနှင့် ကန့်ကွက်ချက်ကို ပယ်ချပါကြောင်း ပြောကြားပါသည်။
ဥပဒေကြမ်းကော်မတီ၊ အတွင်းရေးမှူး ဦးစောလှထွန်း
လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးမြန်းခွင့်ကို နည်းဥပဒေ ၁၄၁၊ ၁၄၂၊ ၁၄၃တွင် ပြဋ္ဌာန်းထားပါကြောင်း၊ မေးခွန်း မေးခွင့်မပြုခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၁၄၂ တွင် ဥက္ကဋ္ဌသည် မေးခွန်းတစ်ရပ်ရပ်ကို လက်ခံခွင့်ပြုရန် သင့်/မသင့် စဉ်းစားရာ၌ ဤနည်းဥပဒေများနှင့်ညီညွတ်မှုမရှိလျှင် မေးခွန်းတစ်ခုလုံးကိုသော် လည်းကောင်း၊ မေးခွန်း၏ အစိတ်အပိုင်းကို သော်လည်းကောင်း ခွင့်မပြုရ။ ထို့အပြင် မေးခွန်း မေးမြန်းပိုင်ခွင့်ကို အလွဲသုံးစားပြုသည်ဟုလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုဖြစ်စေ လွှတ်တော်၏အစဉ်အလာများ၊ ထုံးတမ်းများကိုဖြစ်စေ ဖောက်ဖျက်သည်ဟု သော်လည်းကောင်း၊ လွှတ်တော်၏လုပ်ငန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိပါးစေသည်ဟုသော် လည်းကောင်း ယူဆလျှင် မေးခွန်း သို့မဟုတ် မေးခွန်း၏အစိတ်အပိုင်းကို ခွင့်မပြုရလို့ ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ကြောင့် မူလမေးခွန်းမှာမပါတွင် မပါဝင်ခဲ့သော အချက်များကို ဖြည့်မေးခြင်းသည် မည်သို့ပင်အကြောင်းပြချက်ရှိသော်လည်း မေးခွန်းမေးမြန်းပိုင်ခွင့်ကို အလွဲသုံးစားပြုသည်နှင့် ကိုက်ညီသောကြောင့် ဥက္ကဋ္ဌကြီး၏ ဆုံးဖြတ်ချက်သည် ကိုက်ညီပါကြောင်း တင်ပြပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က သုံးသပ်ပြောကြားပါသည်။
ဘာပဲလုပ်လုပ် Supreme of Law အတိုင်းသာဖြစ်ရမည်ဖြစ်ကြောင်း။ ဥပဒေလုပ်ထုံးလုပ်နည်းကို သေသေချာချာလေ့လာ၍ မိမိ၏ ဆန္ဒကို ဦးစားမပေးသင့်ပါကြောင်း၊ ကိုစားလှယ်များအနေဖြင့် မိမိတို့၏စေတနာများကို မှန်ကန်စွာကျင့်သုံးရာတွင် လုပ်နည်းလုပ်ဟန် မှန်ကန်ရမည်ဖြစ်ခြင်းကြောင့် သတိနှင့် ဆင်ခြင် ဆောင်ရွက်မှသာ လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာများ ဆက်လက်မြင့်မားမည် ဖြစ်ကြောင်းကို လွှတ်တော်သို့ တင်ပြပါသည်။
