မော်လမြိုင်မြို့မှ ချောင်းဆုံမြို့နယ်သို့ဆက်သွယ်ပြီး ၆၆ KVA လျှပ်စစ်မဟာဓာတ်အားလိုင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်ရန် သက်ဆိုင်ရာတို့က တာဝန်လွှဲအပ်ထားကြောင်း သိရှိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါဓာတ်အားလိုင်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် စတင်တည်ဆောက်ရန်လျာထား သတ်မှတ်ထားသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဘဏ္ဍာရေးနှစ် ပထမခြောက်လကာလအတွင်း ဆောင်ရွက်ရန် လုပ်ငန်းများကို ရာခိုင်နှုန်း မည်မျှပြီးစီးအောင် ဆောင်ရွက်ထားရှိပြီးဖြစ်သည်ကို သိရှိလိုကြောင်းနှင့် ဓာတ်အားလိုင်းလုပ်ငန်း တစ်ခုလုံးပြီးစီးရန် မူလက ကတိကဝတ်ပြုထားသော ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ကာလ အတွင်း အမှန်တကယ်ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ ဆိုသည့်ကိစ္စကိုလည်း ဒေသခံများက သိရှိလိုပါကြောင်း။
ထို့နောက် မော်လမြိုင်နှင့် ချောင်းဆုံးမြစ်ကူးတံတားဆောက်လုပ်ရေးစီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာ ရေးနှစ် ပထမခြောက်လတွင် အကြိုလုပ်ငန်းအဖြစ် လေ့လာမှုလုပ်ငန်းများ နေရာရွေးချယ်ခြင်း၊ တိုင်းတာခြင်း၊ စမ်းသပ်ခြင်းများနှင့် တံတားဒီဇိုင်းပုံစံအား အတည်ပြုချက်ရယူခြင်းများနှင့် ရာသီဥတု အခြေအနေများအပေါ်တွင် လည်းကောင်း စိစစ်သုံးသပ်၍ မည်သည့်လုပ်ငန်းတွင် လုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ကိုလည်းကောင်း၊ မြစ်ကူးတံတား တစ်စင်းလုံးဆောက်လုပ်ရာတွင် မူလပြီးစီးရန် လျာထားသောအချိန်ကာလတွင် ပြီးစီးနိုင်ဖွယ်ရှိ/မရှိ တို့ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မော်လမြိုင်မှချောင်းဆုံမြို့သို့ လျှပ်စစ်ဓါတ်အားပို့လွှတ်မည့် ၆၆ KVA လျှပ်စစ်မဟာဓါတ်အားလိုင်းရဲ့ အုတ်မြစ်တိုင်များ ဆောက်လုပ်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်း အပ်နှံထားရှိပါကြောင်း၊ အဆိုပါ မြစ်ကျော်လျှပ်စစ်တာဝါတိုင် ၅ တိုင်၏ အုတ်မြစ်အတွက် ၁.၅ မီတာအချင်းရှိ ဘိုးပိုင် အလုံး ၁၀၀ ဆောင်ရွက်ရန် ခန့်မှန်းစီမံကိန်းတန်ဖိုးသည် ကျပ်သန်း ၃၄၀၀ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အပ်ငွေကျပ်သန်း ၃၅၀ ရရှိခဲ့ပြီး ဘိုးပိုင် ၁၄ လုံးဆောင်ရွက်ရမည့်လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ဒီဇင်ဘာလဆန်းတွင် ကျပ်သန်း ၁၀၀၀ ထပ်မံအပ်နှံခြင်းကြောင့် ဘိုးပိုင် အလုံး ၄၀ ထပ်မံ တူးရန်ရှိပြီး ယခု ဘဏ္ဍာရေးနှစ်အကုန်တွင် ပြီးစီးအောင်ဆောင်ရွက်သွားမှာဖြစ်ပါပါကြောင်း၊ ကျန်လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ထပ်မံလိုအပ်ငွေ ကျပ်သန်းပေါင်း ၂၀၅၀ ကို ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ချထားနိုင်ပါရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ အကြောင်းကြား ထားပြီး လုပ်ငန်းများပြီးစီး အောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ထို့နောက် သံလွင်တံတား(ချောင်းဆုံ) စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ပထမ ၆ လတာ ကာလ အတွင်း တံတားအူကြောင်းနေရာရွေးချယ်ခြင်း၊ ပင်မတံတား၊ ချဉ်းကပ်တံတားနှင့် ချဉ်းကပ်လမ်း အရှည်များ တိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်း၊ တံတားဒီဇိုင်းပုံစံထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပင်မတံတားကို J & M Steel Solution ဂျပန်ကုမ္ပဏီဖြင့် ခေတ်မီ သံမဏိသံပေါင် (Steel Arch) ဖြင့် တည်ဆောက်ရန် ညှိနှိုင်းထားပြီး ဖြစ်ပါကြောင်းနှင့် မွန်ပြည်နယ်အတွက် ခေတ်မီတံတားတစ်စင်းဖြစ်လာမည်ဖြစ်သည့်အပြင် မွန်ပြည်နယ်၏ Landmark သဖွယ်လည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မူလရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ရရှိခဲ့ပြီးနှင့် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၃၀၀၀ကိုလည်းကောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မူလရန်ပုံငွေကျပ်သန်း ၁၀၀၀၀ ကိုလည်းကောင်း တင်ပြတောင်းခံထားပါကြောင်း၊ တံတား၏ အရှည်သည် ၁၅၈၆ မီတာဖြစ်ပြီး တံတားတစ်စင်းလုံးအတွက် ခန့်မှန်းစီမံကိန်း တန်ဖိုးသည်ကျပ်သန်း ၆၀၁၇၀ ဖြစ်သောကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရရှိမည့့််ရန်ပုံငွေသည် တံတားတစ်စင်းလုံးပြီးရန် လိုအပ်သသော ရန်ပုံငွေ၏ ၂၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ တံတားတစ်စင်းလုံး ပြီးစီးနိုင်ရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါ ပြန်လည်ဖြေကြားပါသည်။
